ဟင်္သာတမြို့တွင် မိုင်း ၈ လုံးပေါက်ကွဲ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်နိုင်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ယနေ့ ဇူလိူင်လ ၂၆ နေ့ ညပိုင်းက နေရာလေးနေရာ၌ စုစုပေါင်း မိုင်း ရှစ်လုံးပေါက်ကွဲခဲ့သည်ဟု သိရပြီး စစ်ကောင်စီတပ်သား အများအပြားထိခိုက်နိုင်သည်ဟု ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်၏ တာဝန်ရှိသူဗိုလ်ဧရာနဂါးကပြောသည်။
ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံး၊ အကျဥ်းဦးစီးဂိတ်ဝ ၊ဟင်္သာတ ရဲစခန်းနှင့် အကျဥ်းဦးစီးထောင့်ကြားနေရာများတွင် အဖွဲ့သုံးဖွဲ့ခွဲ၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“တစ်နေရာကို နှစ်လုံးစီနဲ့ စုစုပေါင်း မိုင်း ရှစ်လုံး ခွဲခဲ့တာပါ၊ ပထမဆုံးအလုံးက ည ၇ နာရီ ၂၃ မိနစ်မှာခွဲတာ၊ အဲ့ဒီအလုံးက မျှားခေါ်တဲ့အလုံးပေါ့၊ ဒုတိယနဲ့ တတိယ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ အကျဥ်းဦးစီးဂိတ်မှာ ပေါက်တဲ့အလုံးတွေမှာ ကျွန်တော်တို့မိုင်းကွင်းထဲကို စစ်သားနဲ့ရဲတွေ ကွက်တိဝင်လာတာဆိုတော့ ကျိန်းသေထိခိုက်မှုများနိုင်တယ်၊ လေး လုံးမြောက်ကတော့ ၈ နာရီ ၃၃ မိ နစ်မှာ ကျွန်တော်တို့ ဘေးကင်းတဲ့နေရာရောက်မှ အဝေးထိန်းစနစ်နဲ့ ခွဲခဲ့တာပါ”ဟု ဗိုလ်ဧရာနဂါးက ဆိုသည်။
မြို့နယ်တရားရုံးနှင့် အကျဥ်းဦးစီးဂိတ်ဝနေရာများအား ဖောက်ခွဲနေချိန်တွင် စစ်ကောင်စီတပ်များနှင့် ဧရာနဂါးညီနောင်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သေးသည်ဟု ဆက်လက်ပြောသည်။
“စစ်တပ်ဘက်ကတော့ ပထမအလုံးပေါက်တည်းက ရမ်းသန်းပစ်နေတာပေါ့၊ ကျွန်တော်တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာကဒုတိယအလုံးနဲ့ တတိယအလုံးပေါက်တဲ့အချိန်မှာပါ၊ ပစ်ခတ်မှုကြောင့်တော့ နှစ်ဖက်လုံးထိခိုက်မမှု မရှိပါဘူး”ဟုဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဟင်္သာတမြို့ပေါ်လမ်းမကြီးများနှင့် မြို့အဝင်အထွက် ဂိတ်များတွင် အင်အားအများအပြားဖြင့် ပိတ်ဆို့ထားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ mizzima