ရန်ကုန်တိုင်းတွင် ညမထွက်ရအမိန့် အချိန်တိုးမြှင့်ထုတ်ပြန်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး မြို့နေပြည်သူများ စိုးရိမ်မှုများ ဖြစ်ပေါ်နေ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက ညမထွက်ရအမိန့် အချိန်တိုးမြှင့် ထုတ်ပြန်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး ပြည်သူများကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။
ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ညမထွက်ရအမိန့်ကို ည ၈ နာရီအထိ တိုးမြှင့် ထုတ်ပြန်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ထိုသို့ ပျံ့နှံ့ထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်ပြီး မြို့နယ်အချို့မှ ဒေသခံပြည်သူများကို မဇ္စျိမက မြို့နယ်သုံးခုက ပြည်သူသုံးဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ ညမထွက်ရအမိန့်ကို ကြားသိရခြင်း မရှိကြောင်း ပြန်လည်ဖြေကြားကြသည်။
“ည ၈ နာရီ နောက်ပိုင်း အပြင်မထွက်ရဆိုပြီး ဖေ့ဘွတ်မှာ ရေးနေကြတာတော့ တွေ့တာပဲ၊ ရပ်ကွက်ထဲ လိုက်အော်တာမျိုးတော့ မကြားမိဘူး၊ တကယ်လို့ လိုက်အော်ရင်တောင် လမ်းထိပ်က ကွမ်းယာဆိုင်တွေက ပြောမှာပဲ၊ အခုက ဘာမှ ပြောတာမကြားဘူး၊ သတင်းအမှားတွေက သိတဲ့အတိုင်းပဲလေ ဖြန့်သလောက်ကို ပျံ့နေတာ” ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မြောက်ဒဂုံမြို့နယ်နှင့် အချို့သော မြို့နယ်များတွင် ညမထွက်ရ အမိန့်ကို ည ၈ နာရီမှ စတင်ကာ မနက် ၄ နာရီအထိ အချိန်တိုးမြှင့်ထုတ်ပြန်ကြောင်း ရေးသားထားမှုများ ပျံ့နှံ့နေခြင်း ဖြစ်သည်။
အဆိုပါ ညမထွက်ရအမိန့် အချိန်တိုးမြှင့်ထုတ်ပြန်ကြောင်းကို မြို့နယ်များအတွင်း လော်စပီကာများဖြင့် လိုက်လံအော်ဟစ်ခြင်းများနှင့် အုပ် ချုပ် ရေးမှူးများ မှတစ်ဆင့် စာဖြင့်အကြောင်းကြားအသိပေးခြင်းများ ရှိနေကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားထားကြပြီး ပြည်သူအချို့ကလည်း စိုးရိမ်စိတ်ဖြင့် ပြန်လည်ဖြန့်ဝေမှုများ ရှိနေသည်။
“ဒီလိုသာ အမိန့်ကို ထပ်တိုးထုတ်လိုက်ရင် ညဘက်မှ အလုပ်ပြန်ရတဲ့သူတွေဆို ဘယ်လို လုပ်မလဲ၊ လိုင်းကားတွေ ရှားတာကတစ်မျိုး၊ လုံခြုံ ရေးအခြေအနေ စိုးရိမ်ရတာက တစ်မျိုးနဲ့ ပြည်သူတွေက ပိုဒုက္ခရောက်ဖို့ပဲ ရှိတယ်” ဟု အင်းစိန်မြို့နယ်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
ယင်းသို့ ပျံ့နှံ့နေသည့် သတင်းများအပေါ် စစ်ကောင်စီပြောခွင့်ရ ဗ်ိုလ်ချုပ်ဇော်မင်းထွန်းက ညမထွက်ရအမိန့် အချိန်ထပ်တိုး ထုတ်ပြန်ခြင်း မရှိဘဲ ယခင်အချိန်အတိုင်း ည ၁၂ နာရီမှ မနက် ၄ နာရီအချိန်အထိသာ သတ်မှတ်ထားကြောင်း သတင်းဌာနအချို့ကို ဖြေကြားထားသည်။
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လေးဦးကို အာဏာသိမ်းစစ်ကောင်စီက ကြိုးပေးကွပ်မျက်ပြီးနောက် စစ်အာဏာသိမ်းခြင်းကို ဆန့် ကျင်လှုပ်ရှားကြသူများ၊ မြို့ပြမြေအောက်တော်လှန်ရေးအဖွဲ့အစည်းများက စစ်ကောင်စီတပ်ကို လက်တုံ့ပြန် တိုက်ခိုက်မှု အရှိန်အဟုန်ဖြင့် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ကြေညာထားသည်။
ထိုသို့သော အခြေအနေများကြောင့် စစ်ကောင်စီတပ်က ရန်ကုန်မြို့တွင် လုံခြုံရေးတိုးမြှင့်ချထားခြင်းများ ရှိနေသလို လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း ပြည်သူများကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည့် သတင်းအမှားများ နေ့စဉ်နှင့် အမျှ ပျံ့နှံ့မှုများ ရှိနေသည်။mizzima