မတရားဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များ စိုးရိမ်ပူပင်မှုများဖြစ်နေရဟုဆို

မလုပ်ရဲတာဘာမှမရှိကြောင်း ကြွေးကြော်ထားသည့် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံထားရသော သူများ၏ မိသားစုဝင်များ၊ ရင်းနှီးသူ များနှင့် ပြောရေးဆိုခွင့်ရှိသူများက ထောင်ထဲတွင်ရှိနေသော ဖမ်းဆီးခံထားရသူများအတွက် နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန်မှုတွေဖြစ်နေရကြောင်းပြောသည်။
ယမန်နှစ်က ရန်ကုန်မြို့အတွင်းပြုလုပ်ခဲ့သော ဆန္ဒပြပွဲတစ်ခု၌ ရက်စက်စွာဖြိုခွင်းခံရပြီး ဖမ်းဆီးခံခဲ့ရသူများထဲမှ စစ်ကြောရေးဖြတ်ပြီး အင်းစိန်ထောင်သို့ ရောက်ရှိသွားသော အမျိုးသမီးတစ်ဦး၏ မိသားစုဝင်ကလည်း ယခုလိုပြောသည်။
“အမှုကို အမိန့်မချသေးဘူး၊ ကြားထဲမှာလည်း အဆက်အသွယ်မရဘူး၊ အမေ့ကို သက်သေအနေနဲ့စစ်တုန်းက တစ်ခါတော့တွေ့ရတယ် တရား ရုံးမှာ၊ လတ်တလောကြားရတဲ့သတင်းတွေကြောင့် ညီမတို့လည်း စိုးရိမ်နေတာ၊ တအားစိတ်ပူနေတာ။”ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားသော သတင်းစာများမှတစ်ဆင့် ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင် သူရဇော်တို့အား ပြစ်ဒဏ်စီရင်ပြီးစီးကြောင်း ကြေညာခဲ့ပြီး ၎င်းလုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် နိုင်ငံတစ်ဝန်း အကျဥ်းထောင်အသီးသီး၌ ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးခံထားရသူများအဖို့ စစ်ကောင်စီ၏ လက်ခုပ်ထဲမှရေအလား စိတ်တိုင်းကျ နှိပ်စက် သတ်ဖြတ်မှုများပြုလုပ်ခံရမည်ကိုသာ တွေးပူနေရခြင်းဖြစ်ကြောင်း သိရသည်။
“အဖွဲ့တစ်ဖွဲ့ရှိတယ်၊ လူငယ်တွေကြီးပဲ၊ အယောက် ၇၀ လောက်ရှိတယ်၊ သူတို့က အခု စစ်ကြောရေးမှာ၊ ခုနစ်လ ရှစ်လလောက်ရှိပြီ၊ ဘယ်စစ်ကြောရေးကို ရောက်နေတယ်ဆိုတာလည်း သူတို့မိသားစုတွေက စုံစမ်းလို့မရဘူး၊ သူတို့တွေတော်တော်စုံစမ်းနေတာ၊ ဟိုကသတင်းရလိုက် သွားလိုက် မဟုတ်လိုက် ဒီကသတင်းရလိုက် မဟုတ်လိုက်။ လက်ရှိအထိကတော့ မသေသေးဘူးဆိုတာပဲသိရတယ်၊ စစ်ကြောရေးမှာပဲ ထားထားတယ်ပြောတယ်၊ ထောင်လည်းမပို့ဘူး၊ လူလည်းမတွေ့ရဘူး၊ အဲ့တော့ သူတို့မိသားစုတွေက အရမ်းစိတ်ပူနေရတာတွေရှိပါတယ်။”ဟု လက်နက်၊ ဖြန့်ချိရေးအမှုများဖြင့် ခေါင်းစဉ်တပ်ဖမ်းဆီးခံရပြီး သတင်းအစအနပျောက်ကွယ်နေသော လူငယ်များအကြောင်းကို ၎င်းတို့ မိ သားစုဝင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
မြို့ပြပြောက်ကျားအဖွဲ့များမှ အဖွဲ့ဝင်များ ဖမ်းဆီးခံထားရသည်လည်းရှိသည့်အတွက် ၎င်းတို့အတွက်ကိုလည်း နေ့စဉ်စိုးရိမ်စိတ်ဖြစ်နေရကြောင်း အမည်မဖော်လိုသော မြေအောက်ရဲဘော် ကပြောသည်။
“ပြောက်ကျားအဖွဲ့တွေထဲကရော တစ်ကိုယ်တော် ဖောက်ခွဲရေးသီးသန့်လုပ်နေတဲ့သူတွေထဲမှာရော အဖမ်းခံရတာတွေရှိတယ်ဗျ၊ နောက်ပိုင်းမှာ ကျွန်တော်တို့က ပုံနဲ့ နာမည် ပရိုဖိုင်တွေမထုတ်ပြန်ကြတော့လို့သာ လူမသိသလိုဖြစ်ရတာ၊ တကယ်က အဖမ်းခံထားရတဲ့သူတွေရှိတယ်၊ တချို့တွေက စစ်ကြောရေးဖြတ်နေရတယ်၊ တချို့တွေက ထောင်ထဲရောက်နေပြီ၊ အဲ့ဒီမှာ သူတို့စစ်မေးခံရလို့ဖြစ်စေ၊ သူတို့မှာပါသွားတဲ့ ဖုန်းတို့ တခြားပစ္စည်းတွေကဖြစ်ပါစေ၊ စကစဘက်က တစ်ခုခုတော့ သိရမှာပဲ၊ အရမ်းအခြေအနေဆိုးတယ် လုံခြုံရေးကျိုးပေါက်တယ်ထင်ရရင် ကျွန်တော်တို့ အဖွဲ့နာမည်ပြောင်းတာတို့၊ မစ်ရှင်ထုတ်ပြန်ချက် မထုတ်ဘဲလုပ်တာတို့ လုပ်ရတယ်၊ ဘာလို့အဲ့လိုလုပ်လဲဆိုတော့ အထဲက အဖမ်းခံရတဲ့သူတွေ ပိုအဖိခံရ အထောင်းခံရမှာစိုးလို့ပါ၊ အဲ့ဒါကိုသတိထားရတယ်၊ အပြင်ကလူက လုပ်၊ လုပ်ပြီးပြေး၊ လွတ်အောင်ပြေးနိုင်ရင်ရတယ်၊ အထဲကလူကိုတော့ ကျွန်တော်တို့ကြောင့် ထပ်မခံရစေချင်ဘူး၊ အမိန့်ချပြီးလို့ဖြစ်စေ မချရသေးဘူးဖြစ်စေ စစ်ကောင်စီမှာ ဥပဒေမရှိဘူး၊ ရှိရင်လည်း ပါးစပ်ဥပဒေပဲ၊ အဲ့တော့ အထဲက ကိုယ့်လူအတွက် ကိုယ်စိုးရိမ်တယ်၊ ကျွန်တော်တို့နိုင်မှ အထဲကလူတွေလွတ်မှာ၊ အခုအ ခြေအနေတိုင်းဆို ကျွန်တော်တို့က ဘာကိုမှမမျှော်လင့်တော့ဘူး၊ လုပ်နိုင်တာပဲလုပ်တော့မယ်။” ဟူ၍ဖြစ်သည်။
ဒီမိုကရေစီအရေးလှုပ်ရှားခဲ့သော ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အား ဇူလိုင်လ ၂၃ ရက်နေ့က ၎င်းတို့၏မိသားစုဝင်များအား ရုပ်သံစကား ပြော အွန်လိုင်းအက်ပလီကေးရှင်းတစ်ခုဖြင့် ပေးတွေ့တာမျိုးရှိခဲ့ပြီးနောက် ဇူလိုင်လ ၂၅ ရက်နေ့တွင်တော့ ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင် စီသတင်းစာများမှ ကြေငြာခဲ့သည်။ အမှု ရှစ်ခုဖြင့် တရားစွဲဆိုခံထားရသူ ပန်ဒါဟု အများကခေါ်ဝေါ်ကြသော မုံရွာသပိတ်ခေါင်း ဆောင် ကိုဝေမိုးနိုင်ကိုလည်း ထောင်ကျပြီးမှ ပထမဆုံးအကြိမ်အဖြစ် ယနေ့ဇူလိုင်လ ၂၇ ရက်နေ့မှာ မိသားစုနှင့် တွေ့ခွင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး ကိုဝေမိုးနိုင်အတွက် စိုးရိမ်ပူပန်မှုများလည်းရှိသလို စစ်ကောင်စီကိုလည်း သံသယဖြစ်ရကြောင်း ပြည်သူအများက အမျိုးမျိုး မှတ်ချက်ပြုကြသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှစတင်ကာ ဇူလိုင်လ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်၏ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း ၁၁,၈၀၈ ဦးရှိပြီး ၎င်းတို့ထဲမှ ၁,၃၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခံရပြီးဖြစ်သည်။ ပြစ်ဒဏ်ကျခံရသူများထဲမှ ၇၄ ဦးမှာ သေဒဏ်ချမှတ်ခံထားရပြီး မျက်ကွယ် သေဒဏ်ချခံရသူ ၄၁ဦးအပါအဝင် ၁၂၀ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း သိရသည်။ ထို့ကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ ၂၂ ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူမှာ ၃,၀၆၈ ဦးရှိကြောင်း သိရသည်။ mizzima