ကြိုးပေးသတ်ဖြတ်မှုကို ကန့်ကွက်ဆန္ဒပြသည့် ရန်ကုန်မြို့က လူငယ်သပိတ်ကို စစ်ကောင်စီက အိမ်စီးကားဖြင့် တိုက်ကာဖြိုခွင်း

ရန်ကုန်မြို့တွင် နိုင်ငံရေးသမား လေးဦးအား ကြိုးပေးသတ်ဖြတ်သည့်အပေါ် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန့်ကွက်ဆန္ဒပြ လမ်း လျှောက် ချီတက်နေသော လူငယ်သပိတ်ကို စစ်ကောင်စီတပ်ဖွဲ့က အိမ်စီးကားဖြင့် တိုက်ကာ ဖြိုခွင်းဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။
“တရားသူသာ နိုင်ကြေးဟေ့” စာသားပါ စာတန်းဖြင့် အကြမ်းဖက်စစ်တပ်၏ မတရားသဖြင့် ကြိုးပေးသတ်ဖြတ်မှုများကို ကန့်ကွက်ကြောင်း တောင်ဒဂုံ ဂိတ်ဟောင်းမှတ်တိုင်အနီးတွင် လမ်းလျှောက် ဆန္ဒပြနေစဉ် အိမ်စီးကားဖြင့် ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။
ယာဉ်အမှတ် 4G/8248 ကားက ထိုသို့ ဖြိုခွင်းပြီးနောက် ပုဆိုးအပြာရောင် ဝတ်ဆင်ထားသည့် လူတစ်ဦးက ထိုအိမ်စီးကားပေါ်မှ ဆင်းကာ ဖမ်းဆီးရန် ကြိုးပမ်းသော်လည်း လူငယ်များ အချိန်မီ လွတ်မြောက်အောင် ရှောင်ပြေးနိုင်ခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူက ပြောသည်။
“အကုန်ဘေးကင်းကြပါတယ်” ဟု ၎င်းက ပြောသည်။
ဒီမိုကရေစီအရေး လှုပ်ရှားသူများဖြစ်သော ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးအောင်သူရဇော်နှင့် ဦးလှမျိုးအောင်တို့ လေးဦးကို ကြိုးပေးသတ် ဖြတ်လိုက်ပြီးဖြစ်သည်ဟု အာဏာသိမ်း စစ်တပ်က ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ကြေညာခဲ့ခြင်း ဖြစ်သည်။
ယနေ့ ပြုလုပ်သည့် ဆန့်ကျင်ဆန္ဒထုတ်ဖော် လှုပ်ရှားမှုကို လူငယ်များသမဂ္ဂ – ဗဟို နှင့် လူငယ်များမဂ္ဂ – ပုသိမ်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော် ကြာသည့်အထိ ရန်ကုန်အပါအဝင် မြို့ကြီးများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်များ ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က အိမ်စီးကားဖြင့် အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုများလည်း လုပ်ဆောင်နေသည်။ mizzima