စစ်ကောင်စီက သေဒဏ်စီရင်မှုကို ရှုတ်ချပြီး နိုင်ငံရေးအကျဉ်းသား အားလုံးပြန်လွှတ်ရန် G7 ထုတ်ပြန်

စစ်ကောင်စီက ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအ၀င် လေးဦးအား သေဒဏ်ချမှတ်မှုကို ရှုတ်ချပြီး နိုင်ငံရေး အကျဉ်းသားအားလုံးပြန်လွှတ်ရန် G7 ကထုတ်ပြန်သည်။
စက်မှုဖွံ့ဖြိုးပြီး ခုနစ်နိုင်ငံအုပ်စု (G7) ၏ နိုင်ငံခြားရေးဝန်ကြီးများက ဇူလိုင် ၂၈ ရက်တွင် ပူးတွဲထုတ်ပြန် တောင်းဆိုခြင်းဖြစ်သည်။
“မြန်မာနိုင်ငံက အာဏာသိမ်းမှုကို အပြင်းထန်ဆုံးစကားလုံးတွေနဲ့ ဆက်လက်ရှုတ်ချနေပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အလွန် စိုးရိမ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းသို့ သေဒဏ်စီရင်မှုမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးစီရင်မှုဖြစ်ပြီး တရားမျှတမှုကင်းမဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ရေးသားထားသည်။
စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ဥပဒေမဲ့ဖမ်းဆီးမှုများ ဆက်မလုပ်ရန်၊ နိုင်ငံရေးအကျဉ်းသားများနှင့် ဥပဒေမဲ့ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန်လည်း တောင်းဆိုကြောင်း G7 က ထုတ်ပြန်သည်။
G7 အဖွဲ့၀င်နိုင်ငံများမှာ စက်မှုအင်အားကြီး နိုင်ငံများဖြစ်သည့် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်တို့ ဖြစ်သည်။
စစ်ကောင်စီဘက်ကမူ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအ၀င်လေးဦးမှာ သေဒဏ်အကြိမ်ကြိမ် ကျခံသင့်သူများဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။ mizzima