အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းသပိတ် ဆက်တိုက် ပြုလုပ်နေ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေ ယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးနောက် အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများက သပိတ်တိုက်ပွဲများ ပြုလုပ်နေကြကြောင်းသိရသည်။
အဆိုပါလေးဦးကိုစီရင်ပြီးနောက်တွင် သေဒဏ်ချမှတ်ခံရသူများကို အဆောင်ပြောင်းမှုများပြုလုပ်နေ၍ နိုင်ငံရေးအကျဉ်းသားများက အင်းစိန်ထောင်အတွင်း(Silent Strike) လှုပ်ရှားမှုများပြုလုပ်ခဲ့သဖြင့် အကျဉ်းထောင်အာဏာပိုင်များ၏ နှိပ်စက်မှုများရှိခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက မဇ္ဈိမကိုပြောသည်။
“သေဒဏ်ကိစ္စအတွက် မိန်းဆောင်မှာ ထောင်အာဏာပိုင်တွေနဲ့ မပူးပေါင်းရေး၊ ပြောဆိုဆက်ဆံခြင်း မပြုဘဲ silent strike နှစ်ရက်လုပ်ခဲ့တာကို ထောင်ဘက်ကအကြမ်းဖက်အင်အားသုံးပြီး ဖြိုခွင်းတယ်လို့ သိရပါတယ်၊ ပြီးတော့ အခုလည်း ဝန်ထမ်းအင်အား အလုံးအရင်းနဲ့ စောင့်ကြည့်နေတယ်၊ သေဒဏ်အမိန့် ချပြီး လူတွေကိုအဆောင်ပြောင်းတဲ့အချိန်မှာ မခံမရပ်နိုင်ကြလို့ တချို့ဆိုမျက်ရည်တွေပါ ကျကြတယ်။ သူတို့ကလည်း သူတို့အတွက်နဲ့ သူတို့မိသားစုအတွက် ပြည်သူတွေက ကြိုးပမ်းဆောင်ရွက်ပေးပါလို့မှာ တယ်” ဟု သတင်းရင်းမြစ်တစ်ခုက ဆို သည်။
အဆိုပါသတင်းစကားကို ယနေ့နေ့ညနေပိုင်းတွင် ရရှိခဲ့ခြင်းဖြစ်ပြီး လှုပ်ရှားမှုများပြုလုပ်ခဲ့သည့် နေ့ရက် များကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထို့အပြင် အကျဉ်းထောင်အတွင်း၌ နိုင်ငံရေးအကျဉ်းသားများက သေဒဏ်စီရင်ပြီးနောက် ဈေးမဝယ်ခြင်း နှင့် ကွမ်းယာမဝယ်ယူခြင်းဖြင့် သ ပိတ်ပြုလုပ်နေမှုများလည်းရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကပြောသည်။
“ဈေးပါးနဲ့ပတ်သက်ရင်လည်း မဝယ်တော့ဘူး။ ကွမ်းယာဆိုလည်း မစားတော့ဘူး။ အဲလိုပုံစံမျိုးနဲ့ နည်း နာပြောင်းပြီး သပိတ်လုပ်နေကြတယ်” ဟု ဦးထွန်းကြည်က ဆိုသည်။
အကျဉ်းသားများဈေးဝယ်ခြင်းနှင့် ကွမ်းယာဝယ်ယူခြင်းသည် ထောင်တွင်းအာဏာပိုင်များအတွက် ဝင်ငွေ ရပေါက်ရလမ်းတစ်ခုဖြစ်သည်။ ပြင်ပတွင် ရောင်းချနေသောဈေးများထက် ပိုမိုသောဈေးနှုန်းများဖြင့် အကျဉ်းသားများကိုရောင်းချနေပြီး အကျိုးအမြတ်များစွာရရှိသော အလုပ်တစ်ခုဖြစ်သည်။
ယခင်က နိုင်ငံရေးအကျဉ်းသားများသည် ထောင်တွင်းသပိတ်တိုက်ပွဲများကို ဆန္ဒထုတ်ဖော်ခြင်း၊ အစာ ငတ်ခံခြင်း၊ အာဏာဖီဆန်ခြင်းများပြု လုပ်လေ့ရှိသော်လည်း လက်ရှိအချိန်တွင် စစ်ကောင်စီမှ အပြင်း အထန် ဖိနှိပ်မှုများရှိနေခြင်းကြောင့် အထက်ပါသပိတ်များကိုပြုလုပ်နေကြရခြင်း ဖြစ်သည်။
“သူတို့ကအခုက ခေါင်းထောင်မထလာနိုင်အောင် နည်းနည်းလေးလှုပ်တာနဲ့ ဖြိုခွင်း၊ ညှင်းပန်းနှိပ်စက်တဲ့ အခါကျတော့ တိုက်ပွဲသဏ္ဍာန်ပြောင်းပြီးလုပ်တဲ့သဘောပေါ့” ဟု ဦးထွန်းကြည်ကဆိုသည်။
သေဒဏ်စီရင်ပြီးနောက်တွင် အကျဉ်းထောင်အတွင်း ဖိနှိပ်မှုအမျိုးမျိုးပြုလုပ်နေသည့်အပြင် တရားရုံးများ တွင် ရှေ့နေနှင့်အမှုသည်တို့ လွတ် လွတ်လပ်လပ်စကားပြောခွင့်မရခြင်း၊ မျက်စိဒေါက်ထောက်ကြည့်ခြင်း၊ လူစုပြီးမနေရခြင်းအထိ တင်းကြပ်မှုများပြုလုပ်နေသည်ဟုသိရသည်။ mizzima