YBS ၄၂ ယာဉ်လိုင်း ဓားပြတိုက်ခံရခြင်း မရှိပါ

ရန်ကုန်မြို့ရှိ YBS ၄၂ ယာဉ်လိုင်းပေါ်မှခရီးသည်များ ဓားပြတိုက်ခံရသည်ဆိုသည့်သတင်းများ ယမန်နေ့ ဇူလိုင်လ ၃၀ ရက်က လူမှုကွန်ရက်အသုံးပြုသူများအကြားလပျံ့နှံ့မှုရှိနေသည်။ ထိုအကြောင်းအရာမှာ မှားယွင်းနေသည်။
“Shwe Pyi Thar information” အမည်ရှိ ဖေ့ဘုတ်ခ်ပေ့ခ်ျ မှ ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်းတွင် YBS ၄၂ ကားတစ်စီး အနုကြမ်းစီးခံရ၊ ယာဉ်ပေါ်ပါသူ ခရီးသည်ဆယ်ဦးခန့်၏ ရွှေငွေလက်ဝတ်ရတနာများ အကုန် ပါသွားဆိုသည့် သတင်းခေါင်းစဉ်နှင့် အစောဆုံးဖြန့်ဝေခဲ့သည်။ ထိုပို့စ့်ကို ပြန်လည်မျှဝေသူ ၃,၇၀၀ ကျော် ရှိခဲ့သည်။ ထိုရေးသားမှုကို ပြန်လည်ကူးယူပြီးဖြန့်ဝေမှုများစွာရှိနေဆဲပင်ဖြစ်သည်။
အဆိုပါသတင်းတွင် ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ရွှေပြည်သာမှ မြောက် ဥက္ကလာ၊ အောင်မင်္ဂလာအဝေးပြေး- သာကေတသို့ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း ၄၂ (6p / 6057)သည် မြောက်ဥက္ကလာပ အိန္ဒြာမှတ်တိုင်အနီးတွင် အနုကြမ်းစီးခံလိုက်ရကြောင်းနှင့် ကာယကံရှင်ပြည်သူတစ်ဦး မှ သတင်းပေးပို့သည်ဟု ဖော်ပြထားသည်။
သတင်းမှားဖြန့်ဝေနေသည့် လင့်များကို အောက်တွင်ကြည့်နိုင်သည်။
https://bit.ly/3oFjJ9Z , https://bit.ly/3Q3P8i7
မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ အဆိုပါသတင်းနှင့်ပတ်သက်၍ ရွှေပြည်သာသားခရီးသည်ပို့ ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီမှ YBS ၄၂ ၊ ၆၅ ယာဉ်လိုင်း၏ဥက္ကဋ္ဌ ဦးအေးလွင်နှင့်ဆက် သွယ်မေးမြန်းခဲ့သည်။
သတင်းမှားတွင်ဖော်ပြထားသည့် ဇူလိုင်လ ၃၀ ရက်နေ့ဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာတွင် “ အဲဒီမှာ 6p / 6057 လို့ ရေးထားတယ် အဲဒီကားနံပါတ်ကလည်း ကျွန်တော်တို့လိုင်းမှာ မရှိပါဘူးဗျ၊ အဲဒီနံပါတ် လည်းမရှိဘူး အဲဒီဖြစ်စဉ်မျိုးလည်း မနေ့ကမဖြစ်ခဲ့ပါဘူးဗျ” ဟု ပြောကြားသည်။
အထက်ပါဖြစ်စဉ်မျိုးကြုံခဲ့လျှင် ရဲစခန်းသို့တန်းမောင်း၍ အမှုဖွင့်တိုင်ကြားရန် ယာဉ်မောင်းများကိုညွှန် ကြားထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။
ထို့ပြင် ယာဉ်လိုင်းကိုတိုက်ခိုက်ခြင်းနှင့် ပြည်သူများဇဝေဇဝါဖြစ်ပြီး ကြောက်လန့်တကြားဖြစ်အောင် လှုံ့ဆော်တာမျိုးလည်းဖြစ်နိုင်ကြောင်း ဦးအေးလွင်ကဆိုသည်။
သတင်းမှားတွင်ပါဝင်သည့် မြောက်ဥက္ကလာပ အိန္ဒြာမှတ်တိုင်အနီးတွင် နေထိုင်သူများနှင့် ဆက်သွယ်မေး မြန်းရာတွင်လည်း အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည်ကို မကြားမိကြောင်း ဖြေကြားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးနှင့် အိန္ဒြာလမ်းထောင့်ရှိ အိန္ဒြာကားမှတ်တိုင်အနီး၌ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်ခန့်က သာကေတမှ ရွှေပြည်သာသို့သွားသည့် YBS ၄၂ ယာဉ်ပေါ်၌ ဓားထောက်လုယက်မှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သော်လည်း ဖုန်းများပါသွား ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါ သတင်းကို အောက်ပါလင့်တွင်ဖတ်နိုင်သည်။
https://bit.ly/3zJprOo , https://bit.ly/3zGm2Qp
ထို့ကြောင့် သတင်းအမှားတွင်ဖြန့်ဝေနေသည့် YBS ၄၂ ယာဉ်လိုင်း ဓားပြတိုက်ခံရသည်ဖြစ်စဉ် ဖြစ်ပွားခဲ့ ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ပေါ်အခြေခံ၍ လုပ်ကြံရေးသားထားသည့် သတင်းတုတစ်ခုသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima