ကန်ပက်လက်တွင် သေဒဏ်စီရင်ခံရသူများအတွက် လက်စားချေစစ်ဆင်ရေးပြုလုပ်၊ စကစ ဘက်မှ ၄ ဦးသေ

အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားသေဒဏ်စီရင်ခြင်းကို ခံခဲ့ရသူများအတွက် ကန်ပက်လက်မြို့တွင် လက်စားချေစစ်ဆင်ရေးပြုလုပ်ခဲ့ရာ စကစ ဘက်မှ စစ်သားနှစ်ဦးနှင့် ရဲနှစ်ဦးသေဆုံးခဲ့ကြောင်း CDF – Kanpetlet က ဇူလိုင် ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မတရားကြိုးပေးကွက်မျက်ခံခဲ့ရသည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးအောင်သူရဇော်နှင့် ဦးလှမျိုးအောင်တို့အတွက် တရားမျှတမှုပြန်လည်ရယူနိုင်ရေး စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဟု သိရသည်။
“ ဒီလိုမတရားသတ်ခံလိုက်ရတာကြားတော့ မြန်မာပြည်သူတွေနဲ့ထပ်တူ ကျနော်တို့လည်း အံ့ဩတုန်လှုပ်ခဲ့ရပါတယ်။ ဒါကြောင့် စစ်ဆင်ရေးတစ်ခုလုပ်ပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော်တို့ရဲ့တပ် ခုနစ်ရင်းကိုစုစည်းပြီး အခုလိုလက်စားချေပြန်တိုက်ခိုက်ခဲ့တာပါ ” ဟု CDF – Kanpetlet ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းလိန်းက မဇ္ဈိမသို့ ပြောသည်။
ဇူလိုင် ၂၇ ရက် နံနက် ၁၂ နာရီ ၂၅ မိနစ်တွင် ကန်ပက်လက်မြို့ အထွေထွေဦးစီးဌာန၊ မြို့နယ်ပညာရေးရုံးနှင့် မြို့နယ်အခြေခံပညာ အထက်တန်း ကျောင်းဝင်းတို့တွင် တပ်စွဲထားသောတပ်များကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်မှ စစ်သားနှစ်ဦး ရဲနှစ်ဦးသေဆုံးကာ စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အခြေခံပညာအထက်တန်းကျောင်းဝင်းတွင် အင်အား ၁၀၀ ခန့်ရှိသည့် ရဲတပ်ရင်း တစ်ရင်းရှိနေပြီး၊ အထွေထွေဦးစီးဌာနနှင့် မြို့နယ်ပညာရေးရုံးတို့တွင် စစ်ကောင်စီတပ်သား ၅၀ ဦးခန့် အသီသီး တပ်စွဲထားကြောင်းသိရသည်။
ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီမှ ယခုကဲ့သို့စစ်ရာဇဝတ်မှုများကို ဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် NUG လက်အောက်ခံ ကာ ကွယ်ရေးဝန်ကြီးဌာန (MOD) ၏ လမ်းညွှန်ချက်များအတိုင်းလိုက်နာကာ မြို့တွင်းစစ်ဆင်ရေးများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆိုသည်။
ထို့အပြင် ပြည်သူများအ၏ သက်၊ ဘဝ၊ ခန္ဓာများ အများအပြားစတေးခဲ့ရ၍ ခဏတာ စိတ်ခံပြင်းပြမှုအပေါ်အခြေခံခြင်းမဟုတ်ဘဲ ခံယူချက်၊ ယုံကြည်ချက်ဖြင့် နေရာဒေသအသီးသီးတွင် တော်လှန်ရေးအရှိန်မြှင့်တင်ပြီး တိုက်ပွဲဝင်သွားကြရန်လည်း ပြောရေးဆိုခွင့်ရှိသူမှ မေတ္တာရပ်ခံခဲ့သည်။ mizzima