ချင်းတွင်းမြစ်အတွင်း စစ်ရေယာဉ်အုပ်စု ၂ ရက်ဆက် တိုက်ခိုက်ခံရ၍ သေဆုံးသူများပြား

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာသော စစ်ကောင်စီ မော်တော်ယာဉ်တန်းအား နှစ်ရက်ဆက် တိုက် ခိုက်ခံရပြီး ဆလင် (ရေယာဉ်မောင်း) အပါအဝင် စစ်ကောင်စီတပ်သား အများအပြားသေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ် မတော် (Chindwin Attack Force) တပ်ရင်း (၃) တပ်ခွဲ (၂) Mahauurar Dragon PDF မှ ထုတ်ပြန်သည်။
ဇွန်လိုင်လ ၂၅ရက် နံနက် ၇နာရီ ၁၅မိနစ်အချိန်တွင် အလုံမြို့ မင်းဒေါင့်ဆိပ်ကမ်းမှ ဆန်တက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား ကင်း အုပ်စုရွာများ မရောက်မီ ကြားဖြတ်၍ ပွိုင့်လေးခုထားပြီး လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မဟာမိတ်တပ်ပေါင်းစုမှာ အထိအခိုက်မရှိ ရေကြောင်းတိုက်ပွဲ ဆင်နွဲနိုင်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ ရေယာဉ်တစ်စီး အင်ဂျင်ထိမှန်ပျက်စီးခြင်း ရေယာဉ်မောင်း (ဆလင်) နှင့် အတူ စစ်ကောင်စီတပ် သား အများအပြား သေဆုံးဒဏ်ရာရရှိသွားကြောင်း ဆိုသည်။
တစ်ဖန် ၈နာရီ ၄၅မိနစ်အချိန်၌ စစ်ကောင်စီရေယာဉ်အုပ်စုသည် အထက်သို့ ဆက်လက် ဆန်တက်နိုင်ခြင်းမရှိတော့ဘဲ ကနီမြို့နယ်အဆုံး မင်းကင်းမြို့နယ်အစတွင် ဆိုက်ကပ်ကာ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်နေကြောင်း ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုအား မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၃) တပ်ခွဲ (၂) Mahauurar Dragon PDF နှင်အတူ ဒေသခံ ညီနောင်မဟာမိတ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံး ဒဏ်ရာရရှိသွားသည့် စစ်ကောင်စီတပ်၏ အရေအ တွက်အား ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း ဆိုသည်။
ဇွန်လိုင်လ ၂၄ရက် ညနေပိုင်းကလည်း အဆိုပါ စစ်ကောင်စီ ရေယာဉ် ကိုးစီး အင်အား ၁၀၀ခန့် ပါသော စစ်ကောင်စီရေယာဉ်အုပ်စုအား ဆင်နှစ်ကောင်အနီးတွင် ဒေသခံ မဟာမိတ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ သေဆုံးမှုများပြားကြောင်း Kani Chindwin Revolution Force မှ ထုတ်ပြန်ထားသည်။
လက်နက်ခဲယမ်းများနှင့် ရိက္ခာများ သယ်ဆောင်လာဖွယ်ရှိသော အဆိုပါ ရေယာဉ် အုပ်စုမှလည်း လက်နက်ကြီးငယ်များနှင့် ကမ်းဘေးရှိရွာများအား ပစ်ခတ်သွားကြောင်းဆိုသည်။
ယင်းတိုက်ခိုက်မှုအား KCDRF နှင့်အတူ KGF , IA , KPDF – 1 , ဗိုလ်နောင် PDF DRPA တပ်ခွဲ (၃) နှင့် အာဏ္ဏဝါမုဆိုး PDF DRPA တပ်ခွဲ (၄) တို့ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အကျအဆုံးမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima