ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးအား အလေးနီပြုကြောင်း ICNCC ထုတ်ပြန်

စစ်ကောင်စီက သေဒဏ်ပေးစီရင်ခဲ့သည့် ဦးကျော်မင်းယု (ခေါ်) ကိုဂျင်မီ ၊ ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ အ ပါအဝင် နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ့လွတ်မြောက်ရေးအတွက် အသက်ပေး စွန့်လွှတ်ခဲ့ကြသူများအားလုံးကို အလေးနီပြုလိုက်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က ယမန်နေ့ ဇူလိုင်လ ၂၅ရက်နေ့တွင် ထုတ်ပြန်သည်။
ဇူလိုင်လ ၂၄ရက်နေ့တွင် ထုတ်ဝေသည့် စစ်ကောင်စီ၏ သတင်းစာများတွင် “သေဒဏ်ကျခံမည့် အကျဉ်းသားလေးဦးအား ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း” သတင်းရေးသားဖော်ပြချက်အား ဖတ်ရှုသိရှိရသဖြင့် များစွာ တုန်လှုပ်မိကြောင်းဆိုသည်။
အထူးသဖြင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၏ ကျန်ရစ်သူမိသားစုဝင်များ ၊ မိဘဆွေမျိုးများ နှင့် ထပ်တူ များစွာဝမ်းနည်းကြေကွဲရပါကြောင်းဖော်ပြထားသည်။
ယခုကဲ့သို့ ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း သတင်းရေးသား ဖော်ပြချက်အတိုင်း မှန်ကန်ပါက ယင်းလုပ်ရပ်သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလိုလားကြသည့် ပြည်သူများ၏ ဆန္ဒသဘောထားကို မျက်ကွယ်ပြု ငြင်းပယ်လိုက်ခြင်းဖြစ် ကြောင်း ဆိုသည်။
ထို့ထက်သာမက စစ်ကောင်စီအနေဖြင့် နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အထွေထွေနိုင်ငံရေး အခြေအနေကို တရားမျှတစွာ ဖြေရှင်းလိုစိတ်မရှိဘဲ ရက်စက်ယုတ်မာစွာ ဖိနှိပ်ဖြေရှင်းရန် ဆန္ဒရှိကြောင်း ထပ်မံ၍ အတိအလင်းဖော်ပြနေခြင်းပင်ဖြစ်ကြောင်း ရေးသားထားသည်။
စစ်ကောင်စီ၏ ယခုလုပ်ရပ်အပေါ် ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်းနှင့် ယခုကဲ့သို့ ပြုမူဆောင်ရွက်ခြင်းအားဖြင့် ချင်းလူမျိုးများ အပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ စစ်ကောင်စီအပေါ် ဆန့်ကျင်တော်လှန်လိုစိတ် ပိုမိုနက်ရှိုင်း ကျယ်ပြန့်လာဖို့သာရှိပြီး ရှေ့ဆက်မြန်မာနိုင်ငံ၏ အခြေအနေသည် ပိုမိုဆိုးရွားလာဖို့သာရှိကြောင်း အလေးအနက် သတိပေးထုတ်ပြန်ထားသည်။
Zomi Federal Union ကလည်း ယခုကဲ့သို့စီရင်ခဲ့မှုအပေါ် လွန်စွာအံ့ဩ စိတ်ထိခိုက်ရပြီး ကျန်ရစ်သူမိသားစုဝင်များ ၊ မိဘဆွေမျိုးများနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲရပါကြောင်း အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့အာဏာ ရရှိရေးအတွက် ယုတ်မာရက်စက်မှုများကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကာ ပြည်သူများအား အကြောက်တရားဖြင့် ဖိနှိပ်နိုင်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
India for Myanmar လှုပ်ရှားမှုကလည်း မတရားနည်းဖြင့် ပြည်သူ့အာဏာကို သိမ်းရန် ကြိုးစားနေသည့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် ယနေ့တိုင် တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရသကဲ့သို့ နောင်လာမည့်အနာဂတ်တွင်လည်း အုပ်ချုပ်နိုင်မည်မဟုတ်ကြောင်း ရေးသားထား သည်။
ထို့အပြင် လူထုလူတန်းစား အားလုံးပါဝင်သည့် တော်လှန်ရေး၏ ကြံ့ခိုင်သော စုစည်းအားဖြင့် မကြာသောကာလတွင် အကြမ်းဖက်စစ်တပ်သည် ချွတ်ခြုံကြ သန္ဓေပျက်သွားတော့မည်ဖြစ်ကြောင်း အပြည့်အဝယုံကြည်သည်ဟု ဖော်ပြထားသည်။
ဤကဲ့သို့ သေဒဏ်ချမှတ်ခြင်းအပေါ် အနယ်နယ်အရပ်ရပ်မှ တော်လှန်ရေးတပ်ဖွဲ့များ၏ နှလုံးသားတွင် ရင့်သီးနာကျင်ခံစားရပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် အာဏာရှင်အမြန်ဆုံး အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ပိုမိုအားစိုက် လုပ်ဆောင်သွားကြရန်လိုအပ်ကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) အနေဖြင့် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ mizzima