မြိတ်မြို့ သာကေတရပ်ကွက်ရှိ ရပ်ကွက်မီး သတ်ကင်းတဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ သာကေတရပ်ကွက်ရှိ အရန်မီးသတ်ကင်းတဲတွင် ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့ ည ၈ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်မှုအချို့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မီးသတ်ကင်းတဲ၌ ဗုံးပေါက်ကွဲမှုကြောင့် အရန်မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
“မီးသတ်တပ်ဖွဲ့ဝင်နှစ်ယောက် ထိတယ်ကြားတယ်။ တစ်ယောက်က အပြင်းထန်ဒဏ်ရာရတယ်။ ဗုံး ပေါက်ကွဲပြီးနောက်ပိုင်း မြိတ်ကမ်းနားလမ်းနဲ့ရပ်ကွက်ထဲမှာ စစ်တပ်က လာစစ်ဆေးသွားတယ်” ဟု ပြော သည်။
အဆိုပါဖောက်ခွဲမှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ဟုသတင်းရရှိ၍ ပြုလုပ်ခြင်းဖြစ်သည်ဟု ယနေ့နံနက်ပိုင်းက ထုတ်ပြန်ထားသည်။
စစ်ကောင်စီကချပေးထားသော လက်နက်ကိုင်ဆောင်၍ စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ ပြည်သူများ ကိုဖမ်းဆီးနေသည့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူနှင့်အတူပူးပေါင်းပါဝင်ပေးကြရန်လည်း ထုတ် ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။
ယင်းဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ဆေးရုံသို့ ယမန်နေ့ညက တင်ပို့လိုက်ပြီး ယင်းနှစ်ဦးအနက် မီးသတ်တပ်ဖွဲ့ဝင် ကျော်ထိုက်ဆိုသူသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
လက်ရှိတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်သတင်းကို စစ်ကောင်စီက ရပ်ကွက်နေပြည်သူများအား သတင်း မဖြန့်ဝေရန် လိုက်လံခြိမ်းခြောက်၍ သတင်းဖုံးကွယ်ခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။ mizzima