ကေအိုင်အေက လီဆူပြည်သူစစ်စခန်းကို တိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဝူယန်ကျေးရွာ၌ အခြေစိုက်စခန်းချကာ နေထိုင်နေသည့် လီဆူဌာနေပြည်သူ့စစ်စခန်းကို ယနေ့မနက်၌ KIA တပ်ရင်း (၃) က လာ ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရသည်။
လီဆူဌာနေပြည်သူ့စစ် တပ်စခန်းကို ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၂ နာရီလောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့မှ လာရောက်ပစ်ခတ်ပြီး၊ တိုက်ပွဲက တစ်နာရီခန့်အကြာ ဖြစ်ပွားခဲ့တယ်လို့ သိရသည်။
“သေနတ်သံတွေကြောင့် လန့်နိုးလာတာ၊ သေနတ်သံတွေက ဆက်တိုက်ကိုမြည်နေတာဟုတ်တယ်၊ လက်နက်ကြီးသံတွေလည်း ကြားနေရတယ်၊ ကျနော်တို့က ရွာထဲမှာနေနေတာဆိုတော့ ပစ်ကြတဲ့အသံကောင်းကောင်းကြီးကြားရတယ်” ဟု ဝူယန်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ ကျေးရွာအတွင်း မနက်အစောပိုင်း တိုက်ပွဲက ရုတ်တရက်ထဖြစ်လာတာကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးရှိ နေအိမ်အချို့ ထိခိုက်မှုရှိပေမယ့် အသေး စိတ်ကို မသိရသေးပါ။
လီဆူ(ဝူယန်)ဌာနေပြည်သူ့စစ်စခန်းအတွင်းသို့ KIA တပ်ရင်း (၃) မှ လက်နက်ကြီးများ၊ ဗုံးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စခန်းအတွင်းမှာလည်း ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံအချို့ပြောဆိုကြပေမယ့် Mizzima မှလည်း စုံစမ်းနေဆဲ ဖြစ်သည်။
ပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရပြီးနောက် လက်ရှိအချိန်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဝိုင်းမော်မြို့သို့ စစ်ကောင်စီတပ်သားများကို ထပ်မံအင်အားဖြည့်ပို့ဆောင်ပေးခဲ့ပြီး ပြည်သူ့စစ်စခန်းအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အမြား ရောက်ရှိနေကြောင်း မျက်မြင်ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။
ဝိုင်းမော်မြို့နယ် KIA တပ်ရင်း (၃) နယ်မြေ၊ နန်ဇော်ကျေးရွာဘက်ကို ဇူလိုင်လ ၁၀ ရက်နေမှ စပြီး အာဏာသိမ်းစစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ စစ်ရေးလှုပ်ရှားလာနေခဲ့တဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။mizzima