ဆားလင်းကြီးတွင် အများပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် စစ် ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံး၊ ချင်း တွင်းမြစ်တွင် စစ်ကောင်စီ၏ ထောက်ပို့ရေ ယာဉ်များကို တိုက်ခိုက်ရာ စစ်သား ထိခိုက်မှုရှိ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အများပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၂၉ ရက်နေ့၌ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို SRA၊ CDF၊ သေမင်းတမန်အထူးပြောက်ကြားတပ်၊ SPDF၊ ရွှေညီကိုပြောက်ကြားအဖွဲ့၊ မုံရွာခရိုင် PDF တပ်ရင်း ၂၊ ၃၊ ၄ တို့က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ ဇူလိုင်လ ၃၀ ရက်တွင်လည်း ချင်းတွင်းမြစ်အကြောင်းအတိုင်း ဆားလင်းကြီးဘက်သို့ ရိက္ခာပို့ပြီး ပြန်ဆန်တက်လာသော စစ်ကောင်စီ ထောက်ပို့ရေယာဉ်ကို သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့၊ SRA၊ CDF၊ စစ်သူကြီးပြောက်ကြားတပ်ဖွဲ့၊ ရွှေညီကိုပြောက်ကြားတပ်ဖွဲ့များနှင့်ညီနောင်မဟာမိတ်များက ရှော့တိုက်ဒုံးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ထိခိုက်သေဆုံးမှုရှိကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit