မန္တလေးတော်လှန်ရေးမြို့ပြတပ်ပေါင်းစုက တောင်ပြုန်းပွဲကို မသွားကြရန် သတင်းထုတ်ပြန်

တောင်ပြုန်းပွဲမသွားကြရန်နှင့်၊ တစ်စုံတစ်ခုဖြစ်ခဲ့လျှင် တာ၀န်ယူမည်မဟုတ်ကြောင်း၊ မန္တလေးတော်လှန်ရေးမြို့ပြတပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

“ဖြစ်နိုင်ရင် မလာကြတာအကောင်းဆုံးဘဲ၊ တောင်ပြုန်းကြီးရွာဆိုတာက စစ်ရေးတင်းမာနေတဲ့ မတ္တရာနယ်နဲ့တစ်ဆက်တည်းရှိတာဆိုတော့ အချိန်မရွေး တိုက်ပွဲကဖြစ်နိုင်တဲ့ နေရာပါ၊ နောက်တစ်ခုက တောင်ပြုန်းပွဲကိုအသုံးချပြီး စစ်အုပ်စုအမြတ်ရှာမှာ သေချာလို့ ပြည်သူတွေအသက်မဆုံးရှုံးစေချင်ဘူး” ဟု လုံခြုံရေးအရ အမည်ဖော်ပြလိုခြင်းမရှိသည့်ပြောက်ကျားတပ်ဖွဲ့၀င်တစ်ဦးက ပြောသည်။

သတင်းထုတ်ပြန်ချက်တွင် အာဏာရှင်စနစ်အား အတူတကွတွန်းလှန်ကြရာတွင်၊ မိဘပြည်သူများအနေဖြင့်လည်း ရှောင်သင့်ဆောင်သင့်သည်တို့ကို လိုက်နာပေးကြရန် ပန်ကြားအပ်ပါသည်ဟု ဖော်ပြထားပြီး၊ မိမိသဘောဆန္ဒအရသွားရောက်၍ တစ်စုံတစ်ခုဖြစ်ပေါ်လာခဲ့ပါက တာ၀န်ယူဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အတွက် ကြိုတင်အနူးအညွတ်တောင်းပန်အပ်ပါသည် ဟု ဖော်ပြထားသည်။

အထက်မြန်မာပြည်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့်၊ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ တောင်ပြုန်းပွဲတော်ကို နှစ်စဉ်၀ါခေါင်လဆန်း ၈ ရက်မှ လပြည့်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး၊ နိုင်ငံအနှံ့အပြားက နတ်ကိုးကွယ်ယုံကြည်သူ သိန်းနှင့်ချီလာရောက်တတ်ကြသည်။

တောင်ပြုန်းပွဲတော်တွင် နတ်ပူဇော်ပွဲများအပြင် တိုးမပေါက်အောင်စည်ကားတတ်သည့် ဘုရားပွဲစျေးတန်းနှင့် ဌာနဆိုင်ရာပြခန်းများ ခင်းကျင်းပြသသည့် အစီအစဉ်များလည်း ပါ၀င်သည်။

တောင်ပြုန်းပွဲတော်အား ပြည်တွင်း COVID-19 စဖြစ်စဉ်ကတည်းက ကျင်းပနိုင်ခြင်းမရှိဘဲ၊ စစ်အာဏာသိမ်းခံခဲ့ရသည့် ပြီးခဲ့သည့်နှစ်ကလည်း မကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက တောင်ပြုန်းပွဲတော်ကျင်းပရန်စီစဉ်နေပြီး၊ လာမည့်သြဂုတ်လ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s