ပင်းတယမြို့နယ်တွင် PDF များကိုစိန်ခေါ်နေသူ ပစ်ခတ်ခံရပြီး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်မြောက်ပိုင်းရှိ မိုင်းအင်ကျေးရွာတွင် သူ့ကိုမသတ်နိုင်ဟုဆိုကာ PDF များကိုစိန်ခေါ်နေသူ ဇူလိုင်လ ၂၆ ရက်နေ့က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ချိုးဖြူပြောက် ကျားတပ်ဖွဲ့ (JPGF) မှ ရဲဘော်တစ်ဦးက မဇ္ဈိမသို့ပြောသည်။
ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ရသူမှာ ပျူစောထီး ဦးစိုးလှဆိုသူဖြစ်ပြီး ၎င်းတွင် ကိုယ်ပိုင်သေနတ်တစ်လက် ရှိပြီ PDF များကိုစိန်ခေါ်သည့်အပြင် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ပြည်သူများကိုဖမ်းဆီးစေခဲ့သူဖြစ် ကြောင်း သိရသည်။
“သူဒလန်လုပ်တော့ ပတ်ဝန်းကျင်က သူ့ကိုတားကြတယ်။ PDF တွေလည်း ရှိနေတော့ ဒလန်မလုပ်ဖို့ ပြောတယ်။ သူက ခါးကြားကအတိုထုတ်ပြပြီး မကြောက်ဘူးဆိုတဲ့သဘောနဲ့ပေါ့။ လျင်မြန်ဖျတ်လက်ပြီး သတ္တိရှိနေရင် PDF တွေ သူ့ကိုမသတ်နိုင်ဘူးလို့လည်း ပြောတယ်” ဟု JPGF မှ ရဲဘော်တစ်ဦးက ပြောပြ သည်။
၎င်းကို ဇူလိုင်လ ၂၆ ရက် နံနက် ၆ နာရီ ၂၀ မိနစ်တွင်သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဇူလိုင် ၂၇ ရက်နေ့တွင် ချိုးဖြူပြောက် ကျားတပ်ဖွဲ့(JPGF)က သတင်းထုတ်ပြန်ထားသည်။ ပင်းတယမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူများ အသတ်ခံရမှုမှာ ဦးစိုးလှသည် ရှစ်ယောက်မြောက်ဖြစ်ကြောင်းလည်း သိရသည်။
အစောပိုင်းအသတ်ခံရသူများမှာ ဦးကျော်ဝင်း၊ ဦးစိန်ကျော်ဝင်း၊ ဦးဖေဝင်း၊ ကိုဦး၊ ဦးမိုးမြင့်သူ၊ ဦးရွှေဖီနှင့် ဦးကျော်ငြိမ်းတို့ဖြစ်ပြီး ၎င်းတို့အား လုံးကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့ JPGF မှ မဟာမိတ်များနှင့် ပူးပေါင်း ပြီး သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း PDF များထံမှရရှိထားသည့် အချက် အလက်များမှသိရသည်။ mizzima