Monthly Archives: Jul 2022

Telenor ဆင်းကတ်များကို ATOM အမည်သစ်ဖြင့် စတင်ပြောင်းလဲ

Telenor Myanmar ဆင်းကတ် အသုံးပြုသူများကိုင်ဆောင်သည့် ဆင်းကတ်များကို ယနေ့ မှစတင်၍ ATOM အမည်ဖြင့် ပြောင်းလဲခဲ့ကြောင်း သိရသည်။

တယ်လီနောဆင်းကတ်သုံးစွဲသူများအနေဖြင့် ATOM အမည်သစ်အောက်တွင် ဆက်လက် အသုံးပြုရန်ပြောင်းလဲလိုက်ကြောင်း ယနေ့ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် ယင်းကုမ္ပဏီက တရားဝင်မက်ဆေ့များပေးပို့ အသိပေးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ပေးပို့သည့် မက်ဆေ့တွင် မိုဘိုင်းလက်ကျန်ငွေနှင့် ပက်ကေ့ချ် များသည် အက်တမ်(ATOM) အမည်သစ်အောက်တွင် ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း ဆက်လက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ တယ်လီနော(Telenor) ငွေဖြည့်ကတ်များ ကို အက်တမ်(ATOM)အမှတ်တံဆိပ်ဖြင့် ယုံကြည်စိတ်ချစွာငွေဖြည့်နိုင်ပြီး လက်ကျန်ငွေ အားလုံးအလိုအလျှောက် ပေါင်းထည့်ပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

ATOM (Advancing Telecommunications of Myanmar) သည် ဆင်းကတ်အမည်မပြောင်းလဲခင်သုံး စွဲသူများကို ATOM store APP အား ဒေါင်းလုတ်ဆွဲခြင်းဖြင့် ကျပ် ၅,၀၀၀ ကို အခမဲ့သုံးစွဲခွင့်ပေး၍ သုံးစွဲသူများအပေါ် ဆွဲဆောင်လာခဲ့ခြင်းဖြစ်သည်။

“ မနေ့က ညအထိကို တယ်လီနော နာမည်နဲ့ပဲ ဆင်းကတ်က ရှိသေးတယ်။ ဒီမနက်မှ ဆင်းကတ်က အက်တမ်အမည်နဲ့ပြောင်းသွားတယ်။ ဘယ် လိုဘဲပြောင်းပြောင်းပါ မြန်မာပြည်သူတွေ သုံးစွဲဖို့က အခုဆို အက်တမ် နဲ့ အမ်ပီတီ လောက်ပဲ ရှိတော့တယ်လေ။ အော်ရီဒူး ကလည်း ပြည်တွင်းကနေ ပြန်ထွက်ခွာမယ် ကြားနေရတယ်။ မိုင်တဲလ်ကတော့ မသုံးတဲ့သူများတယ်။ သုံးစွဲသူပြည်သူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအ ချက်အလက်တွေလုံခြုံဖို့တော့လိုတာပေါ့။ အခုဟာက ဖုန်းပြောရင်တောင် အချို့အကြောင်း အရာတွေ ထည့်မပြောရဲဘူး။ နည်းပညာအရ သုံးစွဲသူအချက်အလက် ပေါက်ကြားမှာကိုတော့ စိုးရိမ်မိတာအမှန်ပဲ။ ဘာကြောင့်လည်းဆိုတော့ အက်တမ် ရင်းနှီးမြုပ်နှံမှုမှာ ပြည်တွင်းက ခရိုနီတစ်ဦးပါသလို ရင်းနှီးမြုပ်နှံတဲ့ ပြည်ပကုမ္ပဏီ ကလည်း စစ်တပ်နဲ့ ပါတနာတွေဆိုတော့မယုံကြဘူး” ဟု အက်တမ်ဆင်းကတ်သုံးစွဲသူ တစ်ဦးက ပြောသည်။

ATOM အမည်ရှိ ဆင်းကတ်ကို စစ်ကောင်စီနှင့် နီးစပ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် လက်ဘနွန်နိုင်ငံအခြေစိုက် M1 GROUP တို့က အကျိုးတူပူးပေါင်း၍ တယ်လီနောကုမ္ပဏီထံမှ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏လက်အောက်ခံ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ရွှေဗျိုင်းဖြူကုမ္မဏီ၏ ဥက္ကဋ္ဌသည် စီးပွားရေးခရိုနီတစ်ဦးဖြစ်သူ ဦးသိန်းဝင်းဇော်ဖြစ်ပြီး စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်း၊ ကျောက်စိမ်းလုပ် ကွက်များနှင့် စစ်ကောင်စီပိုင် မိုင်တဲလ် အော်ပရေတာတို့တွင် အကျိုးတူပူးပေါင်း လုပ်ဆောင်နေသူဖြစ်သည်။

ယခင် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော ကုမ္ပဏီအနေဖြင့်လည်း အာဏာသိမ်း ယူခဲ့သည့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှု စံတန်ဖိုးများသည် ၎င်းတို့ သတ်မှတ်ထားသည့် စံတန်ဖိုးများနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် မြန်မာနိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာရခြင်းဖြစ် ကြောင်း ဇူလိုင်၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် တယ်လီနောကုမ္ပဏီကို အက်တမ်အမည်ဖြင့် ပြောင်းလဲခဲ့သလို ဆင်းကတ်များကိုလည်း တယ်လီနော် အမည်အစား အက်တမ်အမည်ဖြင့် ပြောင်းလဲခဲ့ပြီဖြစ်သည်။ mizzima

ကဗျာဝရွာက ပျူစောထီးအဖွဲ့ဝင် ၁ ဦး အ သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ ကဗျာဝကျေးရွာက ပျူစောထီးအဖွဲ့ဝင် ဦးမင်းကို ကို ဇူလိုင် ၂၈ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။

ရေးဘီလူးအဖွဲ့ဝင်တဦးက “ဦးမင်းကိုက အရက်မူးလာပြီဆို ရွာသားတွေကို ပုဆိန်တလက်နဲ့ ရမ်းပြီး သောင်းကျန်းခဲ့တယ်။ ရွာသားတွေက မကျေနပ်လို့ ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပေမဲ့ ရဲစခန်းဘက်က ဘာမှ ထိရောက်တဲ့အရေးယူမှုတွေ မလုပ်ခဲ့ဘူး။ လက်နက်ပါ ကိုင်ဆောင်ထားတော့ အန္တရာယ်ရှိတော့ ရေးဘီလူးက သုတ်သင်ရှင်းလင်းလိုက်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်ကလည်း စစ်ကောင်စီသတင်းပေး ကျောက်မိချောင်းတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကို ရေးဘီလူးအဖွဲ့သားတွေက ပစ်ခတ်ရှင်းလင်းထားပါတယ်။

ရေးဘီလူးအဖွဲ့က စစ်ကောင်စီရဲ့ လက်ပါးစေတွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေ၊ တဖက်တလမ်းက စီးပွားရေးအကျိုးတူလုပ် ငန်းနဲ့ ဆက်စပ်နေသူတွေမှာ လက်ရှိ ရာထူးတာဝန်တွေက ရပ်နားထားဖို့နဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လုပ်ရပ်ကနေ ရပ်နားထားကြဖို့ လူမှုကွန်ရက်ကနေ အကြိမ်ကြိမ် ရေးဘီလူးအဖွဲ့သားတွေက သတိပေးထားပါတယ်။

စစ်တပ်နဲ့ ရဲတွေ၊ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကနေ ရေးဘီလူးအဖွဲ့သားတွေဟာ စစ်တပ်နဲ့ ရဲသတင်းပေး အုပ်ချုပ်ရေးမှူးတွေ အပါ အဝင် တဒါဇင်ကျော်လောက်ကို ယနေ့အထိ သုတ်သင်ရှင်းလင်းထားပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပြောဆိုတာမျိုး ဒီနေ့အထိ မရှိသေးပါဘူး။DVB

ဖျာပုံမြို့အဝင်စစ်ဆေးရေးဂိတ်နှင့် ထွေအုပ်ဧည့်ရိပ်သာ မိုင်းပေါက်ကွဲမှုတွင် ရဲငါးဦး ပြင်း ထန်ဒဏ်ရာရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ ဖျာပုံ-ကျိုက်လတ် အဝေးပြေးလမ်းမ၊ ချောင်းတွင်းတံတားခြေဆင်းရှိ မြို့အဝင် စစ်ဆေးရေးဂိတ်နှင့် ဖျာပုံမြို့ ဒုတိယလမ်းမကြီးပေါ်ရှိ အထွေထွေအုပ်ချူပ်ရေးဧည့်ရိပ်သာ မိုင်းခွဲတိုက် ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်ငါးဦး ပြင်းထန်ဒဏ်ရာများရရှိသွားကြောင်း Black Dragon Commando တပ်ဖွဲ့ တာဝန်ခံ ဗိုလ်နိုင်းဒီကပြောသည်။

“ ဒုရဲအုပ်တစ်ယောက်တော့ တော်တော်ထိတယ်ဗျ။ ခြေထောက်တောင် ဖြတ်ရနိုင်တယ်။ မသေတာပဲ အံ့ဩတယ်။ မိုင်းနဲ့သူနဲ့ နှစ်ပေလောက်ပဲခြားတာ၊ အဲဒါကို ဘာမှမဖြစ်ဘူးဆိုပြီး သတင်းလွှင့်နေတယ်။ ဘန်ကာတောင် တခြမ်းစောင်းသွားတာဗျာ။ အဲဒါကချောင်းတွင်းဂိတ်ပေါ့နော်။ ဒီကောင်တွေစစ်ပြီးအပြန် ပြန်ဝင်လာတော့ ရဲကားကိုမိုင်းထပ်ဆွဲတာပါ။ မြို့နယ်မှူးတွေ၊ ခရိုင်မှူးတွေကားတွေက Jammer (တယ်လီဖုန်းလှိုင်းနှောက်စက်)တွေပါလာတော့ ကံကောင်းသွားတာ။ မိုင်းဆွဲတာက အတော် ပြင်းတယ်။ Jammer တွေပါတော့ နောက်ဆုံးကဝင်တဲ့ရဲကားကိုပဲ ဆွဲလို့ရလိုက်တယ်။ ဟိုက်ဂျက်ပေါ်မှာ ခုနစ်ယောက်လောက်ပါတယ်။ နည်းနည်းလွဲသွားတော့ အနောက်ခြမ်းပဲထိတယ်။ အဲဒီမှာ ရဲလေးယောက် ထိတယ်လို့သိရတယ်။ နှစ်ယောက်က ပြင်းတယ်လို့လဲ သိထားရတယ်။ ထူးထူးဆန်းဆန်းပဲဗျ ကျွန်တော်တို့ကို ကားရပ်ပြီး လိုက်ပစ်မယ်ထင်တာ မရပ်ဘူး တစ်ခါတည်းစခန်းဘက်မောင်းပြေးသွားကြတယ်” ဟု ဗိုလ်နိုင်းဒီကဆို သည်။

Black Dragon Commando တပ်ဖွဲ့အနေဖြင့် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်အချိန်က ဖျာပုံ-ကျိုက်လတ်အဝေးပြေးလမ်းမရှိ ချောင်းတွင်းတံတား ခြေဆင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် ယင်းနေ့ နံနက် ၁၁ နာရီ ၂၈ မိနစ်၌ ဖျာပုံဒုတိယလမ်းမကြီးပေါ်ရှိ အထွေထွေအုပ်ချုပ်ရေး ဧည့်ရိပ်သာအား အင်အားပြင်းဆိုင်ကယ်မိုင်းဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုများအပြီး ညပိုင်းတွင် စစ်ကောင်စီတပ်များနှင့်ရဲများက သေနတ်ခြောက်လှန့်ပစ်ခတ် မှုများပြုလုပ်ပြီး ဒေသခံ ၂၀ ကျော်ကို မတရားစွပ်စွဲဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိတွင် မတရားဖမ်းဆီးခံရသူများကို ဖျာပုံရဲစခန်းနှင့် ဖျာပုံမြို့နယ် စစ်ကောင်စီ၏စစ်ကြောရေးတွင် စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေ သခံများ၏ပြောကြားချက်အရ သိရသည်။ mizzima

ကန့်ဘလူနှင့် ကောလင်းဒေသ တိုက်ပွဲများတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အုန်းခြောက်လုံးရွာအနီးမှာ ဇူလိုင် ၂၈ ရက်က စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ Kawlin Revolution- KR ကနေ သိရပါတယ်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို KLPDF တပ်ရင်း ၁၊ ကောလင်းမြို့နယ် ပကဖ၊ ကန့်ဘလူမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ Kawlin Revolution- KR က ထုတ်ပြန်ထားပါတယ်။

အလားတူ ဇူလိုင် ၁၉ ရက်ကနေ ၂၇ ရက်အထိ ကောလင်းမြို့နယ် အရှေ့ခြမ်းကို ​စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းသုံးကြောင်းထိ ရှိခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ Kawlin Revolution- KR ကနေ သိရပါတယ်။

ဇူလိုင် ၁၉ ရက်မှာ တောင်ပုံရွာအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ် အင်အား ၈၄ ယောက်လောက်ရှိတဲ့ စစ်ကြောင်းကို ကောလင်းမြို့နယ်ပကဖက သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှု အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက် မနက် ၅ နာရီလောက်မှာ ကောလင်းမြို့တွင်းက စစ်ကောင်စီတပ်ဟာ နှောခုံရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်လာပြီး နှောခုံရွာ စာသင်ကျောင်းကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ အနည်းငယ်ထိတွေ့ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်  ကျဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၂ ရက်မှာ ဝန်းသိုဘက်ကနေ ထိုးလာတဲ့ စစ်ကောင်စီတပ်သား ၇၀ ခန့်စစ်ကြောင်း တောင်မော်ရွာကို ရောက်ရှိပြီး တောင်မော်ရွာအဝင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ကို KLPDF တပ်ရင်း ၁ နဲ့ ကောလင်းမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအနည်းငယ်ရှိခဲ့ကာ ကောလင်းပကဖမှလည်း မစိုးရိမ်ရဒဏ်ရာရရဲဘော် အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၆ ရက်မှာ ကောလင်းမြို့နယ် ကသစ်ကုန်းရွာနဲ့ အိမ်တိုင်ပုံကျေးရွာမှာ စစ်ကောင်စီတပ်ကို ကောလင်းမြို့နယ် ပကဖ၊ KLPDF ရင်း ၁၊ KBUPDF ရင်း ၂ တို့မှ ပူးပေါင်းစစ်ဆင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၃၄ ဦးအနက် ၉ ဦးသေဆုံးပြီး ၂၅ ဦးသာ အသက်ရှင်ကျန်ရစ်တယ်လို့ သိရပါတယ်။

အလားတူ ဇူလိုင် ၂၆ ရက်က ညောင်ကိုင်းရွာအနောက်ဘက် တောင်ရိုးမှာ KLPDF ရင်း ၁ က ထောင်ထားတဲ့ တိုက်မိုင်းမိပြီး စစ်ကောင်စီတပ် သား ၅ ဦး ထိခိုက်မှုရှိခဲ့ပြီး ဆက်လက်ဆုတ်ခွာရာ ဝန်းသိုမြို့ သြဃရွာဘက်အရောက်မှာလည်း ဝန်းသိုတော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့မှုရှိခဲ့ကြောင်း Kawlin Revolution- KR ကနေ သိရပါတယ်။

ဇူလိုင် ၂၇ ရက်မှာ စစ်ကောင်စီတပ်ဟာ ကောလင်း သစ်ဖုလတောင်ကို ထောက်ပို့ဝင်လာဖို့ စစ်ကြောင်းသုံးကြောင်း အသုံးပြု ဝင်လာခဲ့ပြီး ပြန်အထွက်မှာ မရှုမလှ ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

တိုက်ပွဲကာလမှာ လမ်းခရီးပိတ်ဆို့မှုတွေရှိခဲ့ပြီး ခရီးသည်တွေကို ဒေသခံတွေက စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်လို့ Kawlin Revolution- KR က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကောလင်းမြို့ တောင်မော်တိုက်နယ် ကန်လည်ကြီးရွာက ပြည်သူ့နေအိမ် ၃၃ လုံးကို ဇူလိုင် ၂၁ ရက်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ထောင်စု ၃၄ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ DVB

ပေါင်းတည် ယမန်နေ့ တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၄ ဦးမှာ ကပစ ၃ မှ ဖြစ်ပြီး ဗိုလ်မှူး ပြည်ကျော်ဟိန်းနှင့် တပ်သား ဖြိုးမင်းသူတို့ပါ သေဆုံး၊ နတ်တလင်းတိုက်ပွဲတွင် သေ ဆုံးသူ စစ်သား ၃ ဦးမှာလည်း ကပစ ၃ မှ ဖြစ်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ယမန်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးမှာ အမှတ် ၃ ကာ ကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၃) မှဖြစ်ပြီး ဗိုလ်မှူး ပြည်ကျော်ဟိန်းနှင့် တပ်သား ဖြိုးမင်းသူ အပါအဝင် ၄ ဦးကျဆုံးခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲစခန်းရှိ အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၃) မှ စစ်သားများကို ပဲခူးတိုင်း လုံ ခြုံရေးအတွက် ရှေ့တန်းတွင် အသုံးပြုလျက်ရှိရာ ယမန်နေ့ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာတိုက်ပွဲတွင် စစ်အရာရှိ ၁ ဦးအပါ အဝင် စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများရရှိကြောင်း ပေါင်းတည် PDF မှ ပြန်ကြားရေးတာဝန်ခံ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

“ပေါင်းတည်မှာကျသွားတဲ့၄ယောက်က ကပစ ၃ ကပါ။ ဗိုလ်မှူး ပြည်ကျော်ဟိန်း၊ တပ်သားဖြိုးမင်းသူပါ။ ၂ ဦးပဲ နာမည်သိတယ်။ ကျန် ၂ ဦးကတော့ နာမည်မသိဘူး” ဟု ပန်းတောင်းမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

အလားတူ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်အစောပိုင်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အရှေ့ဘက်ရှိ ကြက်မနက်ကျေးရွာတွင် စခန်းချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို Bago Region PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ (Phoenix DF နတ်တလင်း) က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း၊ အဆိုပါသေဆုံးသွားသော စစ်သား ၃ ဦးမှာလည်း အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၃)မှ ပင်ဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ khit thit

စစ်ကောင်စီ၏ မတရားသေဒဏ်ပေးစီရင်ခံရသူများအတွက် နမခစစ်ဆေးရေးဂိတ်အား တုံ့ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် စစ်ဆေးရေးဂိတ်အား ဗုံးဖြင့်ပစ်ဖောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဉီးသေဆုံးကြောင်း Aung San Generation Monywa တပ်ဖွဲ့က ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုသည် စစ်ကောင်စီ၏ မတရားသေဒဏ်ပေးစီရင်ခြင်းခံခဲ့ရသည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာ သော်၊ ဦးလှမျိုးအောင် ၊ ဦးအောင် သူရဇော် တို့အတွက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ဒီစစ်ဆင်ရေးကတော့ မတရားကြိုးပေးခံရတဲ့သူ လေးဉီးအတွက် အကြွေးပြန်ယူတာပါ စစ်ကောင်စီ တပ်သား နှစ်ယောက်သေတယ်လို့ မျက် မြင်တွေ့ခဲ့တဲ့ သူတွေဆီက ပြန်သိရပါတယ်” ဟု Aung San Generation Monywa တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် နမခမြောက်ဘက်အဆုံးရှိ (မုံရွာအဝင် ဆိုင်းဘုတ်) အနီးမှဂိတ်အား လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Aung San Generation Monywa အနေဖြင့် စစ်ဆင်ရေးများကို အလျင်းသင့်သလို့ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

Aung San Generation Monywa နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ဇူလိုင်လ ၂၇ ရက်နေ့ ည ၈နာရီ ၃၀ မိနစ်ခန့်ကလည်း ဘုတလင်မြို့ရဲစခန်းနှင့် သစ်တောရုံးအား လက်လုပ်လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားရှစ်ဉီး လက်နက်ကြီးထိမှန်ကြောင်း နှင့် ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။ mizzima

မကွေးတိုင်းအတွင်းကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၊ မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၂၈ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးပြီး ညနေပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းက တောင်မြင့်ကျေးရွာနဲ့ ကျားပစ်ကန်ရွာကို ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက ရဟတ်ယာဥ် ၂ စီးနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိဘဲ နေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ (SPGF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက ဒီဗွီဘီကို ပြောပါတယ်။

“တောင်မြင့်ကျေးရွာနားမှာတော့ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်(…)၊ ပျူ(…)တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တနေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး ရဟတ်ယာဥ်နဲ့ လေကြောင်းကနေ တိုက်ခိုက်တော့မှ ဆုတ်ခွာခဲ့ကြတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိဘူး။ စစ်(…)၊ ပျူ(…)တွေဘက်ကတော့ အယောက် ၄၀ လောက် သေတယ်လို့ ကြားပြီး အတိအကျ မသိရသေးဘူး။ သေတဲ့သူ အများစုက တော့ ပျူစောထီးတွေ။”

ဇူလိုင် ၂၈ ရက် ညမှာလည်း စစ်ကောင်စီတပ်တွေဘက်က အင်အားထပ်တိုးထားပြီး လမ်းဘက်မှာ လက်နက်ကြီးတွေ အထိုင်ချကာ ကျေးရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေသလို ဒီနေ့ ဇူလိုင် ၂၉ ရက်မှာလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတော့ မရှိသေးဘူးလို့ ဗိုလ်နဂါးလေးက ပြောပါတယ်။

“အဲဒီစစ်(…)တွေဟာ မနေ့က ဇူလိုင်လ ၂၈ ရက်နေ့ မနက် ၈ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၆၀ လောက် မီးလောင်ကျွမ်းခဲ့တယ်။ အဲဒီကနေတဆင့် တောင်မြင့်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အခြေအနေကိုတော့ မသိရသေးဘူး။ ဒီနေ့မနက်ပိုင်းမှာလည်း တောင်မြင့်ကျေးရွာကို ထပ်ပြီး မီးရှို့နေကြတယ်။ လောလောဆယ်ကတော့ ရွာကိုဝင်လို့မရသေးဘူး။ နယ်မြေအေးချမ်းမှပဲ ထိခိုက်ပျက်စီးတဲ့ အခြေအနေကို စုံစမ်းရမယ်။”

ပေါက်မြို့နယ်ထဲမှာ ဒီကနေ့အထိ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာပေါင်း သုံးလေးဆယ်လောက်ရှိနေပြီး ကျေးရွာ ၂၅ ရွာလောက်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးထားကာ လူဦးရေ ၂၀,၀၀၀ ထက်မနည်း ထွက်ပြေးနေကြရပြီး ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက အတတ်နိုင်ဆုံး အကာကွယ်ပေးကာ ဘေးလွတ်ရာနေရာတွေကို ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက်ကတော့ ပြည်တွင်းပြည်ပ အလှူရှင်တွေက လှူဒါန်းထားပြီး အဓိက အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေလို့ ထောက်ပံ့ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။

တောင်မြင့်ကျေးရွာဘက်ကို ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ သက်ကြီးရွယ်အိုတွေ ကျောပိုးပြီး ပြေးရသလို မိသားစုများတဲ့သူတွေကိုလည်း တွဲခေါ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ တောင်မြင့်ကျေးရွာ ဒေသခံပြည်သူတယောက်က ပြောပါတယ်။

“ကျနော်တို့ အသက်လုပြီး ထွက်ပြေးခဲ့ရလို့ ဘာမှကို မသယ်ခဲ့ရဘူး။ နေအိမ်မှာကျန်ခဲ့တဲ့ ငွေကြေးနဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း စစ်(…)နဲ့ ပျူ(…)တွေက စိတ်ကြိုက်မွှေနှောက်ပြီး ကားတွေနဲ့ သယ်သွားတယ်။ အဓိကအခက်အခဲကတော့ စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ ကျနော်တို့ထဲမှာဆိုရင် သက်ကြီးရွယ်အို ဆီးချို၊ သွေးချို ရောဂါအခံရှိသူတွေ ပါလာလို့ ကျန်းမာရေးဝန်ဆောင်မှု လိုအပ်တယ်။ တောထဲတွေမှာ တဲထိုးပြီး နေကြရသူတွေအတွက်တော့ မိုးကာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်တွေ လိုအပ်တယ်။”

ကျားပစ်ကန်ကျေးရွာကို ဇူလိုင် ၂၇ ရက် မနက် ၈ နာရီလောက်မှာလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာလို့ အသက် ၄ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးကာ အမျိုးသား ၂ ယောက် အမျိုးသမီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာမှာလည်း အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီလောက်က အဖွဲ့ ၃ ဖွဲ့ခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ၅ ဦးသေဆုံးခဲ့တယ်လို့ Earthquake People’s Defense Force က တာဝန်ရှိသူတဦးက ပြောပါတယ်။

အရှေ့ဘုန်းကန်ကျေးရွာမှာ တပ်စွဲထားတာ ကြာပြီဖြစ်တဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ စီစဥ်ထားတာ ကြာပြီဖြစ်ပေမဲ့ ကျေးရွာထဲမှာ စစ်တပ်က ကင်းတွေချထားတာကြောင့် လူအင်အား လက်နက်အင်အား စုပြီးမှ တိုက်ခိုက်ဖြစ်ခဲ့တာလို့ ပြောပါတယ်။

Earthquake People’s Defense Force က တာဝန်ရှိသူတဦးက “ကျနော်တို့အဖွဲ့ ၃ ဖွဲ့သွားတယ်။ သွားပြီးတော့ သူတို့ဘက်က ပွိုင့်နေရာ ၃ ခုရှိတယ်။ ဘုန်းကြီးကျောင်းရယ်၊ ဘုန်း​ကြီးကျောင်းအရှေ့က ဘန်ကာရယ်၊ စက်ကလေးကုန်းဆိုတာရယ် ရှိတာပေါ့။ ကုန်းလေးပေါ့။ အဲ့ ၃ နေရာပေါ့။ ကျနော်တို့က ရွာထဲကအိမ်တွေကနေ အရင်ဆုံး ဘန်ကာကို ပစ်တာပေါ့။ ဘန်ကာကိုပစ်တော့ သူတို့ အနောက်ကိုဆုတ်သွားတယ်။ ဘန်ကာကို သိမ်းလိုက်နိုင်တယ်။ ဘုန်း​ကြီးကျောင်းထဲကို ဆက်ပစ်တော့ သူတို့ထွက်ပြေးတယ်။ စက်ကလေးကုန်းကို ထပ်ပစ်ဖို့လုပ်တော့ မြို့ထဲက စစ်ကူတွေကော၊ တခြားရွာဘက်က စစ်ကူတွေကော ၆၀ မမတွေနဲ့ကော ပစ်တော့ ကျနော်တို့ ဆုတ်ခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်​ကောင်စီတပ်ဘက်က နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်သားတွေက လက်နက်ကြီး ၆၀ မမ သုံးချက် ပစ်ကူပေးတဲ့အပြင် တခြားစစ်ကူတွေလည်း ရောက်ရှိလာတာကြောင့် လက်နက်လည်း မကောက်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်သားနှစ်ဦး နေရာတင်သေဆုံး​ပြီး နောက်ထပ် သုံးဦးကျဆုံးကြောင်း သတင်းရခဲ့တယ်လို့​ ပြောပါတယ်။

အရှေ့ဘုန်းကန်ရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေက အနီးအနားကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

အရှေ့ဘုန်းကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို Earthquake People’s Defense Force၊ PKU North PDF နဲ့ Royal Defense Force PKU တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ DVB

ပုသိမ်တွင် လူငယ်အများအပြားကို စစ်ကောင် စီတပ်ဖမ်းဆီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီတပ်သည် Facebook လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် တော်လှန်ရေးတွင် တက်ကြွစွာပါဝင်နေသည့် လူငယ်များကို ယခု ရက်သတ္တပတ်အတွင်း လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် လူမှုကွန်ရက် စာမျက်နှာမှ တစါဆင့် စစ်ကောင်စီလက်အောက်တွင် ကျောင်းတက်နေသည့် ကျောင်းသူ၊ ကျောင်းသားများအား နှောက်ယှက်နေသည့် PU Social Punishment Admin အား ရှာဖွေဖမ်းဆီးအရေးယူမည်ဟု ဇူလိုင် ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

”PU Social Punishment group Admin ဆိုပြီးတော့ ထင်ကြေးနဲ့လိုက်နေကြတာပါဗျ။ မနေ့က ၂၀ ဝန်းကျင်ပါသွားတယ်။ လူငယ်များတယ်။ မြို့ခံတပ်တစ်ခုရဲ့ ခေါင်းဆောင်နဲ့ Facebook Friend ဖြစ်နေရင်တောင်ဖမ်းတယ်ဗျ။ အဓိကကတော့ တက္ကသိုလ် CDM ကိုဖြိုချင်တဲ့သဘောမျိုး” ဟု ပုသိမ်မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသည့်လူငယ်များမှာ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ အကောင့်( Facebook account ) မှတစ်ဆင့် နောက်ယောင်ခံလိုက်ကာ ဖမ်းဆီးခံနေရခြင်းဖြစ်သည်။ စစ်တပ် အဓမ္မ အာဏာသိမ်းပြီးကာစ လပိုင်းများတွင် တင်ထားသည့် Post များ၊ ဆန္ဒပြစဉ်က ဓာတ်ပုံများကိုယူ၍ အချက်အလက်များကို သတင်းပေး ဒလန်မှတစ်ဆင့်စု၍ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

”ပုသိမ်က စိတ်ပူရတဲ့ အနေအထားဗျ။ ဘယ်သူတွေ ၊ အသက်ဘယ်နှစ်နှစ်တွေကို ဖမ်းသွားတယ်ဆိုတာ စုံစမ်းလို့ မရသေးဘူး။ တက္ကသိုလ် CDM ကျောင်းသားတွေတော့ များမယ်ထင်တယ်။ အခြေခံပညာ CDM က ဖမ်းတဲ့သတင်းမျိုးမကြားသေးဘူး။ အပြင်ကလူငယ်တွေလည်း ပါတယ်။ Facebook account တွေကနေ တစ်ဆင့် လိုက်တာဆိုတော့ မနေ့ကမှ သိသိသာသာသတင်းထွက်ပြီး အဖမ်းခံရတယ်ဆိုတာ သိလာကြတာ။ လူမသိသူမသိဖမ်းနေတာ ငါးရက်ကနေ ခုနစ်ရက်အတွင်းလောက်ရှိပြီ” ဟုပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်းအခြေစိုက်သတင်းဌာနများ၏ Post များနှင့် အခြား တက်ကြွ လှုပ်ရှားသူများ၏ Postများတွင် ဝင်ရောက် မှတ်ချက် (Comment )ပေးသူများ၊ ထပ်ဆင့်မျှဝေသူများကို စောင့်ကြည့်၍ ဖမ်းဆီးရန်စီစဉ်နေကြောင်း ပုသိမ်ဒေသခံများက ဆိုသည်။

တော်လှန်ရေးတိုက်ပွဲများ အရှိန်မြှင့်လာသည်နှင့်အမျှ စစ်ကောင်စီအနေဖြင့် ရှုံးမဲ မဲပြီး ယခုကဲ့သို့ ပြည်သူလူထုအပေါ် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး ဖိနှိပ်ခြင်းများ ပိုမို ပြင်းထန်စွာ လုပ်ဆောင်နေသည်။ ထို့ကြောင့် တော်လှန်ရေးတွင် တက်ကြွစွာပါဝင်နေသည့် ပုသိမ်မြို့ခံများအချို့အနေဖြင့် ရှောင်တိမ်းနေထိုင်ကြရန် ပုသိမ်မြို့ခံ တော်လှန်ရေး အင်အားစုများက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် အသိပေးထားသည်။ mizzima

« Older Entries