“တူညီဆန္ဒ ၅ ရပ်” ကို ကြိုးစင်တင်ခဲ့သော မင်းအောင်လှိုင်ကို အာဆီယံ အရေးယူနိုင်မလား 

“အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပါ” ဟု နိုင်ငံတကာအစိုးရများနှင့် အရှေ့တောင်အာရှ ဆယ်နိုင်ငံစုပေါင်းဖွဲ့ထားသည့် အာဆီယံအဖွဲ့ကြီး ၏ ခေါင်းဆောင်များက အကြိမ်ကြိမ်တောင်းဆို မေတ္တာရပ်ခံနေသည့်ကြားမှ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒီမိုကရေစီခေါင်းဆောင်များကို သွေးအေးအေးဖြင့် ထပ်မံအကြမ်းဖက် ကြိုးပေးသတ်ဖြတ်ခဲ့သည်။ 

၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပရန် အချိန်တပတ်အလိုတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားသူ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ကို စစ်ကောင်စီက ကွပ်မျက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။   

“လူသားအသက်ရှင်သန်ခွင့်” (The right to life) ကို ငြင်းဆန်ခဲ့သော မင်းအောင်လှိုင်၏ အကြမ်းဖက်အပြုအမူသည် အာဆီယံခေါင်းဆောင်များချမှတ်ခဲ့ပြီး၊ ၎င်းကိုယ်တိုင် သဘောတူခဲ့သော “တူညီဆန္ဒ ၅ ရပ်” ကို တပါတည်း ကြိုးစင်တင် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

ထိုလုပ်ရပ်က မြန်မာနိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးဖြေရှင်းရေး ဆိုသည့် နိုင်ငံတကာ၏ မျှော်လင့်ချက်ကိုပါ စစ်ကောင်စီက အတိအ လင်း ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ထောက်ခံထားသော မြန်မာအရေး အာဆီယံက ဖြေရှင်းရေး ရပ် တည်ချက်ကို အကြီးအကျယ်စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ 

အစွန်းရောက် စစ်အုပ်စုကြောင့် မြန်မာပြည်၏ လူသားကပ်ဆိုးဆိုက်နေခြင်းကို အာဆီယံ မကယ်နိုင်

မြန်မာ့ပြဿနာသည် နိုင်ငံရေးအကျပ်အတည်း (Political Crisis) သက်သက်မဟုတ်တော့ပါ။ လူသား ကပ်ဆိုးဆိုက်ခြင်း (Human Catastrophe) ဆီသို့ ဦးတည်ရွှေ့လျားနေသည်ကို ရှင်းလင်းစွာ တွေ့မြင်နေရပြီ ဖြစ်သည်။ လူသန်းပေါင်းများစွာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများတွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုဂယက်ကြောင့် အတိဒုက္ခရောက်နေကြပြီဖြစ်သည်။ 

သို့သော် မြန်မာ့အရေးကို စစ်အုပ်စုနှင့် ဒီမိုကရေစီအင်အားစုအကြား ဖြစ်ပွားသော နိုင်ငံရေးအကျပ်အတည်းအဖြစ် ကုလသမဂ္ဂနှင့် နိုင်ငံတ ကာအသိုက်အဝန်းက ရှု့မြင်နေပြီး၊ အာဆီယံက ကြားဝင်ဖြေရှင်းနိုင်မည့် အလား မျက်နှာလွှဲထား ကြသည်။  

စစ်အုပ်စု၏ တနေ့တခြား ဆိုးရွားလာနေသော အစွန်းရောက် အကြမ်းဖက်မှုများက ဖန်တီးပေါ်ပေါက်လာသည့် မြန်မာနိုင်ငံက လူသားကပ်ဆိုးဆိုက်ခြင်းကို အာဆီယံ မကယ်နိုင်ပါ။ မြန်မာ့အရေး ကြားဝင်ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သော “တူညီဆန္ဒ ၅ ရပ်” တစ်နှစ်ကျော်လာသည်အထိ တိုးတက်မှုမရှိရုံမျှမက ပို၍ပင် အကြမ်းဖက်ပြနေခြင်းက ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးများကိုသာမက အာဆီယံကိုပါ စစ်ကောင်စီက ဂရုမပြုကြောင်း အတိအလင်းထုတ်ဖော်နေခြင်းဖြစ်သည်။ 

သို့သော် အာဆီယံခေါင်းဆောင်များ၏ပြဿနာမှာ မြန်မာအရေးကို ၎င်းတို့ ဖြေရှင်းနိုင်စွမ်းမရှိကြောင်း လူသိရှင်ကြား ဝန်ခံကြေညာခြင်းမရှိဘဲ ဖြေရှင်းနိုင်သယောင်ယောင် အချိန်ဆွဲနေခြင်း ဖြစ်သည်။  

အာဆီယံ၏ ထိုအပြုအမူသည် စစ်အုပ်စုက စိတ်တိုင်းကျ အကြမ်းဖက်မှုများ ကျူးလွန်ရန်နှင့် စစ်အာဏာရှင်စနစ် အခြေခိုင်မာစေရန် တည် ဆောက်ခွင့်ပေးနေပြီး၊ တဖက်တွင် သန်းနှင့်ချီသော မြန်မာပြည်သူများ ဆင်းရဲဒုက္ခ ပိုမိုဆိုးရွားသထက် ဆိုးရွားစွာ ခံစားရအောင် အချိန်ဆွဲပေးသကဲ့သို့ ဖြစ်နေသည်။

အာဆီယံ၏ ပြတ်သားသော ဆုံးဖြတ်ချက် အရေးတကြီးလိုအပ်

မကြာမီ ကျင်းပတော့မည့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ယခုနှစ်မကုန်မီ ကျင်းပမည့် ထိပ်သီးအစည်း အဝေးများတွင် အာဆီယံခေါင်းဆောင်များ မြန်မာ့အရေး ပြတ်သားသော ဆုံးဖြတ်ချက်ချရန် အရေးတကြီးလိုအပ်နေပြီ ဖြစ်သည်။ 

အာဆီယံခေါင်းဆောင်များ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနေပုံက ပြဿနာကို အမှန်တကယ် ကူညီဖြေရှင်းပေးနေခြင်းလား၊ သို့မဟုတ် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာအရေးကြောင့် အာဆီယံ၏ ဂုဏ်သိက္ခာ မကျဆင်းရေး၊ အာဆီယံဗဟိုပြုမှု မထိခိုက်ရေးကို အဓိကထား ခုခံကာကွယ်နေခြင်းလား ရှင်းရှင်းလင်းလင်း ဆုံးဖြတ်သင့်ပါသည်။

“မြန်မာ့အိမ်နီးချင်းနိုင်ငံများ ပိုပြီးတာဝန်ယူသင့်တဲ့အချိန် ရောက်ပြီဆိုတာ ရှင်းပါတယ်။ အာဆီယံဟာ တနိုင်ငံချင်းဖြစ်စေ၊ စုပေါင်းပြီးဖြစ်စေ ရှေ့တိုးလုပ်ဆောင်ရမယ့်အချိန် ဖြစ်ပါတယ်။ မြန်မာပြည် ကသောင်းကနင်းနဲ့ ပြည်တွင်းစစ်ထဲ နစ်မွန်းအောင် စစ်ကောင်စီ လုပ်နေတာက ဒေသတခုလုံးကိုပါ ရိုက်ခတ်လာပါလိမ့်မယ်” ဟု သြဇာတိက္ကမကြီးမာသည့် အမေရိကန်အထက်လွှတ်တော်အမတ်လည်းဖြစ်ပြီး၊ ရီပါဘလေကန်ပါတီကြီး၏ ခေါင်းဆောင်ဖြစ်သူ Mitch McConnel က ကြေညာချက်ထုတ်ပြန်ပြီး အာဆီယံခေါင်းဆောင်များကို တောင်းဆိုခဲ့ပါသည်။

“စစ်ကောင်စီအပေါ် စီးပွားရေးအရ ဩဇာအလွှမ်းမိုးဆုံးက မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပြီး၊ အကျိုးစီးပွား ဆုံးရှုံးနိုင်ချေ အန္တရာယ်အများဆုံးကလည်း ၎င်းတို့ပဲ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့နယ်စပ်မှာ ဆီးရီးယားနိုင်ငံလို ပြည်တွင်းစစ်ကြီးကြောင့် ပျက်စီးနေတဲ့ ကျရှုံးနိုင်ငံတခု ရှိနေချင်လား ဒါမှမဟုတ် ရုရှားနဲ့ တရုတ်တို့ရဲ့ လိုရာကြိုးဆွဲကနေတဲ့ လက်ဝေခံနိုင်ငံတစ်နိုင်ငံ အာဆီယံထဲမှာ ရှိနေချင်တာလား” ဟု Mitch McConnell က အာဆီယံနိုင်ငံများကို မေးခွန်ထုတ်ခဲ့ပါသည်။

အတည်မပြုနိုင်သေးသော သတင်းရင်းမြစ်များအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ပြီး၊ အထီးကျန်ဝါဒ (Isolationism) ကျင့်သုံးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်ဟု သိရှိရသည်။ အကယ်၍ အာဆီယံက ထပ်မံဖိအားပေးလာပါက ထိုဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်နိုင်ဖွယ် ရှိသည်။

အာဆီယံခေါင်းဆောင်များ၏ အကျပ်အတည်းမှာ မြန်မာက အာဆီယံမှ နုတ်ထွက်သွားလျှင် “အာဆီယံ အနုတ် ၁” ဖြစ်သွားမည်ကို မလိုလားသော်လည်း၊ မင်းအောင်လှိုင်ကို ကာကွယ်မည် ဆိုပါက အာဆီယံ ပဋိညာဉ် အခန်း (၂) တွင် ပြဋ္ဌာန်းထားသော အခြေခံစည်းမျဉ်းများကို ၎င်းတို့ကိုယ်တိုင် မလိုက်နာကြောင်း ထင်ရှားစေပြီး၊ ပဋိညာဉ်၏ ဂုဏ်သိက္ခာနှင့် အသက်ဝိညာဉ် ကင်းမဲ့သွားနိုင်သလို၊ အာဆီယံနှင့် မိတ်ဖက်ဒီမိုကရေစီနိုင်ငံများအကြား ဆက်ဆံရေးတွင် အာဆီယံဗဟိုပြုမှု (ASEAN Centrality) ကိုပါ ထိခိုက်စေပါလိမ့်မည်။

အဖွဲ့ဝင်နိုင်ငံများ လိုက်နာရမည့် အာဆီယံပဋိညာဉ်ပါ အခြေခံစည်းမျဉ်းများထဲက အထူးသဖြင့် တရားဥပဒေစိုးမိုးမှု (Rule of Law)၊ ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance)၊ ဒီမိုကရေစီ အခြေခံစည်းမျဉ်းများ (Principles of Democracy)၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်သောအစိုးရ (Constitutional Government) ၊ အခြေခံ လွတ်လပ်ခွင့်များကို လေးစားခြင်း (Respect for Fundamental Freedoms)၊ လူ့အခွင့်အရေးကို တိုးမြှင့်ကာကွယ်ပေးခြင်း (Promotion and Protection of Human Rights) နှင့် လူမှုတရားမျှတမှုကို တိုးမြှင့်ဆောင်ရွက်ခြင်း (Promotion of Social Justice) တို့ကို ချိုးဖောက်ပြီး တရားမဝင်အာဏာသိမ်းထားသော မင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် ပဋိညာဉ်ကို ပျက်ရယ်ပြုနေခြင်းကို အာဆီယံခေါင်းဆောင်များ မည်သို့မျှ မဟန့်တားနိုင်ကြပါ။

ယခုအချိန်သည် အာဆီယံခေါင်းဆောင်များက စစ်ကောင်စီကို ပိုမိုဖိအားပေးပြီး၊ အာဆီယံပဋိညာဉ်နှင့် အာဆီယံဗဟိုပြုမှုကို ကာကွယ်မလား၊ အဆိုပါ ဖိအားပေးမှုကို မခံနိုင်ဘဲ မင်းအောင်လှိုင်က အာဆီယံအဖွဲ့ထဲက ထွက်မလား ဆိုသည့် အခြေအနေကို ဆိုက်ရောက်လာနေပြီ ဖြစ် သည်။ 

အကယ်၍ မင်းအောင်လှိုင်က အာဆီယံထဲမှ ထွက်ကြောင်း ကြေညာပါက၊ အာဆီယံက ထုတ်ပယ်ခြင်းမဟုတ်၍ အာဆီယံခေါင်းဆောင် အများစုက တားဆီလိမ့်မည်ဟု မထင်ပါ။ 

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ပြီး တရားမဝင် အာဏာသိမ်းထားသော စစ်ခေါင်းဆောင်၏ ဆုံးဖြတ်ခြင်းကို အာဆီယံက လက်ခံလိုက်ပါက တရားဝင်မှုဆိုင်ရာပြဿနာ (Legitimacy Issue) နှင့် တရားဥပဒေဆိုင်ရာ ပြဿနာ (Legal Issue) ပေါ်ပေါက်နိုင်ဖွယ် ရှိသည်။ 

အာဆီယံပဋိညာဥ်နှင့်အညီ NUG ကို အသိအမှတ်ပြုခြင်း (သို့) အာဏာချိန်ခွင်လျှာညှိခြင်း 

ကုလသမဂ္ဂကဲ့သို့ပင် အာဆီယံအသင်းကြီးသည် မြန်မာနိုင်ငံ၏ နိုင်ငံအကြီးအကဲ (Head of State) ကို သမ္မတဦးဝင်းမြင့် အဖြစ် ယနေ့အချိန်ထိ လက်ခံထားဆဲဖြစ်ကြောင်း အာဆီယံ၏ တရားဝင် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ 

ထို့ကြောင့် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံကို အာဆီယံက နုတ်ထွက်ကြောင်း ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာ မရှိသလို၊ အာဆီယံအသင်းကြီးကလည်း ၎င်းတို့၏ ပဋိညာဉ်အရ မင်းအောင်လှိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင် ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရအဖွဲ့တခု၏ အကြီးအကဲ မဟုတ်သဖြင့် လက်ခံ၍ မရနိုင်ပါ။

သို့သော် လက်တွေ့တွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုက မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နှင့် အခြားမြို့ကြီးကို ထိန်းချုပ်ထားသောကြောင့် အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်သွယ်ဆောင်ရွက်မှုများ ပြတ်တောက်သွားနိုင်ပါသည်။ 

သို့ရာတွင် အာဆီယံအတွက် အခြားနည်းလမ်းတခု ရှိပါသေးသည်။ ယင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ဖွဲ့စည်းပေါ်ပေါက်လာသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြု ဆက်ဆံခြင်း ဖြစ်သည်။    

အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် မလေးရှားအစိုးရသည် စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုဆက်ဆံကြောင်း ရှင်းလင်းပြတ်သားစွာ လက်တွေ့ထုတ်ဖော်ပြသခဲ့သည့် တခုတည်းသောနိုင်ငံ ဖြစ်ပါသည်။ 

မလေးရှား၏ ထိုရပ်တည်ချက်သည် အဖွဲ့ဝင်နိုင်ငံတခု၏ ရပ်တည်ချက်သက်သက်လား၊ အာဆီယံပဋိညာဉ်နှင့် ညီညွတ်မှုရှိသလား ဆိုသည်ကို  လေ့လာရန် လိုအပ်သည်။

NUG အစိုးရ၏အကြီးအကဲမှာ သမ္မတဦးဝင်းမြင့် ဖြစ်ပြီးသောကြောင့် အာဆီယံ၏ လက်ခံထားမှုနှင့်လည်း ကိုက်ညီလျက်ရှိသည်။ ထို့ကြောင့် NUG ကို လက်ခံဆက်ဆံခြင်းဖြင့် မင်းအောင်လှိုင်၏ အာဆီယံထဲက နုတ်ထွက်ခြင်းသည် တရားမဝင်ကြောင်း ပြသနိုင်သလို၊ ထိုလုပ်ရပ်သည် အာဆီယံ ပဋိညာဉ်နှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သည်။ 

သို့ဆိုလျှင် မင်းအောင်လှိုင် ဖန်တီးလိုက်သောကြောင့် ဖြစ်ပေါ်လာသော အာဆီယံ၏ အဖွဲ့အစည်း ဆိုင်ရာ အကျပ်အတည်း (Institutional Crisis) ကို ဖြေရှင်းပြီးသား ဖြစ်သလို၊ NUG ကို အသိအမှတ်ပြုမှု တဆင့်တိုးမြှင်လိုက်ခြင်းက စစ်ကောင်စီကို အထိရောက်ဆုံး ဖိအားပေးနိုင်ခြင်းဖြစ်သည်။ 

ထို့အခြေအနေသည် အာဆီယံဗဟိုပြုမှုနှင့် ဒေသတွင်းဩဇာ (ASEAN Centrality and Influence) ကို နိုင်ငံတကာအလယ်တွင် ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ အာဆီယံသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းလုပ်ဆောင်နိုင်မည်ဖြစ်ပြီး လက် တွေ့ကျသောနည်းလမ်းများ ပေါ်ပေါက်လာပေလိမ့်မည်။ 

မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို တိုက်ရိုက်ချိန်းခြောက်နိုင်သော ဖိအားပေးမှု မရှိသရွေ့၊ စစ်အုပ်စု၏ မြန်မာပြည်သူများကို အကြမ်းဖက်သတ် ဖြတ်မှုများ၊ မြို့ရွာများကို မီးရှို့ဖျက်ဆီးမှုများ ရပ်တန့်မသွားနိုင်သလို၊ အာဆီယံ ကြိုးပမ်းနေသော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ် ပေါက်ရန် မဖြစ်နိုင်ပါ။ 

သို့သော် အာဆီယံသည် NUG ကို အသိအမှတ်ပြုဆက်ဆံလိုက်ခြင်းဖြင့် အာဏာချိန်ခွင်လျှာ (Power Balance) ပြောင်းလဲပေးလိုက်ခြင်းကြောင့် မင်းအောင်လှိုင်၏ အစွန်းရောက်အပြုအမူများကို မလိုလားသော စစ်တပ်အတွင်းက အုပ်စုများ အားကောင်းလာပြီး၊ စစ်တပ်အတွင်း ရိုက်ခတ်မှုများ ကြီးကြီးမားမား ရှိလာနိုင်ပါသည်။ ထိုမှတဆင့် အကြမ်းဖက်မှု အရှိန်ရပ်တန့်နိုင်ခြင်းနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ပေါက်ခြင်းတို့ ဖြစ်နိုင်ပေလိမ့်မည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s