ချမ်းမြသာစည်မြို့နယ် စစ်ကောင်စီခန့်ရာအိမ်မှူး ဓားဖြင့်ထိုး သေနတ်ဖြင့်ပစ်ခံရပြီး နေအိမ်ပါဗုံးခွဲခံရ

မန္တလေး ချမ်းမြသာစည်မြို့နယ်ထဲက စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦး၊ ယနေ့နံနက်ပိုင်းတွင် ဓားဖြင့်ထိုး၊ သေနတ်ဖြင့်ပစ်ခံရပြီး နေအိမ်ပါဗုံးခွဲခံရကြောင်း သိရသည်။
“ဒလန်အုပ်ကြီးမိုးဆွေလို့ပြောရင် ဒီဘက်မှာလူတိုင်းသိတယ်၊ အရင်တစ်ခါကလည်း သူဆိုင်ထဲရှိနေတုန်း တစ်ခါအပစ်ခံရဖူးတယ်၊ ဒီနေ့တော့ဓားနဲ့၀င်ထိုးပြီး သေနတ်နဲ့လည်းပစ်သွားတယ်၊ ပြီးတော့ အိမ်ကို ဗုံးနဲ့ပါထုသွားတာ” ဟု အခင်းဖြစ်နေရာအနီး ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။
ထိုသို့တိုက်ခိုက်ခံခဲ့ရသူမှာ ချမ်းမြသာစည်မြို့နယ် ဦးပွားဘုရားအနောက်ဘက် ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်အမှတ်(၅၀၃)မှ စစ်ကောင် စီခန့် ရာအိမ်မှူးဦးမိုးဆွေဆိုသူဖြစ်ပြီး အသက်အန္တရာယ်မှ လွတ်မြောက်သွားကြောင်း သိရသည်။
“လူကမသေဘူး၊ နန်းတွင်းထဲ သယ်သွားတာတွေ့လိုက်ရတယ်၊ ဗုံးပေါက်တော့ သူ့သမီးက ဘေး၀န်းကျင်ကို ဓားနဲ့ထွက်ရမ်းသေးတယ်၊ အခု သူတို့အိမ် မှာ စစ်သားတွေရောက်နေတယ်” ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။
၎င်းအား မည်သည့်အဖွဲ့ကပစ်ခတ်သွားခြင်းဖြစ်ကြောင်းတော့ မသိရသေးဘဲ လက်ရှိတွင် ဦးပွားခုံးကျော်တံတား၀န်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ကကင်းပုန်းများချထားပြီး မထင်လျှင်မထင်သလို ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။ mizzima