သာကေတမြို့နယ်ရှိ ရဲစခန်း ၂ခု ဗုံးဖောက်ခံရပြီးအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးပေါ်ရှိ အမှတ်(၁) ရဲစခန်းတွင် ယနေ့ ဇူလိုင်လ ၂၇ ရက် ည ၉ နာရီ ဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်သည့် သေနတ်သံများလည်း ပေါ်ထွက်ခဲ့ကြောင်း အနီးနေဒေသခံများထံမှတဆင့် သိရသည်။
ထို့အတူ ဧရာဝဏ်လမ်းမပေါ်ရှိ အမှတ် (၂) ရဲစခန်း၌လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ပေါက်ကွဲသံတစ်ချက် အရင်ကြားတယ်၊အပြန်အလှန် ပစ်ခတ်သံကြားရတယ်၊ဖောက် ဖောက် ဖောက်ဖောက်နဲ့ တောက်လျှောက်ကိုကြားရတာ၊သူတို့အထဲကနေပဲ ပြန်ပစ်နေတာလို့လည်းကြားတယ်”ဟု အမှတ်(၁)ရဲစခန်းအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။
အမှတ်(၁)ရဲစခန်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရပြီး ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွင် ရဲစခန်း၊စစ်ကောင်စီတပ်စွဲထားသော အားကစားကွင်း၊ထွေအုပ်ရုံးနှင့် မီတာရုံးများရှိသည်ဟုလည်း သိရသည်။
“အရင်ဆုံး အသံအကျယ်ကြီးကြားရတာပေါ့။ ဗုံးပေါက်တဲ့အသံမျိုး။ နောက်ကြတော့ နှစ်ဘက် ပစ်သံလိုမျိုးကြားတယ်။ တချက်ပြီးတစ်ချက် လေး ငါးချက်ကြားရတယ်။ နောက်တော့မကြာဘူး။ မိနစ်ပိုင်းလောက်ပဲခြားမယ်။ အသံအကျယ်ကြီးထပ်ကြားရပြန်ရော” ဟု ဒေသခံတစ်ဦးက ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကြားသိထားရသည်ကို ပြောသည်။
ည ၈ နာရီ ၅၈ မိနစ်ဝန်းကျင်က သာကေတ အမှတ် (၁) ရဲစခန်းတွင် တစ်ကြိမ်၊ ည ၉ နာရီ ၁၀ မိနစ်အချိန်ခန့်က အမှတ် (၂) ရဲစခန်းတွင် တစ်ကြိမ် အသီးသီးပေါက်ကွဲမှုများဖြစ်ပြီး ဆေးရုံကားများ မောင်းနှင်သွားသည့်အသံများ ကြားရကြောင်းကိုလည်း ဒေသခံအချို့က ပြောသည်။
ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် အမှတ် (၁) ရဲစခန်းရှေ့၌ ဖြတ်သွားသော လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အမှတ် (၂) စခန်း အနီးဝန်းကျင်တွင်လည်း လမ်းပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာကေတ ကျောက်တိုင်ကားမှတ်တိုင် အနီးတဝိုက်တွင်လည်း ဒရုန်းများပျံဝဲနေကြောင်းလည်း ဒေသခံ၏ သတင်းပေးပို့ချက်အရ သိရသည်။
လက်ရှိအချိန်တွင် ပေါက်ကွဲမှု ကနဦးအခြေအနေကိုသာသိရပြီး နောက်ဆက်တွဲထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုအကြောင်းကို မသိရှိရသေးပေ။
ယခုဖောက်ခွဲမှုများအား မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကို အတိအကျထုတ်ပြန်ခြင်းမျိုး မတွေ့ရသေးပေ။ သို့သော် ယခုညဖြစ်စဉ်ကြောင့်နီးစပ်ရာ ရပ်ကွက်၊ လမ်းအတွင်းသို့ ဧည့်စာရင်းဝင်ရောက်စစ်ဆေးနိုင်ခြေရှိကြောင်း ဆိုကြသည်။mizzima