ဟားခါးမြို့ သင်္ချိုင်းကုန်းအနီး တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၅ဦးသေဆုံး

ချင်းပြည်နယ် ဟားခါးမြို့မှ ထန်တလန်မြို့ဘက် အထွက် သင်္ချိုင်းကုန်းအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသွား ကြောင်း သိရသည်။

“မနေ့ညက သင်္ချိုင်းကုန်းတောင်ပေါ်မှာ လာအိပ်ပြီး မနက်မှ တံတားပြင်ဘို့အတွက် ဆောက်လုပ်ရေးကိရိယာတွေ တင်ထားတဲ့ကားတွေနဲ့ ရှေ့ကိုတိုးလာတဲ့အခါမှာ တိုက်ခဲ့တာပါ” ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမကိုပြောသည်။

ဇွန်လိုင်လ ၃၀ရက် မနက် ၁၀နာရီ ၃၇မိနစ်တွင် အင်အား ၄၀ခန့် နှင့် ဆောက်လုပ်ရေးပစ္စည်းများတင်ဆောင်လာသော ကားများအား လုံခြုံရေးယူလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲစတင်ဖြစ်ပွားပြီး နေ့လယ် ၂နာရီ ၃၀မိနစ်တွင် တပ်လန်၍ မြို့တွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၉ရက် ယမန်နေ့က ဟားခါးမြို့သို့ ရဟတ်ယာဉ်ဖြင့် လက်နက်နှင့် ကျည်များအပါအဝင် အင်အား ၃၀ခန့်ဖြင့် ပို့ဆောင်သော တပ်အသစ်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၈ရက်နေ့မှ စတင်ပြီး ဖလမ်းမြို့မှ ဟားခါးမြို့သို့ စစ်ကား ၂၇စီး အင်အား ၂၀၀ခန့်ဖြင့် ဆောက်လုပ်ရေးပစ္စည်းများ သယ်ဆောင်လာသော စစ်ကြောင်းအား CNA နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲများက တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အကျအဆုံးများပြားခဲ့သည့်အပြင် ကျည်အများအပြားအသုံးပြုခဲ့သဖြင့် ယခုကဲ့သို့ လူ ၊လက်နက် အင်အား ထပ်မံဖြည့်တင်း၍ ထန်တလန်မြို့ဖက်သို့ ထွက်ခွာရန် ကြိုးစားလာခြင်းဖြစ်ကြောင်း ဆိုသည်။

ယခု တိုက်ပွဲဖြစ်ပွားသည့် နေရာပတ်ဝန်းကျင် အနေထားအရ ချင်းကာကွယ်ရေးတပ်ဖက်မှ အခွင့်အရေးကောင်းမွန်လျက်ရှိပြီး ယင်းနေရာမှ ကျော်လွန်သွားခဲ့ပါက ကျည်ကွယ်မျက်ကွယ်ရှားပါးပြီး ဒေသခံတပ်များအတွက် စစ်ကောင်စီတပ်များကို တားဆီးရန်အခက်အခဲများရှိနိုင်ကြောင်း သုံးသပ် ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဟားခါးမြို့နှင့် ထန်တလန်မြို့ အကြားရှိ ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ဖျက်ဆီးထားသည့် သီးမြစ် တံတားအား ပြုပြင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး ထိုတံတား ပြုပြင်ပြီးမှ ထန်တလန်မြို့သို့ စစ်ကူများ ပို့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၃၀ရက်နေ့က ဟားခါးမြို့တွင် ထန်တလန်မြို့ပြန်လည်ထူထောင်ရေး နှင့် ပြည်လည်တည်ဆောက်ရေးအတွက် စစ်ကောင်စီမှ ထန်တလန်မြို့နယ်အတွင်းရှိ ဘာသာရေးခေါင်းဆောင်များ ဖိတ်ခေါ်ဆွေးနွေးခဲ့သည့်အပေါ် ပြည်သူများ စစ်ကောင်စီ၏ လှည့်ဖျားချက်ကို နားမယောင်ကြရန် ကာကွယ်ရေးတပ်ဖွဲ့များမှ အထူးသတိပေးထားခဲ့သည်။

အဆိုပါ သီးမြစ်ချောင်းကူးတံတားသည် ဟားခါးမြို့မှ ငါးမိုင်ခန့် အကွာတွင် တည်ရှိပြီး၊ ဟားခါးမြို့နှင့် ထန်တလန်မြို့သည် ၂၂မိုင်ခန့်ကွာဝေးကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s