ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ သေဒဏ်အ ကြိမ်ကြိမ်ကျခံထိုက်ဟု စစ်ကောင်စီပြောခွင့်ရပြော

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့သည် သေဒဏ်အကြိမ်ကြိမ် ကျခံထိုက်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဇူလိုင်လ ၂၆ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထိုဖြစ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချနေချိန်တွင် စစ်ကောင်စီပြောခွင့်ရသူက သတင်းစာရှင်းပွဲတွင် ထိုသို့ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
“သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေက အခြားသေဒဏ်ချမှတ်ခြင်းခံရတဲ့ ပြစ်မှုတွေနဲ့နှိုင်းယှဉ်ရင် သေဒဏ် အကြိမ်ကြိမ်ချမှတ်ခံထိုက်တဲ့ ပြစ်မှုတွေဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ကြောင့် ၎င်းတို့၏ ပြင်ဆင်မှုလျှောက်လွှာများ၊ အယူခံများ၊ အသနားခံစာများကို ပလပ်လိုက်ပြီး ပြစ်မှုကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင်လ၂၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မည်သည့်နေ့ရက်တွင် မည်သည့်ပုံစံဖြင့် ပြစ်ဒဏ်စီရင်ခဲ့သည်ကို စစ်ကောင်စီက အသိပေးထုတ်ပြန် ခြင်းမရှိသကဲ့သို့ ၎င်းတို့၏ မိသားစုဝင်များထံသို့လည်း ရုပ်အလောင်းများ ပြန်အပ်ခြင်း မပြုခဲ့ပေ။
ယင်းအပေါ် အကျဉ်းထောင်လက်စွဲစာစောင်ထဲကအတိုင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။
NLDပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ ၄၉ (က)၊ အကြမ်းဖက်ပုဒ်မ ၅၀ (ဈ)၊ အကြမ်းဖက်ပုဒ်မ ၅၀ (ည)တို့ဖြင့် စွပ်စွဲပြီး စစ်ခုံရုံးဖွဲ့ကာအမှုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားအဖြစ် အနှစ် ၂၀ကျော် အကျဥ်းေထာင်တွင်း နေခဲ့ရဖူးသော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားသည့် ဦးဂျင်မီကိုလည်း အလားတူပုဒ်မများဖြင့်ပင် စွပ်စွဲအမိန့်ချခဲ့ခြင်း ဖြစ်သည်။
ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို လှိုင်သာယာရှိ အမျိုးသမီးတစ်ဦးကို သတ်သည်ဟု စွပ်စွဲကာ အမိန့်ချခဲ့ခြင်းဖြစ်သည်။
၎င်းတို့လေးဦးကို အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများက သွေးအေးအေးဖြင့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြပြီး ရက်စက်စွာသတ်ဖြတ်ခံရသူ အာဇာနည်များအတွက် များစွာဝမ်းနည်းရပြီး ဦးညွတ်ဂုဏ်ပြုကြောင်း NLDပါတီက ယင်းနေ့တွင် ထုတ် ပြန်သည်။
အဆိုပါကွပ်မျက်မှုအပေါ် အာဆီယံအနေဖြင့် ပြင်းထန်စွာရှုတ်ချပြီး အလွန်စိတ်ပျက်မိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီလိုလားသူများနှင့် အတိုက်အခံခေါင်းဆောင်များအား သေဒဏ်ပေးကွပ်မျက်ခြင်းအား ပြင်းထန်စွာရှုတ်ချကြောင်း ဥရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်နှင့် သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန် စသည့်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သူများကို အကြမ်းဖက်နှိမ်နင်းခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်လျက်ရှိပြီး နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၁,၇၉၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၁,၃၄၈ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း သိရသည်။
ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး နှစ်ဦး အပါအဝင် ၇၂ ဦးမှာ သေဒဏ်ချမှတ်ခံထားရပြီး မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၁ ဦးရှိကာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ဦးရှိပြီဖြစ်ကြောင်း AAPP၏ ထုတ်ပြန်ချက်အရ သိရသည်။ mizzima