ကျုံပျော်မြို့တွင် ကြိုးပေးခံရသူ ၄ ဦးအတွက် NLD အလံများစိုက်ထူ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင် ဦးဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ဦးလှမျိုးေအာင်နှင့် ဦးအောင်သူရဇော်တို့ လေးဦးအတွက် ဝမ်းနည်းခြင်း အ ထိမ်းအမှတ်အဖြစ်ရည်ရွယ်ကာ ယနေ့ ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင် NLD အလံများ စိုက်ထူခဲ့ကြကြောင်း အမည်မဖော်လိုသူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယနေ့ နံနက် ၇ နာရီခန့်က ကျုံပျော်မြို့ အင်းရဲလမ်းပေါ် အောင်ဆန်းရပ်ကွက်အနီးရှိ
NLD ရုံးရှေ့ ၊ အောင်ဆန်းတာသစ်လမ်းနှင့် မြို့ပတ်လမ်းမပေါ်တို့တွင် NLD အလံများစိုက်ထူခဲ့ခြင်းဖြစ်သည်။
ထို့နောက် စစ်ကောင်စီတပ်သား ခြောက်ဦးက နံနက် ၉ နာရီခန့်တွင် လိုက်ထရပ်ကားတစ်စီးဖြင့် ကျုံပျော် အင်ရဲလမ်းမပေါ်ရှိ အလံများအားဖြုတ်သိမ်းသွားကြောင်းသိရသည်။
သို့သော် မြို့ပတ်လမ်းမပေါ်ရှိ အလံများကိုမူ နေ့လယ် ၁ နာရီအချိန်အထိ ဖြုတ်သိမ်းခြင်းမရှိသေးကြောင်း PDF တပ်ဖွဲ့ဝင်က ဆိုသည်။
NLD အလံများစိုက်ထူအပြီး ယနေ့နံနက်ပိုင်းအချိန်မှ နေ့လယ်ပိုင်းအချိန်အထိ ကျုံပျော်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့်ရဲများ ခြေရှုပ်နေခဲ့သည်ဟု ဒေသခံများက ပြောသည်။ mizzima