တော်လှန်လူငယ်များ ဖန်တီးထားသည့် End Game – Union Multiplayer ဂိမ်း Play Store တွင် ဇယားထိပ်ဆုံးရောက်လာ

မြန်မာနိုင်ငံရှိ တော်လှန်လူငယ် Developer များက ဖန်တီးထားသော End Game – Union Multiplayer သေနတ်ပစ်ဂိမ်းသည် Play Store တွင် ဒေသတွင်း၌ Top Charts ဇယားထိပ်ဆုံးသို့ ရောက်ရှိလာကြောင်း ဂိမ်းဖန်တီးသူများထံမှ သိရှိရသည်။
“Local ဇယားမှာ ထိပ်ဆုံးရောက်လာတာပါ၊ လူငယ်တွေ ကြိုက်များတဲ့ Mobile Lengends လို ဂိမ်းကို ကျော်ပြီး အပေါ်ရောက်လာတာပေါ့။ Top Charts မှာရောက်တာက တပတ်အတွင်းမှာ ပေါ်ပြူလာဖြစ်တာတွေ၊ ဒေါင်းလုပ်လုပ်တာတွေကို ကြည့်ပြီး တွက်ချက်တာ။ လက်ရှိမှာဆို ဂိမ်းကို ဒေါင်းလုပ်လုပ်ပြီး အွန်လိုင်းမှာဆော့နေတဲ့သူတွေ ၁,၀၀၀ ကျော်လောက်ဖြစ်နေပြီ၊ ဆော့တဲ့သူက အမြဲတမ်း ၁,၀၀၀ ဝန်းကျင် ရှိနေတာပေါ့” ဟု ဂိမ်းဖန်တီးသူ ၁ ဦးဖြစ်သည့် သောမတ်စ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မိုဘိုင်းဖုန်းများအတွက် Application များ Game များကို ဒေါင်းလုပ်လုပ်နိုင်သော Play Store တွင် End Game အနေဖြင့် ဂိမ်းအမျိုးအစားတွင်သာမက Application များကိုပါ ကျော်လွန်၍ ဇယားထိပ်ဆုံး ရောက်ရှိလာခြင်းဖြစ်သည်။
End Game – Union Multiplayer သည် Digital Strike ထောက်ပို့ အဖွဲ့အစည်း တစ်ခုဖြစ်သည့် Shoot and Support မှ ထုတ်ဝေသည့် ဂိမ်းဖြစ်ပြီး ပါဝင်ကစားသူများအနဖြင့် မြန်မာနိုင်ငံရှိ လူမျိုးစုတော်လှန်ရေးအဖွဲ့များ ERO များ၏ ဘတ်တံဆိပ်၊ ဝတ်စုံများ ဝတ်ဆင်၍ ရန်သူ စစ်ကောင်စီ တပ်သားများနှင့် အပြန်အလှန်ပစ်ခတ်ရသည့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သည်။
အဆိုပါ ဂိမ်းကို ဒေါင်းလုပ်ဆွဲပြီး ကစားရာတွင် အဆင်ပြေစေရန်အတွက် Premium VPN အမျိုးအစား ၁ ခု ကို အသုံးပြုရမည်ဖြစ်ပြီး Shoot and Support ဖေ့စ်ဘုတ်စာမျက်နှာတွင် သွားရောက် တောင်းယူနိုင်ကြောင်းလည်း သိရှိရသည်။
Shoot and Support သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန MOD မှသော်လည်းကောင်း၊ မြေပြင်တိုက်ရိုက်သော်လည်ကောင်း တော်လှန်ရေးအဖွဲ့များထံ သိန်း ၁,၅၀၀ ခန့် ထောက်ပံ့ပေးထားနိုင်ကြောင်းလည်း သိရှိရသည်။ khit thit