မြင်းမူမြို့နယ်၊ မူးမန္တလေးကျေးရွာကို စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး PDF စခန်းရှိသည်ဟုဆိုကာ စစ်အင်အားအများအပြား လေ ကြောင်းဖြင့် ချထား၊ ပြည်သူတချို့ ဖမ်းဆီးခံထားရပြီး အမြောက်အမြား ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးကျေးရွာကို အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်လျက်ရှိပြီး PDF စခန်းရှိသည်ဟုဆိုကာ လေကြောင်းဖြင့် စစ်သား အများအပြားချထားသဖြင့် ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဇူလိုင် ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စစ်တပ်က စစ်ရဟတ်ယာဉ် ၂ စီးဖြင့် မူးမန္တလေးကျေးရွာကို ပစ်ခတ်ခြင်း ဖြစ်ကြောင်း ၊ စစ်သားများကိုလည်း အခြားရဟတ်ယာဉ် ၂ စီးဖြင့် ချထားကြောင်း သိရှိရသည်။
“အခု မြင်းမူမြို့နယ်၊ မူးမန္တလေးရွာကို ရဟတ်ယာဉ်နှစ်စီးနဲ့ပစ်တယ်။ PDF စခန်းရှိတယ်ဆိုပြီး လာတိုက်တာ။ ရွာကလူတွေအကုန်ပြေးနေရတယ်။ စစ်ကိုင်း ဆားတောင်မြို့နဲ့ မြင်းမူက မူးမြစ်ပဲခြားတာ။ အရှေ့ဘက်ကမ်း အနောက်ဘက်ကမ်းပေါ့။ အဲဒါ မူးမြစ်ဟိုဘက်ကမ်း ဆားတောင်မြို့ဘက်က ညောင်ပင်ရှည်၊ တလိုင်းကျွန်း၊ မူးသားရွာတွေလည်း ပြေးနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က အဓိက ထား ပစ်ခတ်တိုက်ခိုက်နေသည့် မူးမန္တလေးကျေးရွာသည် တောင်ရွာနှင့်မြောက်ရွာ ဟူ၍ နှစ်ရွာပေါင်းစည်းထားခြင်းဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်ရှိကြောင်း၊ မူးမန္တလေး ကျေးရွာအနီးပတ်ဝန်းကျင်မှ ကျေး ရွာအားလုံးလည်း နေအိမ်များ စွန့်ခွာထွက်ပြေးနေရကြောင်း သိရှိရသည်။
မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့လည်း “မြင်းမူ၊စစ်ကိုင်း နယ်စပ် မူးမန်းလေး၊ ကျောက်ဖျာရွာကို စစ်ရဟတ်ယဥ်နှင့် ပစ်ခတ်နေကြောင်း၊ မူမန်းလေးဘက်တွင် ရဟတ်ယဥ်ဖြင့် စစ်သားများ ချထားကြောင်း” ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကိုင်းမြိုနယ်နှင့် မြင်းမူမြို့နယ်အတွင်းရှိ မူးမြစ်ကမ်းဘေး ကျေးရွာများကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းရော၊လေယာဉ်စစ်ကြောင်းပါ အသုံးပြုပြီးယနေ့ ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်အထိ ပစ်ခတ်နေဆဲဖြစ်ကြောင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခံရသည့်ကျေးရွာများတွင် မူးမန္တလေး၊ ကျောက်ဖျာ၊ အင်းမ၊ မူးသာ၊ တလိုင်းကျွန်း စသည့်ကျေးရွာများပါဝင်ကြောင်း သိရှိရသည်။
“ဘာတွေ သတင်းရထားလို့မှန်းမသိဘူး ။ စစ်ကောင်စီကတော့ မနက်(၉)နာရီကျော်က စတင်ပြီး ရဟတ်ယာဉ် ၅ စင်းနဲ့ ထင်တိုင်းကျဲ ပစ်ခတ်နေတယ်။ ပိတ်မိသူတွေလည်းရှိတယ်။ ဘာတွေဖြစ်လို့ ဘာတွေဖြစ်မလဲတော့ လောလောဆယ်မသိရနိုင်သေးဘူး” ဟုဒေသခံတစ်ဦးက ဆိုသည်။
ကျေးရွာများကို စစ်ရဟတ်ယာဉ် ၅ စီးဖြင့် လာရောက်ပစ်ခတ်ရာတွင် ၃စီးက ပစ်ခတ်ပြီး ကျန် ၂ စီးက မြေပြင်တွင် အင်အားချကြောင်း သိရှိရသည်။
“မြေပြင်စစ်ကြောင်းကတော့ မြင်းမူမြို့နယ် ကံပြားကျေးရွာကနေ ဝင်လာတဲစစ်ကြောင်းရယ်၊လေယာဉ်ကတော့ ရွှေဘိုနဲ့ မုံးရွာဘက်ကနေလာပြီးပစ်ခတ်တာ” ဟု မြင်းခြံ Zero ပြောက်ကြားတပ်ဖွဲ့မှ ကိုသက်ကြီးက ပြောသည်။ khit thit