ဇေယျာသော် စစ်ဆင်ရေးအနေဖြင့် သာကေတ ရဲစခန်း ၂ ခုအား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းစစ်သည်အဖွဲ့ ထုတ်ပြန်

မတရားကြိုးပေးသတ်ခံရသော အာဇာနည် လေးဦးအတွက် သွေးကြွေးဆပ်သောအားဖြင့်ဟုဆိုကာ ရန်ကုန်တိုင်း သာကေတ အမှတ် (၁) နှင့် အမှတ် (၂) ရဲစခန်း နှစ်ခုအား ဇေယျာသော်စစ်ဆင်ရေးဆင်နွှဲခဲ့ရာ ထိခိုက်ကျဆုံးမှုများရှိကြောင်း ဒေါင်းစစ်သည်အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ကြောင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ဒေါင်းစစ်သည်အဖွဲ့အား ဆက်သွယ်မေးမြန်ရာ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
“လက်လုပ်မိုင်းနဲ့ဖောက်ခွဲခဲ့တာပါ၊ အစာတွေက အပြင်းစားတွေထည့်ထားတာ၊ ပြည်သူတွေကို ရှောင်နေရတဲ့အတွက် ညဘက်မှပဲ လုပ်နိုင်ခဲ့ပါတယ်၊ မစ်ရှင်ပြုလုပ်ခဲ့တဲ့ ရဲဘော်တွေဘေးကင်းပါတယ်။” ဟု ပြောသည်။
ဒေါင်းစစ်သည် အဖွဲ့အနေဖြင့် ယမန်နေ့ ဇူလိုင်လ ၂၇ ရက် ည ၈ နာရီ ၅၈ မိနစ်ဝန်းကျင်က သာကေတမြို့နယ် အမှတ် (၁) ရဲစခန်းကို ဖောက်ခွဲမှုတစ်ကြိမ်၊ ၉ နာရီ ၁၀ မိနစ်ခန့်က အမှတ် (၂) ရဲစခန်းကို ဖောက်ခွဲမှုတစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရပြီး အမှတ် (၁) ရဲစခန်းကို ဖောက်ခွဲရာမှာတော့ စခန်းဘက်က ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် စခန်းနှစ်ခုမှ ရဲဘော်များ ထိခိုက်ကျဆုံးမှုများရှိသည့် သတင်းများကို အဖွဲ့အနေဖြင့် ပြန်လည်ကြားသိရသော်လည်း တိကျစွာ အတည်ပြုနိုင်ခြင်းတော့ မရှိသေးကြောင်းဆိုသည်။
ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုများအပြီး အခင်းဖြစ်ရာအနီးတစ်ဝိုက်ကို ပိတ်ဆို့ခြင်း၊ စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်မှာမှန်သော်လည်း စစ်ကောင် စီတပ်မှ ပေါ်တာလိုက်ဆွဲနေသည့် သတင်းတစ်ခု အွန်လိုင်းပေါ်တွင်ပျံံ့နှံ့လာသည်မှာတော့ မဟုတ်မှန်ကြောင်း ဒေသခံများက အ တည်ပြုပေးသည်။
“အကောင့်တစ်ခု တင်ထားတာတွေ့လိုက်တယ်၊ ပေါ်တာလိုက်ဆွဲနေတဲ့အကြောင်း၊ သူတောင်ပြေးနေရပါတယ်လို့ပါရေးထားတယ်၊ သူဘယ်ပြေးနေရလဲတော့ကျွန်တော်မသိဘူး၊ မနက်ကြတော့ နီးစပ်ရာ လိုက်မေးကြည့်တော့လည်း မကြားမိဘူး၊ ပါသွားတဲ့သူရှိရင် သိရမယ်၊ စုံစမ်းစစ်ဆေးရင်းဖမ်းတာကတစ်မျိုး၊ ရပ်ကွက်ထဲကိုဝင်ပြီး စစ်တပ်ကပေါ်တာလိုက်ဆွဲတာက တစ်မျိုးလေ၊ ကျွန်တော်တို့တော့ အဲ့လိုမကြားမိပါဘူး၊ အဲ့သတင်းက လုံးဝမဟုတ်ပါဘူး” ဟု ပြောသည်။
ထိုသတင်းအား အတည်ပြုနိုင်ရန် မဇ္ဈိမမှ ဆက်လက်စုံစမ်းရာ ပေါက်ကွဲမှုဖြစ်ပွားရာ အနီးရှိဒေသခံများနှင့် သာကေတ ဒေါပုံနေပြည်သူများကလည်း ဖေစ့်ဘွတ်တွင် ပျံ့နှံ့လာသည့် သတင်းကိုသာ ဖတ်မိပြီး ရပ်ကွက်ထဲတွင် အမှန်တကယ်မတွေ့မိကြောင်း ပြောသည်။ လက်ရှိအချိန်သည် တော်လှန်ရေးကာလဖြစ်သဖြင့် ပြည်သူများမှာ သတိကြီးစွာဖြင့် နေထိုင်ရသည့်အချိန်ဖြစ်ရာ စိုးရိမ်စိတ်ပူရမည့်သတင်းအမှား၊ သတင်းအတုများကို ဖြန့်ဝေခြင်းမပြုလုပ်ကြပါရန်နှင့် ခိုင်လုံသည့် သတင်း ဟုတ်မဟုတ် မစစ်ဆေးဘဲ တစ်ဆင့်ပြန်လည် ဖော်ပြခြင်းမပြုရန်လည်း ပြည်သူအများက မှတ်ချက်ပြုကြသည်။ mizzima