ဆားလင်းကြီးမြို့နယ် ကျေးရွာ ၄ ရွာရှိ ပြည်သူ့နေအိမ်များကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာက နေအိမ်တွေကို ဇူလိုင် ၂၈ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ခဲ့တဲ့ ကျေးရွာတွေကတော့ ရေခါးကျေးရွာ၊ ဒူးထောက်ကျေးရွာ၊ ပိုင်းတောင်ကြီးကျေးရွာနဲ့ ကျောက်မှော်ကျေးရွာတို့ဖြစ်ပြီး အဲဒီကျေးရွာတွေရဲ့ မီးလောင်ဆုံးရှုံးမှု အရေအတွက် အတိအကျကိုတော့ လက်ရှိအချိန်ထိ မသိရသေးသလို ဒေသခံပြည်သူတွေဟာလည်း ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၂၈ ရက် မနက် ၈ နာရီလောက်ကစပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို စတင်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အဲ ဒီနောက် ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ PDF အဖွဲ့ဘက်မှ ၁၀ ဦးဝန်းကျင်လောက် လက်နက်ကြီးထိမှန်ခံခဲ့ရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲ အနေအထားရှိနေပြီး ဆားလင်းကြီးမြို့ပေါ်တဝိုက်မှာလည်း စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ချထားသလို ဒေသခံပြည်သူတွေ အနေနဲ့လည်း မြို့တွင်းနဲ့ မြို့အပြင် ဝင်ထွက်သွားလာဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆားလင်းကြီးမြို့နေ ပြည်သူတဦးက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ ဇူလိုင် ၂၆ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်ထားခဲ့တဲ့ ဒေသခံပြည်သူ ၅ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ရသလို လက်ရှိအချိန်မှာလည်း ဒေသခံပြည်သူ အများအပြား ထွက်ပြေးနေကြရဆဲ ဖြစ်ပါတယ်။ DVB