Monthly Archives: Jul 2022

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ဗုံးပေါက်၊ နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရ

ရန်ကုန်တိုင်း မြို့နယ်အချို့မှာ  ဒီနေ့ မနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိကာ  တဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ပေါက်ကွဲမှုဖြစ်ရာ မြို့နယ်နေသူတွေက ပြောပါတယ်။

တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက် နတ်စင်မှတ်တိုင်မှာ ဒီနေ့ မနက်ကိုးနာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ YBS ကားစောင့်နေသူခရီးသည် လေးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကားစောင့်နေတဲ့အချိန် ထပေါက်တာ အမျိုးသား သုံးဦး၊ အမျိုးသမီး တဦး ဒဏ်ရာရတယ်။ အမျိုးသားနှစ်ဦးက ဒဏ်ရာများတယ်။ ကျန်တဲ့နှစ်ယောက်က ဒဏ်ရာသိပ်မရဘူး။”

ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ကိုသန်းဝင်း၊ ကိုဟန်ဝင်းငြိမ်း၊ ကိုကျော်မင်းနိုင်နဲ့ မဖြူသွယ်အေးတို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက်၊ ကောက်သွယ် ၁ လမ်းက နေအိမ်တအိမ်မှာ ဒီနေ့ မနက် ငါးနာရီလောက် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“မနက်ငါးနာရီလောက်ပေါက်တာ၊ အဲဒီအိမ်က ကောင်လေး နှစ်ယောက်သေတယ်၊ ဗုံးတလုံးလည်း ထပ်တွေ့လို့ စစ်တပ်က ဖျက်ဆီးလိုက်တယ်။”

သေဆုံးသူနှစ်ဦးမှာ အဆိုပါနေအိမ်မှာ လာရောက်နေထိုင်သူ ကိုနေလင်းနဲ့ကိုပြည့်ဖြိုးဦးတို့ နှစ်ဦး ဖြစ်ပြီး ဗုံးပေါက်ကွဲရတဲ့ အကြောင်းအရင်းကို စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ တောင်ဒဂုံနဲ့ သင်္ဃန်းကျွန်းမြို့နယ်က လမ်းဆုံတွေမှာ ကားတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ညကလည်း အင်းစိန်မြို့နယ် နံ့သာမြိုင်ပန်းခြံဘေးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားတဦး ဖမ်းဆီးခံခဲ့ရတယ်လို့ နံ့သာကုန်းရပ်ကွက်နေသူတဦးက ပြောပါတယ်။

“စစ်တပ်က ပန်းခြံမှာ ဗုံးတွေ့လို့ ပေါက်ကွဲအောင်လုပ်ပြီး အင်းစိန်ဘူတာလမ်းဆုံမှာ ကောင်လေး တယောက်ကို ဖမ်းသွားတယ်။”

ရန်ကုန်မှာ မနေ့ကလည်း ကျောက်တံတား၊ လှိုင်သာယာ၊ မြောက်ဥက္ကလာနဲ့ အင်းစိန်မြို့နယ်တို့မှာ ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ပြီး ရဲဝန်ထမ်း ငါးယောက် နဲ့ စည်ပင်နေ့စား ဝန်ထမ်း နှစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး လူငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ DVB

ရွှေဘို အနောက်ပိုင်းမှ ဒေသခံ ပြည်သူများ လူ ထု သစ္စာ အဓိဋ္ဌာန်ပြုပွဲနှင့် ဖက်ဆစ် စစ်တပ် အ မြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

khit thit

ရန်ကုန်တွင် စစ်ကောင်စီကလုံခြုံရေးတင်းကြပ်စစ်ဆေးနေသည့်ကြားမှ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲသို့ ပြည်သူများ ပူးပေါင်းပါဝင်

ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကြပ်စစ်ဆေးနေသည့်ကြားမှ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲတွင် ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုအနေဖြင့် ယုံကြည်ရာတရားအလိုက် တိုင် တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို မိမိတို့ စုဝေးရန်အဆင်ပြေသည့် နေရာဒေသတစ်ခုခုတွင်စုဝေးကြပြီး သစ္စာအဓိဋ္ဌာန်ပြုခြင်းကို ဆောင်ရွက်ခဲ့ကြ ခြင်း ဖြစ်သည်။

ထိုသို့ ပြည်သူလူထု၏ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်မည့်အတွက်ကြောင့် ရန်ကုန်မြို့အတွင်းရှိ အထင် ကရနေရာများ၊ ကုန်တိုက်များ၊ လမ်းဆုံများနှင့် စာသင်ကျောင်းများတွင် စစ်ကောင်စီတပ်က အင်အား အများအပြားချကာ လုံခြုံရေးတင်းကျပ်ခဲ့သည်။

“စမ်းချောင်း မြေနီကုန်းတဝိုက်မှာတော့ မနက် ၇ နာရီလောက်ကစပြီး တံတားပေါ်တွေမှာရော လမ်းတစ် လျောက်မှာ စစ်ကောင်စီတပ်တွေ ရဲတွေက အင်အားတွေချပြီး လုံခြုံရေးတွေတင်းကျပ်ထားတယ်။ မှတ်တိုင်တစ်မှတ်တိုင်ကို စစ်သားငါးယောက်လောက်ရှိတယ်။ ၁၀ နာရီ ၃၇ မိနစ်မှာ ကားဟွန်းတီးတာ တွေတော့ရှိတယ်။ မြေနီကုန်းဈေးလမ်းမှာတော့ လူငယ်နှစ်ယောက် ဖမ်းဆီးခံလိုက်ရတယ်ဆိုပြီး ကြား တယ်” ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက မဇ္စျ်ိမကို ပြောသည်။

လက်ရှိအချိန်အထိ မြေနီကုန်းမဟာမြိုင်ဆေးရုံအနီးတွင် စစ်ကောင်စီတပ်ကားတစ်စီးနှင့် အချုပ်ကား တစ်စီးရပ်တန့်ထားကာ စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်းရှိ လမ်းမများပေါ်တွင်လည်း စစ်ကောင်စီတပ်က စစ်ကားများ၊ အိမ်စီးကားများ၊ အချုပ် ကားများအပြင် အရပ်ဝတ်ဖြင့်အသွင်ယူကာ ယနေ့ပြုလုပ်မည့် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲတွင် ပါဝင်မည့် ပြည်သူများကို ဖမ်းဆီးမှုများလုပ်ဆောင်ရန် ပြင်ဆင်ထားသည်။

ထိုသို့ စစ်ကောင်စီတပ်လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို တာမွေ၊ ကြည့် မြင်တိုင်၊ အလုံနှင့် အချို့သောမြို့နယ်များမှပြည်သူများက အမျိုးမျိုးသောနည်းလမ်းများဖြင့် ပူးပေါင်းကာ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီဘက်မှာတော့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ သံပုံးတီးတာတွေ ရှိတယ်။ လုံခြုံရေးချထားတဲ့ စစ်ကောင်စီ တပ်ကတော့ နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်ပြီး လိုက်စစ်ဆေးတာမျိုးတွေတော့ ရှိတယ်။ ဖမ်းတာဆီးတာ မျိုးတော့ ဒီဘက်မှာ မကြားသေးဘူး” ဟု တာမွေမြို့နယ်တွင်နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲတွင် ပါဝင်လှုပ်ရှားခဲ့သည့် ပြည်သူအချို့လည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံလိုက်ရမှုများရှိခဲ့ကြောင်းသိရပြီး အရေအတွက်အတိအကျသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်း လျက်ရှိသည်။

ယင်းအပြင် လူမှုကွန်ရက်သုံးစွဲသူများကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲနှင့်ပတ်သက်သည့် စာသားများ ရေးသားခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားများ ရေးသားခြင်းဖြင့် လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်ယုံကြည်ရာတရားအလိုက် တိုင်တည် သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” ကို နိုင်ငံအနှံ့ ပြုလုပ်သွားကြရန် NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲတွင် “တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီး ပေးဆပ်ခဲ့ကြသူ အပေါင်း တို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အ လေးပြုပါသည်၊ တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက် ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်၊ တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် ဤမြေ၌ တည်ပါစေသတည်း၊ တရားတဲ့သူသာ နိုင်ကြေးဟေ့” စသည့် ကြွေးကြော်သံများကို အဓိဋ္ဌာန်ပြု ရွတ် ဆိုရန် တိုက်တွန်းထားသည်။

ပြည်သူများအနေဖြင့် လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရန်နှင့် စုဝေးရာတစ်နေရာရာသို့ ရောက်ရှိရန် အခက် အခဲရှိပါက ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်းတို့ဖြင့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” ကို ပါဝင်အားဖြည့်နိုင် ကြောင်း နိုးဆော်ထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ပြည်သူလူထု၏ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ မအောင်မြင်စေရန် အင်အားများစွာဖြင့် လုံခြုံရေးတင်းကျပ်ကာ ပိတ်ဆို့မှုများပြုလုပ်ခဲ့သော်လည်း ပြည်သူများမှ မိမိတို့ တတ်နိုင်သည့် နည်းလမ်း များဖြင့် ပူးပေါင်းကာလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။mizzima

အမျိုးသားညီညွတ်​ရေးအစိုးရ ဂျပန်ကိုယ် စားလှယ်ရုံး တိုကျိုတွင် ဖွင့်လှစ်

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ဂျပန်ကိုယ်စားလှယ်ရုံးကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဇူလိုင်  ၃၁ ရက် မနက်က ဖွင့်လှစ်လိုက်ပါတယ်။

ဖွင့်ပွဲကို အမျိုးသားညီညွတ်​ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီးဦးဇော်မိုးထွန်း၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်စူဇန်နာလှလှစိုး၊ Online Zoom meeting နဲ့ ဖွင့်လှစ်ပေးခဲ့တာပါ။

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေကြောင့်  တိုကျိုမြို့မှာ (NUG) ဂျပန်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ခဲ့တာလို့ အမျိုးသားညီညွတ်​ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စောဘလှသိန်းက ပြောပါတယ်။

NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို ဂျပန်လွှတ်တော်ကိုယ်စားလှယ်တွေလည်း လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ DVB

စစ်ကောင်စီ၏ သေဒဏ် ၃ ကြိမ်ချမှတ်ခံထားရသည့်အပြင် အမှုများစွာ ဆက်လက်ရင်ဆိုင်ရန် ကျန်ရှိ နေသည့် ဒဂုံတက္ကသိုလ်ကျောင်း သားဟောင်း

စစ်ကောင်စီ၏ သေဒဏ်သုံးကြိမ် ချမှတ်ခြင်းခံထားရသည့်အပြင် ဒဂုံတက္ကသိုလ် ကျောင်းသားဟောင်း အသက် ၂၅ နှစ်အရွယ် ကိုဝေယံထွန်းမှာ နောက်ထပ်ပြစ်ဒဏ်များ ထပ်မံချမှတ်နိုင်ကြောင်း သိရသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ကိုဝေယံထွန်းကို စစ်ကောင်စီ၏တရားရုံးများတွင် သေ ဒဏ်သုံးကြိမ်အထိ ချမှတ်ခဲ့ပြီးဖြစ်သော်လည်း‌ နောက်ထပ်ရင်ဆိုင်ရန် အမှုများကျန်ရှိ နေသေးကြောင်း ကိုဝေယံထွန်း၏ သူငယ်ချင်းဖြစ်သူထံမှ သိရသည်။

“ကျွန်တော်တို့သိရတာကတော့ သူ့ကို သေဒဏ်သုံးခါ ချပြီးသွားပြီ။ အခုနောက်ထပ် အမှုတွေထပ်ပြီး ရင်ဆိုင် နေရတယ်လို့သိရပါတယ်” ဟု ကိုဝေယံထွန်း၏ သူငယ်ချင်းဖြစ်သူက ပြောသည်။

စစ်ကောင်စီက ကိုဝေယံထွန်းကို တောင်ဒဂုံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအချို့ ကို သတ်ဖြတ်မှုများတွင်ပါဝင်သည်ဟု စွပ်စွဲ၍ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဖမ်းဆီးစဉ်က စုစုပေါင်း လူငယ် ၁၉ ဦးခန့်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သော်လည်း တပြိုင်နက် တည်းဖမ်းဆီးခြင်းမဟုတ်ဘဲ စစ်ကြောရေးများပြုလုပ်၍ တဆင့်ပြီးတဆင့် ထပ်မံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မဇ္ဈိမက ရရှိထားသည့် သတင်းအချက်အလက်များအရ ထိုသို့ဖမ်းဆီးခံခဲ့ရသူများထဲတွင် ကိုဇင်မင်းကျော်၊ ကိုအောင်မင်းသူ(ခ)ကိုသူ၊ ကိုအောင်ကိုမင်း(ခ)လင်းညို၊ ကိုထက်ပိုင်စိုး(ခ)ဖိုးထက်၊ ဝေယံထွန်း(ခ)ဝေယံ တို့သည် စစ်ကောင်စီ၏ သေဒဏ်များချမှတ်ခြင်း ခံထားရသူများ ဖြစ်သည်။

စစ်ကောင်စီ၏ သေဒဏ်ချမှတ်ခံထားရသူများအနက် ကိုထက်ပိုင်စိုးသည် သေဒဏ် လေးကြိမ် ချမှတ်ခံ ထားရပြီး ကိုဝေယံထွန်းသည် သေ ဒဏ်သုံးကြိမ်ချမှတ်ခံထားရသူ ဖြစ်သည်။

ကိုဝေယံထွန်းသည် လက်ရှိအချိန်တွင် သေဒဏ်ချမှတ်ခံထားရမှုများအတွက် အယူခံဝင်ခွင့်မရဘဲ သနား ခံစာတင်ထားရသည့် အနေအထားတွင်သာရှိကြောင်း ၎င်း၏ သူငယ်ချင်းဖြစ်သူထံက သိရသည်။

ကိုဝေယံထွန်းသည် အင်းစိန်ထောင် သေဒဏ်တိုက်၊ အခန်း (၅၉) တွင် သေဒဏ်ကျ အခြားနှစ်ဦးနှင့် အတူ ရှိနေသည်။ အဆိုပါ ရှိနေသူနှစ်ဦးတွင် ၎င်း၏ အမှုတွဲဖြစ်သူ ကိုထက်ပိုင်စိုးလည်း ပါဝင်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကိုဝေယံထွန်းနှင့် ၎င်း၏ရှေ့နေတို့ အွန်လိုင်းမှ တဆင့်တွေ့ဆုံခွင့်ရခဲ့ရာတွင် ယခင်ကအတူရှိနေခဲ့သည့် သုံးဦးအနက်တစ်ဦးမှာ အခန်းအတွင်း၌ရှိမနေဘဲ ပြောင်းရွှေ့သွားရခဲ့ရသည် ဟုသိရသည်။ ထိုသို့ ပြောင်းရွှေ့သွားခဲ့ရသူမှာ ကိုထက်ပိုင်စိုးဟုသိရသော် လည်း မဇ္ဈိမက သီးခြားအတည် ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီသည် ဦးဂျင်မီ အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦး ကို မတရားသေဒဏ် စီရင်ခဲ့သည်။ ထိုသို့ သေဒဏ်စီရင်ပြီးနောက်တွင် သေဒဏ်ကျအကျဉ်းသားများကို နေရာပြောင်းရွှေ့မှုများ၊ မိသားစုဝင် များနှင့်တွေ့ဆုံပေးနေမှုများရှိသည့်အတွက် မိသားစုများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြသလို အင်းစိန် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများသည် စစ်ကောင်စီအား သပိတ်မှောက် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။ mizzima

R2P အမြန်ဆောင်ရွက်ပေးရန် ကုလလုံခြုံရေးကောင်စီကို NUG နိုင်ငံခြားရေး၀န်ကြီး တောင်း ဆို

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့   နိုင်ငံသားတွေကို   နိုင်ငံတကာအသိုက်အဝန်းက တာဝန်ယူ ကာကွယ်ပေးတဲ့   R2P ကို အကောင်အ ထည်ဖော်ပြီး စစ်အာဏာရှင်ကို ပြန်ခုခံနေတဲ့ မြန်မာပြည်က လက်နက်ကိုင်အဖွဲ့တွေကို တပ်ဖွဲ့အင်အား၊ လက်နက်အင်အား ချက်ချင်း ထောက်ပံ့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇူလိုင် ၃၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ 

ဒီမိုကရေစီအရေး လှုပ်ရှားသူ လေးဦးကို သေဒဏ်စီရင်လိုက်တာကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အပြင်းအထန် ကန့်ကွက်ခဲ့တဲ့အပြင်  တရုတ်နဲ့ ရုရှားအပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ အားလုံးက ကန့်ကွက် ရှုတ်ချလိုက်ပြီးနောက် NUG အစိုးရဘက်က အခုလို တောင်းဆိုချက်ထွက်လာတာပါ။ 

တောင်းဆိုချက်ထဲမှာ  ဒီမိုကရေစီသူရဲကောင်းတွေကို ကွပ်မျက်တာကို ရှုတ်ချ ကန့်ကွက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဒါပေမဲ့ လက်တွေမပါတဲ့ ကြေညာချက်တွေဟာ စကားလုံး သပ်သပ်သာ ဖြစ်တဲ့အတွက်၊ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်ချက်တွေ ဆောင်ရွက်ပေးဖို့  ပါရှိပါတယ်။ စစ်ခေါင်းဆောင် ရဲ့ ဝင်ငွေလမ်းကြောင်းတွေ၊ စီးပွားရေးတွေကို ဖြတ်တောက်ပေးဖို့၊ စစ်ကောင်စီရဲ့ နိုင်တကာ အသိအမှတ် ပြုမှုတွေကို ရပ်တံ့ပေးဖို့နဲ့ အန်ယူဂျီအစိုးရကို တရားဝင် အသိအမှတ်ပြုဖို့၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက လတ်တလော စစ်အာဏာရှင်ကို ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့ပေးဖို့ တပ်တွေလွှတ်ပြီး ကာကွယ်ပေးဖို့၊နဲ့ နိုင်ငံတော်ဟာ နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်တဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်ယူ ကာကွယ်ပေးတဲ့ R2P ကို တောင်းဆိုလိုက်ကြောင်း  ဇူလိုင်လ ၃၀ ရက်နေ့က PVTV စာမျက်နှာကနေတဆင့်  တင်ပြတောင်းဆိုထားတာပါ။

မ္ဘောဒီးယားနိုင်ငံမှာလည်း အာဆီယံ မိတ်ဖက်နိုင်ငံများ ထိပ်သီးအစည်းအဝေး မကြာခင်ကျင်းပဖို့လည်း ရှိနေချိန်မှာ အခုလို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နက်ပရိုက်ခ်ကလည်း အာဆီယံနိုင်ငံတွေ ကန့်ကွက်နေတဲ့ကြားက ဒီမိုကရေစီအရေးဆောင်ရွက်နေသူ ၄ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်တယ်ဆိုတာက  မထိမဲ့မြင်ပြုလုပ်လိုက်တာ ဖြစ်ပြီး ဒေသတွင်း အခမ်းအနားတွေမှာ မဖိတ်ခေါ်ဖို့ စစ်အုပ် စုကို နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် တနည်းနည်းနဲ့ လုပ်ဆောင်နေတာတွေကို ရှောင်ကြည်ဖို့ ဇူလိုင်လ ၂၅ ရက်နေ့တုန်းက တိုက်တွန်းထားပါသေးတယ်။  DVB

မြန်မာ-ထိုင်း မောတောင်နယ်စပ်ဂိတ် ပြန်ဖွင့်မည်ဟု သိရ

မြန်မာ-ထိုင်း မောတောင်နယ်စပ်ဂိတ်ကို လာမည့် ဩဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မောတောင်နယ်စပ်ဂိတ်သည် တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ နယ်စပ်ဂိတ်တစ်ခု ဖြစ်သည်ဟု သိရသည်။

နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံအစည်းဝေး တက်ရောက်မည့်တာဝန်ရှိသူတစ်ဦးက “မနက်ဖြန် ဩဂုတ်လ ၁ ရက်နေ့မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေ အစည်းဝေးလုပ်ဖို့ရှိပါတယ်။ ဘယ်လိုမျိုး ပြန်လည်ဖွင့် လှစ်မယ်ဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။ အစည်းဝေးပြီးမှ သိရမှာပါ”ဟု ပြောသည်။

မောတောင်နယ်စပ်ဂိတ်သည် ကိုဗစ်ကပ်ရောဂါကြောင့်ပိတ်ထားရာမှ လက်ရှိတွင် မြန်မာနိုင်ငံဖက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

“မောတောင်နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်ဆိုတော့ ကောင်းတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ မြိတ် ခရိုင်ထဲမှာ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းအဖြစ် ရေထွက်ပစ္စည်းတွေကိုတင်ပို့ဖို့ အဓိကအားကိုနေရတဲ့ ဂိတ်တစ်ခု ဖြစ်နေလို့ပါပဲ”ဟု မြိတ်အခြေစိုက် ရေထွက်ပစ္စည်းတင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းအတွင်း နယ်စပ်ဂိတ်သုံးခုရှိသည့်အနက် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်သည် ရေ လမ်းခရီးဖြင့် ဖြတ်သန်းသွားလာရသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်ပြီး ယင်းနယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ကဖွင့်လှစ်ပေးခဲ့ပြီး ယခု မြိတ်ခရိုင် မောတောင်-ဆင်ခွန်း(အထူးယာယီနယ်စပ်ဂိတ်) ဩဂုတ်လ ၂ ရက်နေ့တွင် ထပ်မံဖွင့်လှစ်နိုင်ရန်စီစဉ်နေပြီး ထားဝယ်ခရိုင် ထီးခီး-ပူနန်(ကန်ချနဘူရီ) နယ်စပ်ဂိတ်မှာ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။ mizzima

မြဝတီ-ဝေါ်လေကားလမ်း သရက်ပင်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွား

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါ်လေကားလမ်း သုံးထပ်ကွေ့အကျော် သရက်ပင်စခန်းအနီးမှာ  စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ် ကော်ပရာစစ်ကြောင်းတို့ ဇူလိုင် ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

နယ်မြေကျော် ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က လက်ဦးမှုယူ ပစ်ခတ်ခဲ့တာလို့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

လက်ရှိအချိန်အထိ  နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး ကျဆုံး ဒဏ်ရာမှုအခြေအနေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မြဝတီမြို့တောင်ဘက် ဝေါလေမြိင်ကားလမ်းမှာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြိုင်မြို့နယ်ခွဲရှိ မြဝတီ-ဝေါ်လေကားလမ်းမှာ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး မကြာခဏ လမ်း ပိတ်ထားတာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

ရွှေဘိုတက္ကသိုလ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးသို့ ကာကွယ်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့်ဗုံးကြဲတိုက် ခိုက်မှု ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရွှေဘိုတက္ကသိုလ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အနီးကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း Black Wolf PDF ထံမှ သိရသည်။

ရွှေဘိုတက္ကသိုလ် စစ်ဆေးရေးဂိတ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ဇူလိုင်လ ၃၀ ရက် နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က နေ့လယ်ပိုင်းမှာ Operation 247 စစ်ဆင်ရေးရဲ့ ဒုတိယမြောက်တိုက်ခိုက်မှုအနေနဲ့ ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာဖြစ်ပါတယ်။ စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပါတယ်” ဟု Black Wolf PDF တာဝန်ရှိသူက ပြောသည်။

ရွှေ့ဘိုတက္ကသိုလ် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့များသည် ဖြတ်သန်းသွားလာသည့် ပြည်သူများ ထံမှ ငွေကြေးတောင်းယူမှုများနှင့် ဖိ နှိပ်မှုများပြုလုပ်နေသည့် စစ်ဆေးရေးဂိတ်ဖြစ်ပြီး အင်အား ၁၅ ဦးခန့် ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို BLACK WOLF – PDF နှင့်အတူ မဟာမိတ်ဖြစ်သည့် ရွှေဘိုခရိုင်တပ်ရင်း(၅) တပ်ခွဲ(၁)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ် သည်။

“တိုက်ခိုက်မှုတွေ အင်တိုက်အားတိုက်ပြုလုပ်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ၊ ပျူစောထီးတွေနဲ့ ဝေးဝေးနေဖို့ ပြောချင်ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း ယခုထက်ပိုပြီး အားစိုက်လှူဒါန်းပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု Black Wolf PDF တာဝန်ရှိသူက ဆက်ပြောသည်။

ရွှေဘိုမြို့နယ်နှင့် အနီးတဝိုက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများကို Black Wolf PDF နှင့် မဟာ မိတ်များက Opeartion 247 စစ် ဆင်ရေးအမည်ဖြင့် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။

Operation 247 သည် ဒေသကာကွယ်ရေးမဟာမိတ်များဘက်မှ ကျဆုံးခဲ့ရသည့် ရဲဘော်နှစ်ဦး၊ မတရား ကြိုးမိန့်ပေးခံခဲ့ရသော ဦးဂျင်မီ၊ ဦးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့လေးဦးနှင့် မတရား သတ်ဖြတ်ခံရသည့် တအုံကျေးရွာနေ ပြည်သူခုနစ်ဦးတို့ကို ကိုယ်စားပြုသည့်အနေဖြင့် ပြုလုပ်နေသည့် စစ်ဆင်ရေးဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း Operation 247 စစ်ဆင်ရေး၏ ပထမဆုံးတိုက်ခိုက်မှုအဖြစ် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့သည်။ mizzima

« Older Entries Recent Entries »