စစ်ကောင်စီ၏ သေဒဏ် ၃ ကြိမ်ချမှတ်ခံထားရသည့်အပြင် အမှုများစွာ ဆက်လက်ရင်ဆိုင်ရန် ကျန်ရှိ နေသည့် ဒဂုံတက္ကသိုလ်ကျောင်း သားဟောင်း

စစ်ကောင်စီ၏ သေဒဏ်သုံးကြိမ် ချမှတ်ခြင်းခံထားရသည့်အပြင် ဒဂုံတက္ကသိုလ် ကျောင်းသားဟောင်း အသက် ၂၅ နှစ်အရွယ် ကိုဝေယံထွန်းမှာ နောက်ထပ်ပြစ်ဒဏ်များ ထပ်မံချမှတ်နိုင်ကြောင်း သိရသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ကိုဝေယံထွန်းကို စစ်ကောင်စီ၏တရားရုံးများတွင် သေ ဒဏ်သုံးကြိမ်အထိ ချမှတ်ခဲ့ပြီးဖြစ်သော်လည်း‌ နောက်ထပ်ရင်ဆိုင်ရန် အမှုများကျန်ရှိ နေသေးကြောင်း ကိုဝေယံထွန်း၏ သူငယ်ချင်းဖြစ်သူထံမှ သိရသည်။

“ကျွန်တော်တို့သိရတာကတော့ သူ့ကို သေဒဏ်သုံးခါ ချပြီးသွားပြီ။ အခုနောက်ထပ် အမှုတွေထပ်ပြီး ရင်ဆိုင် နေရတယ်လို့သိရပါတယ်” ဟု ကိုဝေယံထွန်း၏ သူငယ်ချင်းဖြစ်သူက ပြောသည်။

စစ်ကောင်စီက ကိုဝေယံထွန်းကို တောင်ဒဂုံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအချို့ ကို သတ်ဖြတ်မှုများတွင်ပါဝင်သည်ဟု စွပ်စွဲ၍ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဖမ်းဆီးစဉ်က စုစုပေါင်း လူငယ် ၁၉ ဦးခန့်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သော်လည်း တပြိုင်နက် တည်းဖမ်းဆီးခြင်းမဟုတ်ဘဲ စစ်ကြောရေးများပြုလုပ်၍ တဆင့်ပြီးတဆင့် ထပ်မံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မဇ္ဈိမက ရရှိထားသည့် သတင်းအချက်အလက်များအရ ထိုသို့ဖမ်းဆီးခံခဲ့ရသူများထဲတွင် ကိုဇင်မင်းကျော်၊ ကိုအောင်မင်းသူ(ခ)ကိုသူ၊ ကိုအောင်ကိုမင်း(ခ)လင်းညို၊ ကိုထက်ပိုင်စိုး(ခ)ဖိုးထက်၊ ဝေယံထွန်း(ခ)ဝေယံ တို့သည် စစ်ကောင်စီ၏ သေဒဏ်များချမှတ်ခြင်း ခံထားရသူများ ဖြစ်သည်။

စစ်ကောင်စီ၏ သေဒဏ်ချမှတ်ခံထားရသူများအနက် ကိုထက်ပိုင်စိုးသည် သေဒဏ် လေးကြိမ် ချမှတ်ခံ ထားရပြီး ကိုဝေယံထွန်းသည် သေ ဒဏ်သုံးကြိမ်ချမှတ်ခံထားရသူ ဖြစ်သည်။

ကိုဝေယံထွန်းသည် လက်ရှိအချိန်တွင် သေဒဏ်ချမှတ်ခံထားရမှုများအတွက် အယူခံဝင်ခွင့်မရဘဲ သနား ခံစာတင်ထားရသည့် အနေအထားတွင်သာရှိကြောင်း ၎င်း၏ သူငယ်ချင်းဖြစ်သူထံက သိရသည်။

ကိုဝေယံထွန်းသည် အင်းစိန်ထောင် သေဒဏ်တိုက်၊ အခန်း (၅၉) တွင် သေဒဏ်ကျ အခြားနှစ်ဦးနှင့် အတူ ရှိနေသည်။ အဆိုပါ ရှိနေသူနှစ်ဦးတွင် ၎င်း၏ အမှုတွဲဖြစ်သူ ကိုထက်ပိုင်စိုးလည်း ပါဝင်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကိုဝေယံထွန်းနှင့် ၎င်း၏ရှေ့နေတို့ အွန်လိုင်းမှ တဆင့်တွေ့ဆုံခွင့်ရခဲ့ရာတွင် ယခင်ကအတူရှိနေခဲ့သည့် သုံးဦးအနက်တစ်ဦးမှာ အခန်းအတွင်း၌ရှိမနေဘဲ ပြောင်းရွှေ့သွားရခဲ့ရသည် ဟုသိရသည်။ ထိုသို့ ပြောင်းရွှေ့သွားခဲ့ရသူမှာ ကိုထက်ပိုင်စိုးဟုသိရသော် လည်း မဇ္ဈိမက သီးခြားအတည် ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီသည် ဦးဂျင်မီ အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦး ကို မတရားသေဒဏ် စီရင်ခဲ့သည်။ ထိုသို့ သေဒဏ်စီရင်ပြီးနောက်တွင် သေဒဏ်ကျအကျဉ်းသားများကို နေရာပြောင်းရွှေ့မှုများ၊ မိသားစုဝင် များနှင့်တွေ့ဆုံပေးနေမှုများရှိသည့်အတွက် မိသားစုများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြသလို အင်းစိန် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများသည် စစ်ကောင်စီအား သပိတ်မှောက် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s