Monthly Archives: Jul 2022

အမာမြို့တွင် ကင်းစောင့်ရန် တအိမ် ၆၀၀၀ စစ်ကောင်စီကို ပေးနေရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက ကင်းစောင့်ဖို့အတွက် တအိမ် ၆၀၀၀ ကောက်ခံတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ တာဝန်ခံတွေက ဇူလိုင် ၁၉ ရက်နေ့ကစပြီး ဒေသခံပြည်သူတွေကို ကင်းကြေးလိုက်လံကောက်ခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ခုက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရှိတဲ့အုပ်အပြင် ကျေးရွာတာဝန်ခံဆိုပြီး ထပ်လုပ်လာတာ၊ ပျူစောထီးတို့ ပြည်သူ့စစ်တို့ အကုန်ပါတယ်။ သူတို့က ကျေးရွာကာကွယ်ရမယ်ဆိုပြီး ကင်းစောင့်ခိုင်းတာ၊ တနေ့ ၃ အိမ်စောင့်ရတယ်၊ စောင့်ဖို့ဆိုပြီး တအိမ် ခြောက်ထောင်တောင်းတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ကင်းစောင့်ဖို့ဆိုပြီး ခွဲတမ်းအလိုက် တနေ့ကို ၃ အိမ်သတ်မှတ်ထားပြီး ကင်းကြေး ၆၀၀၀ ကတော့ ကင်းဝင်စောင့်လည်း ပေးရတယ်လို့ ဆိုပါတယ်။ 

ကျေးရွာတွေမှာ ကင်းစောင့်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေအုပ်ရုံးကနေ ညွှန်ကြားထားတာဖြစ်ပြီး အလားတူဖြစ်စဉ်မျိုး မော်ကျွန်းမြို့နယ်မှာလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ DVB

မြင်းမူမြို့နယ်၊ မူးမန္တလေးကျေးရွာကို စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး PDF စခန်းရှိသည်ဟုဆိုကာ စစ်အင်အားအများအပြား လေ ကြောင်းဖြင့် ချထား၊ ပြည်သူတချို့ ဖမ်းဆီးခံထားရပြီး အမြောက်အမြား ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးကျေးရွာကို အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်လျက်ရှိပြီး PDF စခန်းရှိသည်ဟုဆိုကာ လေကြောင်းဖြင့် စစ်သား အများအပြားချထားသဖြင့် ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင် ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စစ်တပ်က စစ်ရဟတ်ယာဉ် ၂ စီးဖြင့် မူးမန္တလေးကျေးရွာကို ပစ်ခတ်ခြင်း ဖြစ်ကြောင်း ၊ စစ်သားများကိုလည်း အခြားရဟတ်ယာဉ် ၂ စီးဖြင့် ချထားကြောင်း သိရှိရသည်။

“အခု မြင်းမူမြို့နယ်၊ မူးမန္တလေးရွာကို ရဟတ်ယာဉ်နှစ်စီးနဲ့ပစ်တယ်။ PDF စခန်းရှိတယ်ဆိုပြီး လာတိုက်တာ။ ရွာကလူတွေအကုန်ပြေးနေရတယ်။ စစ်ကိုင်း ဆားတောင်မြို့နဲ့ မြင်းမူက မူးမြစ်ပဲခြားတာ။ အရှေ့ဘက်ကမ်း အနောက်ဘက်ကမ်းပေါ့။ အဲဒါ မူးမြစ်ဟိုဘက်ကမ်း ဆားတောင်မြို့ဘက်က ညောင်ပင်ရှည်၊ တလိုင်းကျွန်း၊ မူးသားရွာတွေလည်း ပြေးနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က အဓိက ထား ပစ်ခတ်တိုက်ခိုက်နေသည့် မူးမန္တလေးကျေးရွာသည် တောင်ရွာနှင့်မြောက်ရွာ ဟူ၍ နှစ်ရွာပေါင်းစည်းထားခြင်းဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်ရှိကြောင်း၊ မူးမန္တလေး ကျေးရွာအနီးပတ်ဝန်းကျင်မှ ကျေး ရွာအားလုံးလည်း နေအိမ်များ စွန့်ခွာထွက်ပြေးနေရကြောင်း သိရှိရသည်။

မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့လည်း “မြင်းမူ၊စစ်ကိုင်း နယ်စပ် မူးမန်းလေး၊ ကျောက်ဖျာရွာကို စစ်ရဟတ်ယဥ်နှင့် ပစ်ခတ်နေကြောင်း၊ မူမန်းလေးဘက်တွင် ရဟတ်ယဥ်ဖြင့် စစ်သားများ ချထားကြောင်း” ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကိုင်းမြိုနယ်နှင့် မြင်းမူမြို့နယ်အတွင်းရှိ မူးမြစ်ကမ်းဘေး ကျေးရွာများကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းရော၊လေယာဉ်စစ်ကြောင်းပါ အသုံးပြုပြီးယနေ့ ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်အထိ ပစ်ခတ်နေဆဲဖြစ်ကြောင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခံရသည့်ကျေးရွာများတွင် မူးမန္တလေး၊ ကျောက်ဖျာ၊ အင်းမ၊ မူးသာ၊ တလိုင်းကျွန်း စသည့်ကျေးရွာများပါဝင်ကြောင်း သိရှိရသည်။

“ဘာတွေ သတင်းရထားလို့မှန်းမသိဘူး ။ စစ်ကောင်စီကတော့ မနက်(၉)နာရီကျော်က စတင်ပြီး ရဟတ်ယာဉ် ၅ စင်းနဲ့ ထင်တိုင်းကျဲ ပစ်ခတ်နေတယ်။ ပိတ်မိသူတွေလည်းရှိတယ်။ ဘာတွေဖြစ်လို့ ဘာတွေဖြစ်မလဲတော့ လောလောဆယ်မသိရနိုင်သေးဘူး” ဟုဒေသခံတစ်ဦးက ဆိုသည်။

ကျေးရွာများကို စစ်ရဟတ်ယာဉ် ၅ စီးဖြင့် လာရောက်ပစ်ခတ်ရာတွင် ၃စီးက ပစ်ခတ်ပြီး ကျန် ၂ စီးက မြေပြင်တွင် အင်အားချကြောင်း သိရှိရသည်။

“မြေပြင်စစ်ကြောင်းကတော့ မြင်းမူမြို့နယ် ကံပြားကျေးရွာကနေ ဝင်လာတဲစစ်ကြောင်းရယ်၊လေယာဉ်ကတော့ ရွှေဘိုနဲ့ မုံးရွာဘက်ကနေလာပြီးပစ်ခတ်တာ” ဟု မြင်းခြံ Zero ပြောက်ကြားတပ်ဖွဲ့မှ ကိုသက်ကြီးက ပြောသည်။ khit thit

ချမ်းမြသာစည်မြို့နယ် စစ်ကောင်စီခန့်ရာအိမ်မှူး ဓားဖြင့်ထိုး သေနတ်ဖြင့်ပစ်ခံရပြီး နေအိမ်ပါဗုံးခွဲခံရ

မန္တလေး ချမ်းမြသာစည်မြို့နယ်ထဲက စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦး၊ ယနေ့နံနက်ပိုင်းတွင် ဓားဖြင့်ထိုး၊ သေနတ်ဖြင့်ပစ်ခံရပြီး နေအိမ်ပါဗုံးခွဲခံရကြောင်း သိရသည်။

“ဒလန်အုပ်ကြီးမိုးဆွေလို့ပြောရင် ဒီဘက်မှာလူတိုင်းသိတယ်၊ အရင်တစ်ခါကလည်း သူဆိုင်ထဲရှိနေတုန်း တစ်ခါအပစ်ခံရဖူးတယ်၊ ဒီနေ့တော့ဓားနဲ့၀င်ထိုးပြီး သေနတ်နဲ့လည်းပစ်သွားတယ်၊ ပြီးတော့ အိမ်ကို ဗုံးနဲ့ပါထုသွားတာ” ဟု အခင်းဖြစ်နေရာအနီး ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

ထိုသို့တိုက်ခိုက်ခံခဲ့ရသူမှာ ချမ်းမြသာစည်မြို့နယ် ဦးပွားဘုရားအနောက်ဘက် ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်အမှတ်(၅၀၃)မှ စစ်ကောင် စီခန့် ရာအိမ်မှူးဦးမိုးဆွေဆိုသူဖြစ်ပြီး အသက်အန္တရာယ်မှ လွတ်မြောက်သွားကြောင်း သိရသည်။

“လူကမသေဘူး၊ နန်းတွင်းထဲ သယ်သွားတာတွေ့လိုက်ရတယ်၊ ဗုံးပေါက်တော့ သူ့သမီးက ဘေး၀န်းကျင်ကို ဓားနဲ့ထွက်ရမ်းသေးတယ်၊ အခု သူတို့အိမ် မှာ စစ်သားတွေရောက်နေတယ်” ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။

၎င်းအား မည်သည့်အဖွဲ့ကပစ်ခတ်သွားခြင်းဖြစ်ကြောင်းတော့ မသိရသေးဘဲ လက်ရှိတွင် ဦးပွားခုံးကျော်တံတား၀န်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ကကင်းပုန်းများချထားပြီး မထင်လျှင်မထင်သလို ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။ mizzima

အာဏာသိမ်း ၁ နှစ်ခွဲအတွင်း စစ်တပ်က ပြည်သူ ၂၁၂၃ ဦးကို ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ပေါင်း ၁၄၈၈၃ ဦးရှိ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၂၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၈၈၃ ယောက် ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၇၉၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၄၈ ယောက်ကတော့ ထောင် ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၆၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ အရပ်သား ၃ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့မနက် ၈ နာရီလောက်က မြစ်ခြေမြို့မှ ကိုဇာနည်ထွန်း ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) လို့ စွပ်စွဲပြီး မြစ်ခြေ-စဘေကားလမ်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပခုက္ကူ-ရေစကြိုကားလမ်းဘေးမှာ နေထိုင်တဲ့ ကိုသက်ဇော်ဦး(ခ) ကိုသက်ကိုလည်း PDF တွေကို ငွေကြေး ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ပခုက္ကူမြို့ အမှတ် ၆ ရက်ကွက်မှာလည်း ခရီးသွားပြည်သူ ကိုဇော်မျိုးထွဋ်ရဲ့ လက်ကိုင်ဖုန်းကို ပေါက်ရွှေပြည်ခရီးသည်တင်ယာဉ်ပေါ်မှာ စစ်ဆေးပြီး မမှန်သတင်းတွေ ရေးသားဖြန့်ဝေတယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

ရေဦး၊ ကုန်းတန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူပိုင် နေအိမ် ၂၀ ကျော်ပြာကျ၊ ကုန်းကြီးရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ကုန်းတန်းရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂၄ ရက်နေ့ ည ၇ နာရီခန့်တွင် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များ အပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် စပါးများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျွဲ၊ နွားများကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကာ ကုန်းတန်းရွာနှင့် ၁မိုင်ခန့်ဝေးသော ကုန်းကြီးရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး ပေါ်ကျရောက်ခဲ့ကာ ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ညပိုင်း ၇ နာရီလောက်မှာ အိမ်ခြေ ၁၀၀ သာရှိတဲ့ ဘုန်းကြီးကျောင်း တောင်ဘက်က ကုန်းတန်းရွာကို ဝင်ပြီး မီးရှို့သွားပါတယ်။ နေအိမ်တွေကို ကွပ်ကြား ရှို့သွားတာမို့ ရွာရဲ့ နေရာတိုင်းက မီးခိုးတွေ ထွက်လာတော့ အဝေးက ကြည့်နေတဲ့ ရွာသူ၊ရွာသားတွေက တစ်ရွာလုံး ကုန်ပြီ ထင်နေကြတာပါ။ မိုးရွာလိုက်လို့ ထင်ပါတယ်။ မီးလောင်သွားတာက စုစုပေါင်း အိမ်ခြေ ၂၀ ကျော်လောက်ပဲရှိတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုန်းတန်းရွာသို့ မရောက်မီ ညနေ ၄ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် စစ်ကြောင်း အထိနာကာ ပြည်သူပိုင်နေအိမ်များနှင့် ပစ္စည်းများကို မီးရှို့ ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

မန္တလေးတွင် အိမ်စီးကားအား လုယက်ကာ မောင်းနှင်လာသူအား သတ်ဖြတ်

မန္တလေးမြို့တွင် အိမ်စီးကားမောင်းလာသည့် လူငယ်တစ်ဦး ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခန့်တွင် ကားလုယက်ခံရပြီး သတ်ဖြတ်ခံလိုက်ရကြောင်း သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ စွယ်တော်ဘုရားအရှေ့ဘက် ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၁၃၈ လမ်းနှင့် ၁၃၉ လမ်းကြားတွင် ကားလုယက်ခံရမှုက တစ်ဆင့် လူပါအသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“ စက်မှုဇုန်ဘက် ပစ္စည်းသွားယူစရာရှိလို့ဆိုပြီး အိမ်ကနေထွက်သွားတာ။ ပြန်လာချိန်တန်တဲ့အထိ ပြန်မလာလို့ သူ့မိသားစုကလိုက်စုံစမ်းတော့မှ အသတ်ခံရမှန်းသိတာ။ ကားလုရုံတင်မဟုတ်ဘူး လူပါသတ်သွားတယ်” ဟု နီးစပ်သူတစ်ဦးကပြောသည်။

သေဆုံးသူသည် အမရပူရမြို့နယ်၊ မြစ်လောင်းကျေးရွာမှ အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်းလည်း ဆိုသည်။

“ လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ အလောင်းတစ်လောင်း တွေ့ရကြောင်းဆိုပြီး လူမှုရေးအသင်းတစ်ခုက ပို့စ်တင်တော့မှ သိရတာ။ အလောင်းကမှောက်လျက် အနေအထားနဲ့ မျက်နှာတစ်ခုလုံးလည်း ဖူးယောင်နေတယ်။ ပြည်သူတွေဘ၀က မလုံခြုံတော့ဘူး ” ဟု သေဆုံးသူ၏ ရုပ်အလောင်းအား ဆေးရုံပို့ဆောင်စဉ် တွေ့မြင်ခဲ့ရသူ တစ်ဦးကလည်း အတည်ပြုပြောသည်။

မန္တလေးမြို့တွင် စစ်အာဏာသိမ်းခံရပြီးချိန်မှစ၍ လုယက်ဓားပြတိုက်မှုတို့ မကြာခဏဖြစ်ပွားနေပြီး ယခုနောက်ပိုင်းလုယက်မှုတချို့တွင် ပစ္စည်းယူပြီးလူသတ်သည်အထိ အတင့်ရဲလာကြောင်း ဒေသခံများထံက သိရသည်။ mizzima

တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၁၄ ဦးထပ်မံတွေ့ရှိ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၄ ယောက် ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက် အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၄၅၈ ခုကို စစ်ဆေးခဲ့ချိန်မှာ အတည်ပြုလူနာသစ် ၁၄ ယောက် တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၂၆ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ မရှိတာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၃၄ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၁၃,၉၈၀ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၂,၈၃၆ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့   ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားသတင်းထုတ်ထားပါတယ်။

အရှေ့တောင်အာရှဒေသတွင်းမှာလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ၂၀ ရာခိုင်နှုန်းနဲ့ သေဆုံးမှု ၁၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း လူနာသစ်တွေ့ရှိမှု မြင့်တက်လာချိန်မှာ   ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ B.A.5 နဲ့ B.A.4 ဖြစ်ပွားနှုန်း များပြားလာခြင်းတို့ ဆက်စပ်မှု ရှိနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီးတယ်လို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက်တွေကို နေ့စဉ်ထုတ်ပြန်နေတာကို တွေ့ရပြီး ခုရက်ပိုင်းမှာတော့ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်း လောက်တောင် မရှိတော့ဘဲ သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာတာကြောင့် မတ် ၁၆ ရက်က စတင်ကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၁ နှစ်ခွဲနီးပါးကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက် ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ အကြမ်းဖက်စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်း ချုပ်၊ ကုသမှု လုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ လက်ရှိအချိန်ထိ အသက် ၁၈ နှစ်အထက် လူဦးရေသန်း ၃၀ ကျော် ထိုးနှံပြီးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ DVB

ဒီးမော့ဆို၊ ဒေါငံခါးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို Local PDF နှင့် မဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ ဇူလိုင်လ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်-ဒီးမော့ဆို က သတင်းထုတ်ပြန်သည်။

ဒေါငံခါးကျေးရွာရှိ အများပြည်သူပိုင်နေအိမ်များတွင် ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ယမန်နေ့ မွန်းလွဲ ၃ နာရီ ၂၀ ခန့်တွင် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲသည် ၁ နာရီကျော် ကြာမြင့်ခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကို DMO-Local PDF၊ အလယ်ပိုင်းတိုင်းလက်အောက်ရှိ ၁၁၀၂ တပ်ရင်းနှင့် ၁၁၀၆ တပ်ရင်းမှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီမှ ဒီမိုကရေစီ ရဲဘော် ၄ ဦးဖြစ်သော ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးသူရဇော်နှင့် ဦးလှမျိုးအောင်အား ကြိုးမိန့်ဖြင့် အသေသတ်ဖြတ်ခဲ့ခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO-Local PDFအနေဖြင့် လုံးဝလုံးဝလက်သင့်မခံနိုင်ကြောင်းနှင့် အ ကြမ်းဖက်စစ်အာဏာရှင်စနစ် ကျရှုံးသွားသည့်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ထုတ်ပြန်ထားသည်။ khit thit

ပင်းတယ ထွေအုပ်ရုံးအား ချိုးဖြူပြောက် ကျားတပ်ဖွဲ့ ဗုံးပစ်တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)က ဇူလိုင်လ ၂၆ ရက်တွင် ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထိုကဲ့သို့ ဗုံးပစ်တိုက်ခိုက်ခဲ့သော်လည်း ပစ္စည်းအမှားအယွင်းကြောင့် ဗုံးပေါက်ကွဲခြင်းမရှိခဲ့ကြောင်း ဆိုသည်။

” ၎င်းထက် နှစ်ဆ ပြင်းသော ဗုံးဖြင့် ပြန်လာတိုက်ခိုက်သွားမည်ဖြစ်ပြီး ထွေအုပ် Non ဝန်ထမ်းများ (Non CDM) အနေဖြင့် ထိုနေရာမှ အမြန်ဆုံး ရှောင်ရှားကြရန် သတိပေးလိုက်သည်” ဟု JPGF က သတိပေးထားသည်။

ထို့အပြင် ပင်းတယမြို့နယ်ရှိ စစ်ကောင်စီအလိုကျဆောင်ရွက်နေသော ထွေအုပ်ဝန်ထမ်းများနှင့် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် ၁၅ ရက်အတွင်း နုတ်ထွက်ကြရန်ကိုလည်း နောက်ဆုံးအကြိမ် သတိပေးကြောင်း JPGF က ဆိုသည်။

စစ်ကောင်စီလုံခြုံရေးနှင့် CCTV များသည် ၎င်းတို့၏လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပေးနိုင်မည်မဟုတ်သည့်အပြင်၊ အသက်ကိုကယ်ပေးနိုင်မည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်သတိပေးရေးသားခဲ့သည်။

ထို့ကြောင့် သတိပေးကြေညာချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိသည့် အုပ်ချုပ်ရေးမှုများအား လုံးဝ (လုံးဝ) ခွင့်လွှတ်ပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင်ဆက်လက် ဖော်ပြထားသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်များအပါအဝင် ၎င်းတို့နှင့် ဆက်နွှယ်သောနေရာ၊ ဌာနများ၊ ပျူစောထီးများ၊ ၎င်းတို့၏ဒေါက်တိုင်များနှင့် ပတ်သက်ဆက်သွယ်ခြင်း လုံးဝ မပြုလုပ်ကြရန် JPEG က မေတ္တာရပ်ခံခဲ့သည်။ mizzima

« Older Entries