အမှောင်ဆုံးခေတ် ထောင်နှုတ်ခမ်း လမ်း လျှောက်ရသူမျာ

ထောင်တွင်းတရားရုံး သွားရမည့်နေ့တိုင်း ရှေ့နေ မမယ်အေးအတွက် မဖြစ်မနေ အလုပ်တစ်ခုရှိသည်။ မပြီးပြတ်သေးသော အလုပ်များ၊ ပုဂ္ဂိုလ်ရေးကိစ္စများကို စိတ်ချရသူများထံ မှာကြားကာ နှုတ်ဆက်စရာ ရှိသူများကို တစ်ခါတည်း နှုတ်ဆက်ခြင်းဖြစ်သည်။

တရားရုံးသွားရင်း သူပါ အဖမ်းခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ရှေ့နေ မမယ်အေး (အမည်လွှဲ) မှာ ရန်ကုန်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ဗဟိုအကျဉ်းထောင် ပရိဝုဏ်အတွင်း ပြုလုပ်သည့် ထောင်တွင်း တရားရုံးများကို မကြာခဏ သွားရောက်ရသူဖြစ်သည်။​

အသက် ၃၂ နှစ်အရွယ် မမယ်အေးမှာ နိုင်ငံရေးမှုများတွင် ရှေ့နေလိုက်ပေးနေသူဖြစ်သည်။ ၂၀၁၂ တွင် လိုင်စင်ရခဲ့သည့် လူငယ်ရှေ့နေတစ်ဦးဖြစ်သည်။​ အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်သူများ အဖမ်းခံရပြီး တရားစွဲဆိုခံရချိန်တွင် အခမဲ့ရှေ့နေလိုက်ပေးမည်ဟု လူမှုကွန်ရက်တွင် ကြေညာခဲ့သူလည်း ဖြစ်သည်။ လက်ရှိတွင် အမှုပေါင်း ၂၈ မှုကို အခမဲ့ ဥပဒေဝန်ဆောင်မှုပေးနေသည်။ 

အမှုလိုက်ရင်း ထောင်ဝတွင် အဖမ်းခံရသည့်ရှေ့နေများအကြောင်း ကြားရတိုင်း မမယ်အေးတစ်ယောက် ရတတ်မအေးနိုင်ပေ။ အနည်းဆုံး တစ်ပတ်နှစ်ကြိမ် အင်းစိန်ထောင်သွားနေရသဖြင့် စိတ်တထင့်ထင်ရှိလှ သည်။ အဖမ်းခံရမည်လား ဆိုသောစိတ်ဖြင့် တရားရုံးမသွားခင် မှာစရာရှိတာ မှာသွားရသည်။ 

“ပြန်မထွက်လာနိုင်တော့ရင် ဒါမှမဟုတ် အမှုစစ်အပြီး ထောင်ဝမှာ ဆီးဖမ်းလိုက်ပြီးတော့ စစ်ကြောရေး ခေါ်သွားတယ်ဆိုရင် ကျွန်မက ဒီမှာ လုပ်စရာရှိတာတွေ မပြတ်ဘဲ နေမှာစိုးလို့ ပြင်ပြီးတော့သွားတယ်” ဟု မမယ်အေးက ပြောသည်။ 

ထောင်ကျမည်ကို မစိုးရိမ်သော်လည်း စစ်ကြောရေးစခန်းကိုမူ မမယ်အေးကြောက်သည်။ အမှုသည် နိုင်ငံ ရေးအကျဉ်းသားများနှင့်တွေ့တိုင်း စစ်ကြောရေးစခန်းက ရရှိသည့် ဒဏ်ရာဒဏ်ချက်များကို လက်တွေ့ မြင်ဖူးထားသည်။ နည်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်ခံထားရခြင်းဖြစ်သည်။

“ဒဏ်ရာကြီးတွေက ရှိနေသေးတယ်။​ တချို့ဆို ကျိုးကျိုးကန်းကန်းနဲ့ပေါ့နော်၊ ကျွန်မတို့က ဆရာဝန်တော့ မဟုတ်ဘူး၊ ဘယ်လောက် အရိုက်ခံထားရမလဲဆိုတာကို မျက်စိနဲ့ မှန်းလို့ရတယ်။ အဲဒီတော့ စစ်ကြောရေး ကို၊ ဖမ်းပြီးတော့ နှိပ်စက်မှာကြီးကို ကြောက်တယ်” ဟု မမယ်အေးက ဆိုသည်။

စိုးရိမ်ပူပန်မှုက တရားခွင်မှပြန်လာပြီး အိမ်ရောက်သည်အထိဖြစ်သည်။​ ရုတ်တရက် စစ်သားများ ရောက် လာကာ ရိုက်နှက်ဖမ်းဆီးမည်လားဟု တွေးပူရသည်မှာ နေ့တိုင်းလိုလိုဖြစ်သည်။

“စစ်သားတွေက တံခါးတွေကို ကန်ဖွင့်ပြီးတော့… လာဖမ်းမယ့်ဟာကြီးကို၊ ပါးနားရိုက်ပြီးတော့ ဟိုဟာလုပ် ဒီဟာလုပ် နှိပ်စက်တဲ့ဟာကြီးကိုတော့ ကျွန်မ စိုးရိမ်မှုရှိတယ်။​ ကြုံလာရင် ငါဘယ်နှစ်ချက် အရိုက်ခံနိုင်မလဲပေါ့” 

အဖမ်းခံရသူ ရှေ့နေ ၂၀ ထက်မနည်း 

မမယ်အေး စိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာပင်။ အာဏာသိမ်းစစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူ အရပ်သား များကိုသာမက အမှုလိုက်ပေးသူ ရှေ့နေများကိုပါ ပစ်မှတ်ထားဖမ်းဆီးလာသည်။ 

စာရင်းအတိအကျ မသိရသော်လည်း အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နိုင်ငံရေးအကျဉ်းသားများ အတွက် အမှုလိုက်ပေးနေသည့် ရှေ့ နေ ၂၀ ထက်မနည်း ဖမ်းဆီးခံထားရသည်။ မန္တလေးတွင် အများဆုံး ဖြစ်သည်။ လူသိရှင်ကြားဖြစ်ရပ်များအရ သိရသော ထိုအတိုင်းအတာသာဖြစ်သည်။ လူမသိသူမသိ ဖြစ်စဉ်များလည်း ရှိနိုင်သည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ တိုင်းပြည်အာဏာသိမ်းယူပြီးနောက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး အာဏာသုံးရပ်လုံးကို စစ်ဗိုလ်ချုပ်များ ထိန်းချုပ်လိုက်ကတည်းက ရှေ့နေနှင့် တရားသူကြီး များ၏ အခန်းကဏ္ဍ နတ္ထိတန်ခဲ့ခြင်းဖြစ်သည်။​

တရားစီရင်ရေး လွတ်လပ်ခွင့် ဆုံးရှုံးသည့်နည်းတူ လူ့အခွင့်အရေးအရ ခုခံချေပပိုင်ခွင့် ပြိုလဲပျက်စီးသွား ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင်များကော်မရှင် (International Commission of Jurists – ICJ) အဖွဲ့က ယခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည်။

စစ်တပ်အာဏာပိုင်များသည် နိုင်ငံရေးမှုဖြင့် အဖမ်းခံရသူများအတွက် ရှေ့နေလိုက်ပေးသူများကို ပြောင် ပြောင်တင်းတင်း ခြိမ်းခြောက်လေ့ရှိကြောင်း၊ နှောင့်ယှက်လေ့ရှိကြောင်း လွန်ခဲ့သော ခြောက်လက ထုတ် ပြန်သော ထိုအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။​

၁၉၆၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ဦးဆောင်သော စစ်အာဏာရှင်များ လက်ထက်၌ပင် အုပ်ချုပ်သူအလိုကျ ထင်ရာစိုင်းခဲ့သော်လည်း ရှေ့နေများကို ပစ်မှတ် ထားနှိပ်ကွပ်မှုတော့ မရှိသလောက်ရှားခဲ့သည်။

လက်ရှိ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်တွင် နိုင်ငံရေးအမှုလိုက် ပေးနေသူ ရှေ့နေများအဖြစ်မှာ မကြုံစဖူးပင်ဖြစ်သည်။​

ယခင့်ယခင် အာဏာရှင်များနှင့် နှိုင်းယှဉ်ပါက မင်းအောင်လှိုင်လက်အောက် တရားရေးကဏ္ဍမှာ “အဆိုး ဆုံးနှင့် အမှောင်ဆုံး” ကာလဖြစ်ကြောင်း တရားသူကြီးဟောင်းတစ်ဦးက မှတ်ချက်ပြသည်။ ၎င်းသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်မှ ၂၀၀၈ အထိ တရားရေးကဏ္ဍတွင် ကျင်လည်ခဲ့သူဖြစ်သည်။ 

တရားရေးကဏ္ဍက ရဲနှင့် အုပ်ချုပ်ရေးပိုင်းမှ လူများကို ပြန်ကြောက်နေရသည်ဟု အသက် ၇၅ နှစ်အရွယ် တရားသူကြီးဟောင်းက ပြောသည်။

“ကိုယ့်အမှုသည်ရဲ့ အခွင့်အရေးအတွက် ရှောင်လို့မရဘဲ မေးတာမြန်းတာတွေမှာ ရဲက မကြိုက်တော့ဘူး။ ရဲက မကြိုက်တဲ့အတွက်ကြောင့်မို့လို့ ဖိအားပေးတာတွေ ဖမ်းမယ်ပြုမယ်တွေ လုပ်လာတယ်ဆိုတော့ … တရားစီရင်ရေးရဲ့ အခြေအနေကို မီးမောင်းထိုးပြနေတာ ဖြစ်သွားပြီ” 

နိုင်ငံရေးအမှုလိုက်ရင်း လက်ကျိုးရသည့်ရှေ့နေ 

နိုင်ငံရေးအမှုလိုက်ရင်း အဖမ်းခံရသူများတွင် မန္တလေးမြို့မှ နာမည်ကြီးရှေ့နေ ဒေါ်ရွက်နုအောင် အပါအ ဝင်ဖြစ်သည်။ အသက် ၄၄ နှစ်အရွယ် ရှေ့နေအမျိုးသမီးမှာ ပြီးခဲ့သည့်ဧပြီလအတွင်း အိုးဘိုထောင် တရား ခွင်မှအပြန် အဖမ်းခံရခြင်းဖြစ်သည်။ 

ဒေါ်ရွက်နုအောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဒုတိယဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဝန်ကြီး ချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်အတွက် ရှေ့နေလိုက်ပေးနေသူဖြစ်သည်။ စစ်ကောင်စီက တိုင်းဝန် ကြီးချုပ်ဟောင်းကို ပုဒ်မပေါင်းများစွာဖြင့် တရားစွဲဆိုထားသည်။​

၎င်းကို ဖမ်းဆီးခဲ့သူများတွင် စစ်ကောင်စီ၏ အရပ်ဝတ်လက်နက်ကိုင်များအပြင် သွေးသောက်အမည်အဖွဲ့ ဝင်များလည်း ပါဝင်ခဲ့သည်။ စစ်တပ်က လက်သပ်မွေးထားသည့် သွေးသောက်အဖွဲ့မှာ ထိုစဉ်က မန္တလေး မြို့တွင် NLD ပါတီဝင်များနှင့် ထောက်ခံသူများကို ဖမ်းဆီးသတ်ဖြတ်နေချိန်ဖြစ်သည်။​

လက်ရှိတွင် စစ်ကောင်စီက ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင်၌ အကျဉ်းချထားသည်။ ထောင်ဒဏ် တစ် သက်တစ်ကျွန်း ချမှတ်နိုင်သည့် အကြမ်းဖက်ဥပဒေဖြင့်လည်း တရားစွဲဆိုထားသည်။​

NLD အစိုးရလက်ထက်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာမြင့်နိုင်၏ ရှေ့နေတစ်ဦးဖြစ်သည့် ဦးမိုးဇော်ထွန်းသည်လည်း ပြီးခဲ့သည့် ဇွန်လအတွင်းက အဖမ်းခံရသည်။ မုံရွာမြို့၌ ဦးမိုးဇော်ထွန်း အပါ အဝင် ရှေ့နေသုံးဦး တစ်ရက်တည်း အဖမ်းခံရခြင်းဖြစ်သည်။​

ရှေ့နေဦးမိုးဇော်ထွန်းမှာ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်အပြင် ဧပြီလအတွင်းက မုံရွာ၌ ဆိုင်ကယ်ဖြင့်တိုက် အဖမ်းခံခံရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၏အတွက်ပါ ရှေ့နေပါဝါ (ကိုယ်စားပြုခွင့်) တင်ထားသူဖြစ်သည်။ 

ဦးမိုးဇော်ထွန်း အဖမ်းခံရပြီးနောက် ကိုဝေမိုးနိုင်၏အမှုကို မုံရွာအခြေစိုက်ရှေ့နေများ မလိုက်ရဲတော့ပေ။ လူမြင်ပင် မခံရဲတော့သဖြင့် ရှေ့နေအများစု ရှောတိမ်းကြသည်။ မန္တလေးမှ ရှေ့နေဦးတင်ဝင်းအောင်ကို သက်ဆိုင်ရာ မိသားစုက ငှားရမ်းခဲ့ရသည်။

ဦးတင်ဝင်းအောင်နှင့် မန္တလေးအခြေစိုက် အခြားရှေ့နေနှစ်ဦးလည်း ဇွန်လနှောင်းပိုင်းတွင် အဖမ်းခံရပြန် သည်။ အိုးဘိုထောင် တရားခွင်မှအပြန်၌ပင် အဖမ်းခံရခြင်းဖြစ်သည်။

စစ်ကြောရေးတွင် တစ်ပတ်ကြာပြီးနောက် ဦးတင်ဝင်းအောင်လည်း အိုးဘိုထောင် အပို့ခံရသည်။ ထောင် ရောက်ချိန်တွင် လက်ကျိုးနေသည့်အပြင် အခြားဒဏ်ရာများလည်း ရရှိထားသည်။ အကျဉ်းထောင် ရောက် ရှေ့နေဦးတင်ဝင်းအောင် ဖြစ်သလို ဆေးကုသနေရသည်။​

အိုးဘိုထောင် တရားခွင်မှအပြန် အဖမ်းခံရသည့်ရှေ့နေ ၁၀ ဦးကျော်ရှိကြောင်း မန္တလေးရှေ့နေ အသိုင်း အဝိုင်းမှ သိရသည်။​ နိုင်ငံရေးအ ကျဉ်းသားများအတွက် အမှုလိုက်ပေးလိုသော်လည်း ထောင်တွင်းတရား ခွင်သွားရောက်ရန် ရှေ့နေများ တွန့်ဆုတ်သွားသည်။​

ရှေ့နေကို ပါးစပ်ပိတ် 

ရှေ့နေများမှာ ဖမ်းဆီးခံထားရသူများနှင့် ပြင်ပရှိ မိသားစုဝင်များအကြား ပေါင်းကူးတံတားသဖွယ်ဖြစ် သည်။ ရှေ့နေများမှတဆင့်သာ အကျိုးအကြောင်း သတင်းစကား ကြားသိနိုင်ခြင်းဖြစ်သည်။

အဖမ်းခံရခြင်းနှင့်အတူ အမျိုးမျိုးသော ဖိအားများကြောင့် နိုင်ငံရေးအကျဉ်းသားများအတွက် အမှုလိုက် ရှေ့နေ နည်းသထက်နည်းလာသောအခါ အဆက်အသွယ်ပြတ်တောက်ရသည်။ မိသားစုဝင်များ ပို၍စိတ် ပူရသည်။ နိုင်ငံရေးအကျဉ်းသားများနှင့် ထောင်တွင်းအခြေအနေကို အများပြည်သူ သိရှိနိုင်ရန် ခက်ခဲလာ သည်။ 

ထိုအခြေအနေကို စစ်ကောင်စီက တမင်တကာ ဖမ်းတီးခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက အရာရာထိန်းချုပ်ထားချိန်တွင် သတင်းစကားရရှိရေး ရှေ့နေများသာ အားကိုးရာဖြစ်သည်။​ 

နိုင်ငံရေးအကျဉ်းသားများအကြောင်း၊ ထောင်တွင်းအခြေအနေများအကြောင်း တစ်စွန်းတစ်စ ပေါက်ကြားသည်ကိုပင် စစ်တပ်က မနှစ်မြို့ပေ။ ကြားခံနယ်ပယ်တွင် ရှိနေသူ ရှေ့နေများမှာ စစ်ကောင်စီ ပစ်မှတ်ဖြစ်လာသည်။ 

အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စစ်တပ်က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မည်သို့မျှ မသိရပေ။ ကြီးလေးသော ပုဒ်မများ အပါအဝင် ပုဒ်မပေါင်းများစွာဖြင့် အမှုဆင်စွပ်စွဲခံထားရသည့် သူတို့နှစ်ဦးအကြောင်း မြန်မာပြည်သူများ သာမက ကမ္ဘာကလည်း နားစွင့်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အကြောင်း သိနိုင်သည်မှာ ၎င်းတို့၏ရှေ့နေအဖွဲ့သာ ရှိသည်။ အခြေအနေအရပ်ရပ်ကိုကြည့်လျက် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုဆက်ဆံရသည်ဖြစ်ရာ ရှေ့နေအဖွဲ့သည်လည်း တစ်စွန်းတစ်စသာ သတင်းစကားပါးနိုင်သည်။

ထိုသည်ကိုပင်လျှင် အာဏာသိမ်းစစ်တပ်က အလိုမကျနိုင်ပေ။ 

ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင်များဖြစ်သည့် ဦးခင်မောင်ဇော်နှင့် ရှေ့နေအဖွဲ့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ သတင်းမီဒီယာများနှင့် စကားစမည်ပင် ပြောဆိုခြင်း မရှိစေရန် တားမြစ်ပိတ်ပင် ခဲ့သည်။ 

“သူတို့လုပ်တဲ့ဟာတွေက မှားနေတာတွေကို တစ်ပြည်လုံးသိသွားမှာ တစ်ကမ္ဘာလုံးသိသွားမှာစိုးလို့ မပြောနဲ့လို့ပြောတယ်” ဟု ဝါရင့်ရှေ့နေတစ်ဦးက အခြေအနေ သုံးသပ်သည်။

ထိုသို့ သတင်းအမှောင်ချလိုက် သော်လည်း နောက်ပိုင်း နိုင်ငံရေးအရ လိုလားချက်များရှိသည့်အခါ ဒေါ်စုအနေဖြင့် သူပြောလိုက ရှေ့နေ များမှတဆင့် ထုတ်ဖော်ပြောဆိုနိုင်ကြောင်း အာဏာသိမ်းခေါင်း ဆောင်က ဖွင့်ဟသည်။ 

ရှေ့နေများအတွက် နောက်ထပ်စိုးရိမ်ဖွယ်ရာတစ်ခုမှာ စစ်ထောက်လှမ်းရေးများ၏ ကြားဖြတ်နားထောင်မှု ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို စစ်ကောင်စီက ကြားဖြတ်နားထောင်ပြီး အကြောင်းပြချက်တစ်ခု ခုဖြင့် ဖမ်းဆီးနိုင်သည့် အလားအလာကို ရှေ့နေများ ပူပန်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများကို ဖိအားပေးကာ ဆက်သွယ်ရေးကွန်ရက်များကို ထိန်းချုပ်ခြင်း၊ ကိရိယာများတပ်ဆင်ကာ ကြားဖြတ်ထောက်လှမ်းခြင်းများ ပြုလုပ်ခဲ့သည်။ 

“ကျွန်မဖုန်းကို သိပ်မဆက်နဲ့။ (ရှေ့နေ) ဆက်တိုက်လုပ်နေတုန်းပဲ ခုချိန်အထိ။ (ဖမ်းခံရဖို့) တော်တော်ကြီးကိုနီးစပ်တယ်” ဟု Myanmar Now ဆက်သွယ်မေးမြန်းစဉ် ရန်ကုန်အခြေစိုက် လူငယ်ရှေ့နေတစ်ဦးက ပြောဆိုဖူးသည်။

အာဏာရှင်အလိုကျ တရားစီရင်ရေး 

စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူပြီးနောက် ၎င်းတို့အလိုကျ တရားစီရင်မည့် အထူးတရားရုံးများ ပေါ်ထွက်လာသည်။ ထောင်တွင်းက ပရိဝုဏ်အတွင်းရှိ ဓမ္မာရုံ၊ အားကစားရုံလို အဆောက်အအုံများတွင် ဖြစ်သလို အခန်းဖွဲ့ထားသည့် တရားခွင်များဖြစ်သည်။

ဆယ်ပေပတ်လည်မျှပင် မရှိသော အခန်းငယ်ကို လိုက်ကာစဖြင့်ခြားကာ အထူးတရားရုံးအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ စားပွဲတစ်လုံးနှင့် ထိုင်ခုံသုံးလေးခုံသာရှိသည့် တရားခွင်ဖြစ်သည်။ အခန်းတစ်ခုလုံးတွင် အခမ်းနားဆုံး နေရာယူထားသည်မှာ နိုင်ငံတော်အမှတ်တံဆိပ်သာဖြစ်သည်။​

အခွင့်အာဏာအရမူ အပြင်လူ ဝင်ခွင့်မရှိသည့် တရားခွင်ဖြစ်သည်။ အကျဉ်းသားများကို လက်ထိပ်ခတ်၍ အချုပ်ကားဖြင့်ဖြစ်စေ၊ လမ်းလျှောက်၍ဖြစ်စေ ရဲများက ခေါ်ဆောင်လာရသည်။ အများစုမှာ နိုင်ငံရေးအကျဉ်းသားများဖြစ်သည်။ နည်းလမ်းမျိုးစုံဖြင့် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူများ၊ တော်လှန်သူများ ဖြစ်သည်။

ရှေ့နေများရှိသော်လည်း ၎င်းတို့အမှုသည်များအတွက် ခုခံချေပခွင့် မရှိပေ။ သဘောအဖြစ်သာ ရှေ့နေဝတ်စုံဖြင့်လာရောက်ရသူများဖြစ်သည်။ စီရင်ချက်သည် စာအိတ်အတွင်းမှလာသည်။ ထိုစာအိတ်ကိုဖွင့်ကာ ထောင်ဒဏ်မည်မျှ ချမှတ်ကြောင်း တရားသူကြီးက ဖတ်ပြသည်။ 

အမှုအောင်နိုင်ရေး သို့မဟုတ် လွတ်မြောက်ရေးမှာ စစ်ကောင်စီသာလျှင် ဆုံးဖြတ်ပေးနိုင်သည်။  

တရားစွဲတင်ရန် လုံလောက်သည့်အခြေအနေ မရှိပါက ကနဦးကြားနားမှု စတင်ချိန်ကတည်းက ပယ်ချကာ စွပ်စွဲခံရသူကို လွှတ်ပေးရမည်ဖြစ်သည်။ စစ်တပ်လက်အောက်တွင် ထိုသို့ မဟုတ်ပေ။ တရားသူကြီးများ ၏ စီရင်ချက်မှာ “အထက်အမိန့်အရ” သာဖြစ်သည်။

“အခုဟာက အမှန်အတိုင်းပြောပြရရင် တရားရေးက ဘာမှလုပ်ပိုင်ခွင့်ကို မရှိတဲ့ဟာ၊ ဖုန်းလေးနဲ့ ဘယ်သူ့ကို ဘယ်လောက် အမိန့်ချပါဆိုတာ တစ်ခုတည်းနဲ့ အမိန့်ချနေကြတာ” ဟု မန္တလေးမြို့မှ ရှေ့နေတစ်ဦးက ပြောသည်။

စစ်အာဏာရှင်လက်ထက်များတွင် အတွေ့အကြုံရှိခဲ့သူ ရှေ့နေကြီးကလည်း ထိုအချက်ကို ထောက်ခံပြော ဆိုသည်။ 

“တရားသူကြီးဆိုတာလည်း အာဏာရှင်လက်အောက်မှာ သိပ်သဘောကျတာ၊ သူလုပ်ချင်တာ လုပ်လို့ ရတာလေ။ တရားသူကြီးက မစစ်ဆေးတော့ဘူး”

ရဲနှင့်ထောင်ဝန်ထမ်းများက ဥပဒေမဲ့ ရိုက်နှက်သည်ကိုလည်း တရားသူကြီးများက မျက်ကွယ်ပြုသည်ဟု ရှေ့နေ မမယ်အေးက ဆိုသည်။ သူ့အမှုသည်များမှာ စစ်ကြောင်းနှင့် ရဲအချုပ်ခန်းတွင် အနည်းဆုံးတစ်လ မှ သုံးလအထိ နေခဲ့ရသူများဖြစ်ကြောင်း၊ ရိုက်နှက်ခံထားရသည့် ဒဏ်ရာအပြည့်ဖြင့် ထိုသူများ တရားခွင် ရောက်လာချိန်တွင် တရားသူကြီး မသိကျိုးကျွန်ပြုကြောင်း သူက မမယ်အေးက ပြောသည်။

“ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အတွက်ဆိုပြီး ကျွန်မတို့က တရားရုံးကို ဒီဒဏ်ရာတွေကို မှတ်တမ်းတင်ပေးဖို့ လျှောက်တယ်ဆိုရင် တရားသူကြီးက ဘာမှမပြောဘူး။ တချို့တရားသူကြီးက မလျှောက်ဖို့ပြောတာမျိုး လည်းရှိတယ်” 

ရှေ့နေနှင့် အမှုသည် အကျဉ်းသားများ စကားပြောချိန်တွင် စစ်ထောက်လှမ်းရေးနှင့် အကျဉ်းဦးစီးဌာန ဝန် ထမ်းများကို ယူနီဖောင်းနှင့်တစ်မျိုး အရပ်ဝတ်နှင့်တစ်ဖုံ ချဉ်းကပ်နားထောင်တတ်သည်။ ထိုအခြေအနေ ကို တရားသူကြီးများက မဟန့်တားပေ။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် ပို၍ဆိုးသည့် အခြေအနေဖြစ်သည်။ စစ်ခုံခုံးဖြင့် တရားစီရင်သည်ဖြစ်ရာ ရှေ့နေဖြင့် ကိုယ်စားပြုခွင့် လုံးလုံးမျှ မရကြပေ။ တရားခွင်ကို စစ်တပ်လုံခြုံရေး ယူ၍ စစ်တပ်တရားသူကြီးများ၊ စစ်တပ်ရှေ့နေများက စစ်ဥပဒေဖြင့်သာ စီရင်ကြသည်။

ရန်ကုန်ရှိ မြို့နယ်ခြောက်ခု အပါအဝင် နိုင်ငံတဝန်းတွင် စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ပေါင်း ၁၁ ရှိသည်။ ထိုနေရာများတွင် အခွင့်အာဏာအပြည့်ရသူများမှာ စစ်တိုင်းမှူးများဖြစ်သည်။ စစ်အုပ်ချုပ် ရေးအရ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၂၃ မျိုးအထိ စိတ်တိုင်းကျ စီရင်နိုင်သည်။

အမှုအမျိုးအစား ၂၃ မျိုးဆိုသော်လည်း ကြီးလေးသော ပြစ်မှုများဖြစ်သည့် ဆူပူအောင်လှုံ့ဆော်မှုနှင့် နိုင်ငံတော်ပုန်ကန်မှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မများသည်သာ အဓိက အလေးထားရာဖြစ်သည်။​

စစ်အာဏာရှင်ကို တရားရေးကဏ္ဍ အာခံသင့်သလား 

စစ်တပ်က အာဏာသိမ်းထားသည့် တိုင်းပြည်တွင် ထင်တိုင်းကြဲနေသော တရားစီရင်ရေးစနစ်အောက်တွင် တရားသူကြီးနှင့် ရှေ့နေများ အာဏာဖီဆန်သင့်သလား ဆိုသည်မှာ ဖြေရန်ခက်သော မေးခွန်းဖြစ်သည်။ အခြားနယ်ပယ်များနည်းတူ ရှေ့နေရှေ့ရပ်နှင့် တရားသူကြီးများ ပါဝင်သော တရားရေးမဏ္ဍိုင်အတွက် အဖြေ ထုတ်ရန် ခက်ခဲပေသည်။

မတရားသဖြင့် အာဏာရယူထားသူများ လက်အောက်တွင် တရားရေးကဏ္ဍ အသက်မဲ့သည့်နည်းတူ ကိုယ်ကိုယ်တိုင် မပါဝင်သင့်ကြောင်း နိုင်ငံရေးဖြတ်သန်းမှုများစွာရှိသူ ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က ဆိုသည်။

“နိုင်ငံတော်အာဏာကို လိမ်လည်လှည့်ဖြားပြီးတော့ အတင်းအဓမ္မလက်နက်နဲ့ သိမ်းထားတဲ့အစိုးရက ပြည်သူတွေကို… နည်းမျိုးစုံနဲ့အပြစ်ရှာပြီးတော့ လုပ်နေတဲ့ကာလမှာ တော်လှန်ရေးကလွဲလို့ ဘာမှမရှိတော့ဘူး” 

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) များနည်းတူ ရှေ့နေများလည်း အာဏာဖီဆန်သင့်ကြောင်း ဦးကြီးမြင့်က ဖွင့်ဟသည်။

အထက်တွင် ပါရှိပြီးဖြစ်သော အတွေ့အကြုံရင့် တရားသူကြီးဟောင်းကမူ စစ်ကောင်စီကို သပိတ်မှောက် ရန် မျှော်လင့်မရကြောင်း ဆိုသည်။ တရားရေးကဏ္ဍမှ ဝန်ထမ်းအများစုမှာ ခေတ်အဆက်ဆက်တွင် လွတ် လပ်သည်မရှိခဲ့ဘဲ အကြောက်တရားဖြင့် အာဏာရှင်အလိုကျ ဆောင်ရွက်ပေးခဲ့ရသူများဖြစ်သည်ဟု သူက ပြောလေသည်။ 

“ဒီအဆောက်အအုံကြီးတစ်ခုလုံးကို ကွပ်ကဲနေတဲ့သူအပေါ်မှာလည်း တာဝန်ရှိတယ်။​ ဒီဟာကြီးကို ကွပ်ကဲ နေတဲ့သူကိုယ်တိုင်ကိုက အညံ့ခံပြီးတော့ လိုက်လျောနေသရွေ့က ပြဿနာတွေက ဖြစ်နေမှာပဲ။ စီမံခန့်ခွဲ ရေးကိုပဲ ဦးကျို့နေလို့ကတော့ ဒီပုံစံပဲဖြစ်နေမှာပဲ။ အောက်ကလူတွေက ဘယ်လိုမှ လှုပ်ရဲမှာမဟုတ်ဘူး။ လှုပ်တဲ့သူကို ဖြုတ်မှာပဲ” ဟု ထိုတရားသူကြီးဟောင်းက ပြောသည်။

လူငယ်ရှေ့နေ မမယ်ကတော့ စီဒီအမ်ခေါ် အာဏာဖီဆန်ရေးကို အားပေးသည်။ ပျော့ပျောင်းသော်လည်း အားကောင်းသည့် လှုပ်ရှားမှုဖြစ် သည် ဟု သူယုံကြည်သည်။​ သပိတ်မှောက်ပါက အစိုးရဝန်ထမ်းများလို လုံခြုံရေးကြောင့်ကြရမည် မဟုတ်ကြောင်း နိုင်ငံအောက်ပိုင်း တန င်္သာရီတိုင်းတွင် ကြီးပြင်းခဲ့သူ မမယ် အေးက ဆိုသည်။

သူကိုယ်တိုင်တော့ သူ့အလုပ်ကိုပစ်ပယ်ကာ သပိတ်မမှောက်နိုင်ပေ။ အခွင့်အရေး တစ်စုံတစ်ရာ မျှော်ကိုးစရာရှိ၍တော့ မဟုတ်ပေ။

စစ်အာဏာရှင်လက်ထက် တရားစီရင်ရေးစနစ်အောက်တွင် မမယ်အေးအတွက် တစ်ခုတည်းသော မက်လုံးမှာ အဖမ်းခံထားရသူများကို မိသားစုကိုယ်စား တွေ့ခွင့်၊ သတင်းစကားပါးခွင့်ရှိခြင်းပင်။ 

“ဒီတရားစီရင်ရေးစနစ်ကြီးကို ယုံကြည်လွန်းလို့ သွားပြီးတော့ ရပ်တည်ပေးပြီးတော့ ခုခံချေပမှုလုပ်နေတာလည်း မဟုတ်ဘူး။ ကျွန်မတို့ သွားတွေ့တယ်ဆိုတာ ဘာကြောင့်လဲဆိုရင် အဲဒီအမှုသည်တွေက အသက်ရှိသေးရဲ့လား ဒဏ်ရာတွေ ဘယ်လိုရနေလဲ အဲဒီမှတ်တမ်းတွေကို ကျွန်မတို့ သွားယူချင်တဲ့ အတွက်ကြောင့်မို့လို့ပဲ”  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s