ထိုက်သင့်သည့် ငွေကြေးပမာဏစုဆောင်းထား၍ သီရိလင်္ကာနိုင်ငံလို ဖြစ်လာစရာမရှိဘူးဟု စစ်ကောင်စီပြောဆို

မြန်မာနိုင်ငံတွင် ထိုက်သင့်သည့် ငွေကြေးပမာဏများ စုဆောင်းထားပြီးဖြစ်၍ သီရိလင်္ကာနိုင်ငံကဲ့သို့ ဖြစ်လာနိုင်စရာမရှိဘူးဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။
ထို့အပြင် အရံငွေကြေးအနေဖြင့် ဒေါ်လာနှင့် ယွမ်ကဲ့သို့ ငွေကြေးများစုဆောင်းထားကြောင်းလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်က ၂၆ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် သီရိလင်္ကာနိုင်ငံလိုဖြစ်လာတော့မည်ဟု လူပြောများနေသည့်အပေါ်တွင် စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းဌာနတစ်ခု၏ မေးမြန်းမှုအပေါ်တွင် ယခုကဲ့သို့ဖြေကြားထားခြင်း ဖြစ်သည်။
“ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး၊ မြန်မာနိုင်ငံမှာ ကျနော်တို့ အရံငွေကြေးအဖြစ် ဒေါ်လာထိုက်သင့်သလောက် စုဆောင်းပြီးဖြစ်ပါတယ်။ ပြီးရင်ကျနော်တို့အရံငွေကြေးတွေဖြစ်တဲ့ ယွမ်လိုငွေကြေးများလည်း စုဆောင်းပြီးဖြစ်ပါတယ်။ ငွေကြေးပမာဏမပြောနိုင်ပေမယ့် ထိုက်သင့်တဲ့ငွေကြေးပမာဏစုဆောင်းပြီး ဖြစ်ပါတယ်၊ အခြေခံရှိပြီးသားဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် ဒေါ်လာနှင့် ထိုင်းဘတ်ငွေများငွေလဲနှုန်း မြင့်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေကာ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် လက်ရှိသီရိလင်္ကာနိုင်ငံတွင် ဖြစ်ပျက်နေသကဲ့သို့ တဖြည်းဖြည်းဖြစ်လာနေပြီဟု စီးပွားရေးနှင့် နိုင်ငံရေး ကျွမ်း ကျင်သူများမှလည်း သုံးသပ်ထားသည်။ mizzima