မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်း ဖက် စစ်တပ်က စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေဟု ND- Burma က ပြောဆို

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်တပ်က စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေဟု ND- Burma က ပြောဆိုလိုက်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း စစ်တပ်က ထောင်နှင့်ချီသည့် အိုးအိမ်များကို မီးရှို့ဖျက်ဆီး၍ ပြည်သူများကို သတ်ဖြတ်နေကြာင်း၊ အကြမ်းဖက် ကျူးလွန်မှုများကြောင့် ပြည်သူများ အကျပ်အတည်းများ ဖြစ်ပေါ်ပြီး သောင်းနှင့် ချီသည့် စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးကာ ဆင်းရဲကျပ်တည်းစွာ နေထိုင်နေရကြောင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)၊ ND-Burma ၏ “အာဏာသိမ်းမှုအား ခုခံခြင်း” ၆ လပတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ်က တမင်ရည်ရွယ်၍ ပြည်သူများ၏ ဆန့်ကျင်မှုကို အကြမ်းဖက်မှုဖြင့် တုံ့ပြန်နေသည့်အတွက် ပြည်တွင်း ပဋိပက္ခများ ပိုမိုများပြားနေရခြင်းဖြစ်ပြီး ပြည်သူအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးရသည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်ရကြောင်းနှင့် စစ်ကောင်စီက ကြောက်မက်ဖွယ်အခြေအနေကို တွန်းပို့နေကြောင်း အစီရင်ခံတွင် ပါရှိသည်။

“ပြည်သူတွေ အားလုံးမြင်နေတဲ့အတိုင်းပဲ စစ်ကောင်စီက သူတို့ စစ်အာဏာသိမ်းမှုကို ပြည်သူတွေက လက်မခံကြဘူး။ နည်းမျိုးစုံနဲ့ ဆန့်ကျင်တယ်။ စစ်ကောင်စီက သူတို့ကို ဆန့်ကျင်တာကို မကြိုက်ဘူး။ သူတို့ကို လက်ခံစေချင်တယ်။ သူတို့ကို လက်မခံသူ ဆန့်ကျင်သူတွေကို ရန်သူလိုသတ်မှတ်ထားပြီး ရက်ရက်စက်စက်လူမဆန်စွာ တွေ့တဲ့ နေရာမှာ တွေ့သလို ရသလို ညဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုတွေ လုပ်တယ်။ အိမ်တွေ ရာတွေ မီးရှို့တယ်၊ ဗုံးကျဲတယ်။ မြို့မှာလည်း ကားနဲ့ တိုက်သတ်တယ်။ ရက်စက်မှုတွေ လုပ်တယ်။ သူတို့က ကြမ်းတမ်းတဲ့ ရက်စက်တဲ့ အကြောက်တရားတွေနဲ့ ပြည်သူတွေကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။ ပြည်သူတွေကလည်း လက်မခံဘူး။ ဒါကြောင့် စစ်ကောင်စီက တိုင်းပြည်ရဲ့ အခြေအနေကို ကြောက်မက်ဖွယ်အခြေအနေကို တွန်းပို့နေတယ်လို့ အဓိပ္ပာယ်ယူပါတယ်” ဟု ND-Burma မှ Advocacy Team အဖွဲ့ဝင် ကိုတိန်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

မြန်မာစစ်တပ်၏ ကျူးလွန်လျက်ရှိသည့် အတင်းအဓမ္မဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ပစ္စည်းဥစ္စာများ မတရားသိမ်းဆည်းခြင်း၊ လက်စတုန်းဖျောက်ဖျက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများ၊ လူသားများအပေါ် ဆန့်ကျင်သည့် ပြစ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ စသည်တို့ လုပ်ဆောင်နေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“၁၉၄၉ ခုနှစ် ချုပ်ထားတဲ့ ဂျနီဗာကွန်ဗန်းရှင်းအရ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်၊ နာကျင်အောင် ညဉ်းပန်းနှိပ်စက်မှုတွေလုပ်တာက စစ်ရာဇဝတ်မှုလို့ ပြောလို့ရတယ်။ ဘာလို့ဆို လက်ရှိဖြစ်ပွားသွားတဲ့ ချင်းပြည်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည် အဲဒီဒေသတွေမှာ စစ်ကောင်စီလုပ်သွားတဲ့ဟာတွေက စစ်ရာဇဝတ်မှုမြောက်တယ်။ လူသားများအပေါ် ဆန့်ကျင်တဲ့ ပြစ်မှုဆိုတာက လူတွေကို သတ်ဖြတ်တာ ၊ ပေါ်တာဆွဲတာ၊ အစအနေဖျောက်တာ ၊ ညဉ်းပန်းနှိပ်စက်တာ အကုန်လုံးပေါ့။ ဘာမှ စစ်ပွဲနဲ့ စစ်နဲ့ မဆက်စပ်တဲ့ လူတွေကိုပေါ့။ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေက လူသားများအပေါ် ဆန့်ကျင်တဲ့ ပြစ်မှုတွေပါ။ လက်ရှိအခြေအနေမှာ စစ်ကောင်စီက လုပ်နေတယ်ဆိုတာ ကျွန်တော်တို့ ပြောတာပါ”ဟု ND-Burma မှ Advocacy Team အဖွဲ့ဝင် ကိုတိန်ဦး‌က ပြောကြားသည်။

အရပ်သားပြည်သူများနေထိုင်ရာဒေသများတွင် အကြမ်းဖက်ကျူးလွန်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် စစ်အာဏာရှင်တပ်များကို ရုတ်သိမ်းရန် ND-Burma ၏ အစီရင်ခံစာတွင် တောင်းဆိုထားပြီး UN နှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အာဏာရှင်များ တာဝန်ယူ တာဝန်ခံမှုရှိလာစေရေး လက်တွေ့ကျသည့် အရေးယူမှုများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာအ ပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရေးကို ထောက်ခံ ကြိုဆိုကြောင်း၊ မြန်မာအခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်နှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန် စစ်အာဏာရှင်ကို သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွား ရေးအရ ဖိအားပေးအ‌ရေးယူရန် တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s