သေဒဏ်ပေးခံရသူများအတွက် လက်တုံ့ပြန်သည့် အနေဖြင့် အင်းစိန်ထောင် ဂိတ်ပေါက်အား မြို့ပြပြောက်ကျားအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

ဒီမိုကရေစီအရေးတိုက်ပွဲဝင်ခဲ့ကြသည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို စစ်ကောင်စီမှ သေဒဏ်ပေးခဲ့ခြင်းအတွက် လက်တုံ့ပြန်ခြင်းအနေဖြင့် ယနေ့ ဇူလိုင်လ ၂၅ ရက် ညနေ ၆နာရီ မိနစ် ၃၀အချိန်ခန့်တွင် အင်းစိန်ထောင် ဂိတ်ပေါက်အား မြို့ပြပြောက်ကျားအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အင်းစိန်ထောင် ဂိတ်ပေါက်အား သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများကို မသိရသေးကြောင်း ဆိုသည်။
“အင်းစိန်ထောင် ဂိတ်ပေါက်က ရထားလမ်းဘေးက အပေါက်ကိုပြောတာပါ။ ပစ်ခတ်တိုက်ခိုက်မှုကို အားတော့မရဘူး။ ကျတော်တို့မှာရှိတာနဲ့လုပ်ရတော့ ဒီထက်ထိခိုက်မှုပေးချင်တာ။” ဟု YGRGအဖွဲ့ဝင်က ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို Yangon Ghost Ranger Force(Y.G.R.F) မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်တော့ တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သူများ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ကာ ဘေးလွတ်ကင်းရာနေရာသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
မစ်ရှင်ပြုလုပ်ခဲ့သော Yangon Ghost Ranger Force နှင့် အမည်တူအဖွဲ့တစ်ဖွဲ့ ယခင်က ရှိခဲ့ဖူးပြီး ယခုအခါတွင် ၎င်းအဖွဲ့မှ တော်လှန်ရေးအဖွဲ့သားများအားလုံးမှာလည်း အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရလျက်ရှိသည်။
ယနေ့ ပြုလုပ်ခဲ့သော (Y.G.R.F) မှ တိုက်ခိုက်မှုဖြစ်စဉ်နှင့် ထောင်တွင်း ဖမ်းဆီးခံရဲဘော်များမှာ သက်ဆိုင်မှုမရှိကြောင်း လည်း သိရသည်။mizzima