သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် စစ်ကောင်စီသံရုံးနှင့်တစ်မိုင်ခန့်သာဝေးသည့်နေရာတွင် NUG က ကိုယ်စားလှယ်ရုံးဖွင့်တော့မည်

သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် စစ်ကောင်စီသံရုံးနှင့်တမိုင်ခန့်သာဝေးသည့်နေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကိုယ် စားလှယ်ရုံးဖွင့်တော့မည်ဖြစ်ကြောင်း ABC News ကသတင်းဖော်ပြသည်။
ကိုယ်စားလှယ်ရုံးကို လာမည့်သီတင်းပတ်အတွင်းဖွင့်လှစ်နိုင်တော့မည်ဖြစ်ပြီးရုံးဖွင့်ပွဲသို့ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနမှ အရာရှိများတက်ရောက်မည်ဖြစ်ပြီး သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင် Penny Wong မှာ ခရီးသွားစရာရှိနေသဖြင့်တက်ရောက်နိုင်မည်မဟုတ်ကြောင်းသတင်းတွင်ဖော်ပြထားသည်။
အဆိုပါ ကိုယ်စားလှယ်ရုံးတွင် ဒေါက်တာထွန်းအောင်ရွှေက တာဝန်ယူမည်ဖြစ်သည်။
” NUG ရုံးခန်းကို ကင်ဘာရာမြို့တော်မှာ တရားဝင် ဖွင့်လှစ်နိုင်ပါတော့မယ်။ သြစတြေးလျအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလဲဖို့ ရှိလာချိန်မှာ အစိုးရ၊ လွှတ်တော်၊ သံတမန်အသိုင်းအဝန်းနဲ့ နီးနီးကပ်ကပ် နေထိုင် အလုပ်လုပ်နိုင်အောင် ပံ့ပိုးကူညီပေးကြတဲ့ သြစတြေးလျရှိ မြန်မာမိသားစုများ၊ CRPH/NUG Support Group အဖွဲ့ဝင်များကို ကျေးဇူးအထူးတင်ပါတယ်” ဟု ကိုယ်စားလှယ်ရုံးအကြီးအကဲ ဒေါက်တာထွန်းအောင်ရွှေက လူမှုကွန်ရက်တွင်ရေးသားထားသည်။ mizzima