စစ်ကိုင်း၊ မန္တလေးနှင့် ကရင်တို့တွင် စစ်တပ် ယာဥ်တန်းများနှင့် စစ်ကြောင်းများ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦး အပါ အဝင် ၃၂ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် စစ်တပ် ယာဥ်တန်းနှင့် စစ်ကြောင်းများ ဇူလိုင်လ ၃၀ ရက်နေ့တွင် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၃၂ ဦးခန့်သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အင်းတော်-ဗန်းမောက် လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ ခံရပြီး စစ်သား ၅ ဦး ထက်မနည်း သေဆုံး

==========================================

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အင်းတော်- ဗန်းမောက်လမ်းပိုင်းတွင် အင်းတော်အင်း ဘက်သို့ လာသည့် အင်အား ၇၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KIAနှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ထက်နည်းသေဆုံးခဲ့ကြောင်း Indaw Revolution-IRထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KIA နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အင်းတော်အင်း အနီးတွင် မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၅ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာသော စစ်သားများကို လူနာတင်ယာဥ် ၂ စီးဖြင့် အင်းတော်ဘက်သို့ သယ်ဆောင်သွားကြောင်း၊ စစ်တပ်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် သက္ကကျင်းရွာရှိ နေအိမ်တစ်ချို့ ထိခိုက်သွားပြီး ဒေသခံ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

မန္တလေးတွင် စစ်တပ်ယာဥ်တန်း မိုင်းဆွဲ ခံရပြီး အရာရှိ တစ်ဦးအပါအဝင် ၃ ဦးခန့်သေဆုံး

===========================================

မန္တလေးတိုင်း မြို့သာမှ ထွက်ခွာလာသည် စစ်ကား ၄ စီးပါ ယာဥ်တန်းကို ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နဂါးနီ ပြောက်ကျားတပ်ဖွဲ့မှ ပဒေသာမိုင်း ၅ လုံး​ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား ၂ စီးထိမှန်ကာ အရာရှိ ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

မြင်းမူတွင် စစ်တပ် ထောက်ပို့ ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးခန့်သေဆုံး

===========================================

စစ်ကိုင်တိုင်း မြင်းမူမြို့နယ်၊အလ္လကပ္ပရွာနှင့် ဝမ်းပြည့်ရွာ အကြားတွင် ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် စစ်တပ် ရိက္ခာပို့ ယာဥ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးခန့် သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)ထံမှ သိရသည်။

စစ်ကား ယာဥ်တန်းကို G4G PDF စစ်ကိုင်း ခရိုင် ပကဖ မိုင်းထုတ်လုပ်ရေး ဌာနခွဲ၊ DBBF8၊ Zero ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)နှင့် PKDF တို့က ပူးပေါင်း မိုင်းဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကလေး-တမူး လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်း ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးခန့်သေဆုံး

===========================================

စစ်ကိုင်းတိုင်း ကလေးဘက်မှ တမူးဘက်သို့ မောင်းနှင်လာသော စစ်ကား ၄ စီးနှင့် ၁၂ ဘီးကား ၁ စီး ပါ၀င်သော အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ PDF (Kalay) တပ်ဖွဲ့၀င်များက ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း PDF (Kalay) တပ်ဖွဲ့ထံမှ သိရသည်။

ပထမ အကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုကို ၅၆ မိုင်အနီးတွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ယာဥ်တန်း ရပ်တန့်သွားကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးပတ်၀န်းကျင်ကို ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တန်းသည် တမူးဘက်သို့ ဆက်လက် ထွက်ခွာလာစဥ် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်၌ နေကျော်လေးအနီးတွင် PDF (Kalay) တပ်ဖွဲ၀င်များက ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား ၃ စီး ထိမှန်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ကလေးမြို့ဘက်မှ ကား ၂ စီး ရောက်ရှိလာပြီး စစ်တပ်ယာဥ်တန်းမှ မိုင်းထိထားသော စစ်ကားများကို ဆွဲယူကာ အလောင်းကောက်ယူခြင်းများ ပြုလုပ်နေစဥ် PDF (Kalay) တပ်ဖွဲ့၀င်များက တတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးခန့် ထပ်မံ သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ်တန်းများ ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ၅၆ မိုင် နှင်းဆီခြံအနီးတွင် ပြည်သူ ၃ ဦးနှင့် နေကျော်လေးအနီး လမ်းဘေးစားသောက်ဆိုင်မှ ပြည်သူတချို့ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

မူတြော်ခရိုင်တွင် BGF ကား ၁ စီးကို KNLA တပ်မဟာ ၅က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး BGF တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

===========================================

KNU တပ်မဟာ ၅ လက်အောက်ခံ မူတြော်ခရိုင်တွင် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် ခန့် အချိန် အကြမ်းဖက် စစ်တပ် လက် အောက်ခံ နယ်ခြားစောင့်တပ် (BGF-Border Guard Force)၏ ကားတစ်စီးကို ဝါသိုးခိုရွာနားရှိ ကမမို (ကမမောင်း)နှင့် ကတဲတိ (ကတိုင်တိ) ကားလမ်းပိုင်းတွင် KNU က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်BGF တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဉီးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s