အကျဉ်းသား ၄ ဦး ကွပ်မျက်ခံရမှုကို မကျေနပ်၍ အင်းစိန်တွင် ထောင်ဆူပူမှုဖြစ်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်နှင့် အခြားနှစ်ဦး ကွပ်မျက်ခံရမှုကို မကျေနပ်၍ ယနေ့ (ဇူလိုင် ၂၅) နံနက်က အင်းစိန်အကျဉ်းထောင်တွင် ဆန္ဒပြကြသူများ ရိုက်နှက် တိုက်ပိတ်ခံရသည်ဟု ထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ 

သေဒဏ်ကျအကျဉ်းသားတို့ကို ကွပ်မျက်သည့် သတင်းများ အင်းစိန်ထောင်အတွင်း ပျံ့နှံ့ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများက ဆန္ဒပြခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

“စစ်တပ်အရာရှိတစ်ယောက် ရောက်နေတယ် ကြားတယ်။ တိုက်ထဲက ဆူတဲ့သူတွေကို ဆွဲထုတ်ပြီး သူ့ရှေ့မှာတင် ရိုက်နှက်နေတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

အင်းစိန်ထောင်ရှိ အကျဉ်းထောင်ဝန်ထမ်းများကို ပြင်ပနှင့် အဆက်အသွယ်ဖြတ်ထားပြီး ထောင်တွင်းအခြေအနေကို အသေးစိတ် သိရှိရန် ခက်ခဲနေသည်ဟု ၎င်းက ဆက်ပြောသည်။

“၁၅ယောက်လောက်ရှိမယ် စစ်ခွေး (တိုက်) ကို ပို့ထားတယ်။ ထောင်ကိုလည်း Lockdown (အသွားအလာ ပိတ်ဆို့ကန့်သတ်မှု) ပြန်ချမလားမသိဘူး။ တခြားအဆောင်တွေ မကူးအောင် ထောင်လှန့်ဖို့ Stand by (အသင့်) စောင့်နေကြတယ်၊ မျှော်စင်တွေမှာပါ Stand by  ချထားတယ်။ ရုံးထုတ်တွေကို ပြန်သွင်းဖို့လည်း ခက်နေတယ်” ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။ 

အင်းစိန်ထောင်တွင်း ထောင်ဆူပူမှုအခြေအနေများနှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာနကို ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ 

လျှို့ဝှက်ကွပ်မျက်သည့်သတင်း ထောင်တွင်း ပေါက်ကြားသည့်အတွက် စစ်တပ်က မကျေနပ်၍ အင်းစိန်ထောင်သို့ ရောက်ရှိလာပြီး ထောင်ဝန်ထမ်းများနှင့် နိုင်ငံရေးအကျဉ်းသားများကို စစ်ဆေးခဲ့ရာမှ ထောင်ဆူပူမှု စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“ ထောင်ကို Lockdown ချထားတဲ့အတွက် တရားရုံးကြားနာဖို့ အပြင်ထွက်သွားတဲ့ အထဲက အကျဉ်းသားတွေက ထောင်ထဲ ပြန်ဝင်လာလို့ မရသေးဘူး။ ဘယ်လိုလုပ်မလဲတော့ မသိဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

ယမန်နှစ်ကတည်း ဖမ်းဆီးခံထားရပြီး ဦးဂျင်မီ၊ ဦးဖြိုးဇေယျောသော်နှင့် ကျန်နှစ်ဦးကို သေဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများတွင် ယနေ့  (ဇူလိုင် ၂၅) တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

သေဒဏ်ပေးပြီးဖြစ်သော ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦး၏ ရုပ်အလောင်းများကို ထုတ်မပေးနိုင်ကြောင်း ထောင်အာဏာ ပိုင်က မိသားစုဝင်များကို ယနေ့မနက်တွင် ပြောဆိုခဲ့သည်။ 

အင်းစိန်ထောင်အာဏာပိုင်တို့သည် နိုင်/ကျဉ်းများကို ပစ်မှတ်ထားကာ နည်းမျိုးစုံဖြင့် ဖိနှိပ်နေပြီး အခက်အခဲများကို ဖြေရှင်းပေးရန် တောင်းဆိုသည့် ထောင်တွင်းဆန္ဒပြပွဲများကို အကြမ်းဖက် ရိုက်နှက်ခြင်းဖြင့်သာ ဖြေရှင်းလေ့ရှိသည်။ 

ဇူလိုင် ၁၈ က ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဥက္ကဋ္ဌ ကျောင်းသားခေါင်းဆောင် ကိုခန့်သူအောင်ကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့သည်။ 

ထိုနေ့မှာပင် အာဇာနည်နေ့အထိမ်းအမှတ် ဂါရဝပြုရန် ခွင့်တောင်းခဲ့သည့် ကိုဖြိုးထူးအောင်နှင့် ကိုဟိန်းထက်အောင်တို့ နှစ်ဦး အပြင်းအထန် ရိုက်နှက်ခံရပြီး တစ်ဦး တိုက်ပိတ်ခံရကာ တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ပြီး ဆေးကုသနေရသည်။

စစ်ကောင်စီက ဖမ်းဆီးထားသူ ၁၁၇၅၉ ဦးအထိ ရှိနေပြီး ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ ၁၁၇ ဦးအထိ ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၂၂ တွင် ထုတ်ပြန်ထားသည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s