ကလေးမြို့နယ် ပြည်တော်သာရွာတွင် စစ်တပ် ဝင်ရောက်တပ်စွဲသဖြင့် ဒေသခံများ စိုးရိမ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ဘက် ပြည်တော်သာကျေးရွာ နှစ်ခြင်းဘုရားကျောင်းထဲမှာ ဇူလိုင် ၂၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ လောက် ဝင်ရောက်တပ်စွဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုရားကျောင်းအနီးနေ ဒေသခံတဦးက “စစ်ကောင်စီတပ်တွေဟာ ဘုရားကျောင်းမှာ ညက အိပ်ကြတယ်။ ဘုရားကျောင်းအနီးနားက ပြည်သူတွေ ဆွေမျိုးအိမ်မှာ ပြောင်းရွှေ့ကြပြီး ရွာသားတွေကတော့ ရွာထဲကနေ ထွက်မပြေးကြဘူး။ ရိက္ခာအပြည့်အစုံ ပါလာတာ။ အချိန်ကြာကြာနေမယ့်သဘောတော့ ပေါ်တယ်။ ကျနော်တို့က ကြောက်လို့ မနေရဲဘူး။ ဆွေမျိုးအိမ်မှာ သွားနေကြတာ” လို့ ပြောပါတယ်။
ဧပြီ ၁၃ ရက်က စစ်ကောင်စီတပ်နဲ့ PDF-Kalay တပ်ဖွဲ့တွေဟာ ပြည်တော်သာကျေးရွာနဲ့ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားပြီး ပြည်တော်သာရွာသူတဦး သေဆုံးကာ PDF-Kalay တပ်ရင်း-၃ က ရဲဘော် ၄ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီ ၁၅ ရက်မှာ ပြည်တော်သာကျေးရွာ အသင်းတော်များ အမှုတော်ဆောင် မိတ်သဟာယအဖွဲ့က နောင်အခါ သူတို့ရွာထဲ တိုက်ပွဲမဖော်ဆောင်ဖို့ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ဆုံးဖြတ်ချက် ၉ ချက်ပါပြီး အဓိကအချက်ကတော့ ပြည်တော်သာကျေးရွာ အဓိကလမ်းမပေါ်မှာ ဘယ်သူပဲဖြစ်ဖြစ် လမ်း ပိတ်တားဆီးတာမလုပ်ဖို့၊ နောင်အခါ ပြည်တော်သာရွာကို စစ်မြေပြင်အဖြစ် အသုံးပြုပြီး တိုက်ခိုက်တာ၊ စစ်ရေးအရ နေရာယူတာတွေ မလုပ်ကြဖို့ လေးစားစွာ တောင်းဆိုအပ်ပါတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေအနေနဲ့ ကလေးမြို့နယ်မြောက်ပိုင်းကို အသွားအလာ မပြုလုပ်ကြဖို့ ကလေး PDF တပ်ဖွဲ့က သတိပေးထားပါတယ်။ DVB