Monthly Archives: Aug 2022

မောင်ဆောင်းခ၏ “နေကြာပန်းထရော်မာ” ကဗျာစာအုပ် BPLA တပ်တော်၏ ရန်ပုံငွေအတွက် ရောင်းချ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA) ၏ တော်လှန်ရေးရန်ပုံငွေအဖြစ် ကဗျာဆရာ မောင်ဆောင်းခ၏ “နေကြာပန်းထရော်မာ” ကဗျာစာအုပ် (E-book) ကို ရောင်းချလျက်ရှိသည်။

“နေကြာပန်းထရော်မာ” ကဗျာစာအုပ်တွင် ၂၀၁၉ ခုနစ်မှ ၂၀၂၂ ခုနစ်အတွင်း မောင်ဆောင်းခ ရေးသားထားသည့် ကဗျာပေါင်း ၃၀ ခန့် ပါဝင်ပြီး တော်လှန်ကဗျာများနှင့် လူငယ်တစ်ယောက်၏ ပိတ်လှောင်နေသည့် ရင်တွင်းခံစားချက်အပိုင်းအစများကို မောင်ဆောင်းခက ကဗျာအဖြစ်အသက်သွင်းကာ ရေးသားထားသည်။

“လိုအပ်ချက်အရ တော်လှန်ရေးစစ်သားတစ်ယောက်ဖြစ်နေရပေမယ့် ကျွန်တော့်ရဲ့ ကဗျာဆရာဖြစ်တည်မှုကို အမြဲထိန်းသိမ်းထားချင်ပါတယ်။ ကဗျာတွေကို ချစ်မြတ်နိုးတဲ့စိတ်ကပဲ ကျွန်တော့်ကို တော်လှန်တဲ့အတွေးအခေါ်တွေ ဆက်ဖြစ်တည်စေခဲ့တာပါပဲ။ အခု ကဗျာစာအုပ်က အာဏာမသိမ်းခင်ကနဲ့ သိမ်းပြီးနောက်ပိုင်း ရေးဖြစ်ခဲ့တဲ့ကဗျာတချို့ကိုပေါင်းပြီး ထုတ်ဖြစ်လိုက်တာပါ” ဟု BPLA တာဝန်ခံ ကဗျာဆရာမောင်ဆောင်းခက ပြောသည်။

အဆိုပါကဗျာစာအုပ် E-bookကို မြန်မာငွေ ကျပ် ၁၀,၀၀၀ ဖြင့် ဝယ်ယူပြီး နားကပ်တစ်စုံ ကံစမ်းနိုင်မည့်အစီအစဥ်ကို BPLA-Venture လူမှုကွန်ရက်စာမျက်နှာမှ ဩဂုတ်လ ၁၄ ရက်နေ့တွင် စတင်ကြေညာထားသည်။

လေးရက်အတွင်း စာအုပ်ရေ ၃၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်း အုပ်ရေ ၁,၀၀၀ ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ကဗျာစာအုပ် တစ်အုပ်ကို မြန်မာငွေ ကျပ် ၁၀,၀၀၀၊ ကန်ဒေါ်လာ ရှစ်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ ရှစ်ဒေါ်လာ၊ ထိုင်းဘတ် ၂၀၀ နှင့် ဂျပန်ယန်း ၈၀၀ စသဖြင့် အသီးသီးသတ်မှတ်ထားသည်။

ရရှိလာသည့် ရန်ပုံငွေများကို တပ်တော်၏ ရိက္ခာနှင့် ဆေးဝါးဖြည့်တင်းရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုကဗျာစာအုပ်၌ “တက်မကိုင် ပဲ့မထိန်း ရေကျလည်းခပ်မထုတ် ဒီအတိုင်းလုပ်နေရင်တော့ လှေပေါ်မှာရှုပ်တယ် သူငယ်ချင်း” ဟူသည့် ကဗျာစာသားဖြင့် အဆုံးသတ်ထားသည်ကိုလည်း တွေ့မြင်ရပါသည်။

လွန်ခဲ့သည့် ဇွန်လတွင်လည်း မောင်ဆောင်းခ၏ “တိတ်တဆိတ်နာကျင်ရခြင်းတွေ” ကဗျာစာအုပ် E-book ကို ရောင်းချရာတွင် တပ်တော်ရန်ပုံငွေ ကျပ် ၄,၃၀၀,၀၀၀ သိန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ mizzima

ရေစကြိုနှင့်မြိုင်တို့တွင် တိုက်ပွဲဖြစ်ပြီး စစ် သား ၁၁ ဦးထက်မနည်း သေဆုံး၊ ပုလဲတွင် ပျူစောထီးစစ်စခန်းကို PDF အဖွဲ့များ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

မကွေးတိုင်း ရေစကြိုမြို့နယ် ရေယှားကျေးရွာမှငတရော်ကျေးရွာသို့ စစ် ကြောင်းထိုးလာသော စစ်တပ် စစ်ကြောင်းများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ရေစကြိုမြို့နယ်(ပကဖ) ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ၂ ကြောင်းတွင် အင်အား ၆၀ ကျော်ခန့် ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရေစကြိုမြို့နယ် (ပကဖ)နှင့် သိန်းငှက်ပျောက်ကြားတပ်ဖွဲ့ ၊ ရဲဘော်ညီနောင်ပျောက်ကြားတပ်ဖွဲ့၊ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ငတရော်ရွာ အရောက်တွင် အနီးကပ် လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း မြိုင်မြို့နယ် တဲကြီးနှင့် နယ်သတ်ရွာ အကြားတွင် သြဂုတ်လ ၁၆ ရက်နေ့က ကင်းပုန်း ဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခဲ့သော နေရာသို့ PDF တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ကျည်ဆံများနှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ကင်းပုန်းကို သြဂုတ်လ ၁၆ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် မိုင်း ၉ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ မိုငိးဆွဲ တိုက်ခိုက်ခဲ့သော နေရာသို့ သွားရောက် စစ်ဆေးစဉ် ကျည်ဆံများနှင့် အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော အင်မထီးရွာကို 96 Soldiers-PDF (အညာဒေသတပ်ခွဲ)နှင့် PRA တပ်ဖွဲ့မှ သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးခန့် သေဆုံးခဲ့ကြောင်း 96 Soldiers-PDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၅ ဦးသေဆုံးခဲ့ သေဆုံးခဲ့ကြောင်း 96 Soldiers-PDF (အညာဒေသတပ်ခွဲ)မှ ထုတ်ပြန်ထားသည်။ khit thit

မြန်အောင်က CDM ဆရာမနှင့် ခင်ပွန်းတို့ကို ဖမ်းဆီးထားဟု စစ်ကောင်စီထုတ်ပြန်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က CDM ဆရာမတယောက်နဲ့ ခင်ပွန်းဖြစ်သူတို့ကို ဒလန်ရှင်းရာမှာ ပါဝင်ပတ်သက်သူတွေအဖြစ် ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ကညင်ငူကျေးရွာမှာ နေထိုင်တဲ့ ကိုဝေပိုင်ဖြိုးနဲ့ သူ့ဇနီး ဒေါ်စံပယ်အောင်အောင်တို့ကို ဩဂုတ် ၁၃ ရက်က သူတို့ရဲ့အိမ်မှာ ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ထားတာပါ။

ကိုဝေပိုင်ဖြိုးဟာ ၂၀၂၁ ခုနှစ်က မြန်အောင်မြို့ပေါ်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၄ လ ကျခံရပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ပြန် လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

သူအဖမ်းခံရတာဟာ တရွာတည်းနေတဲ့ ကြံ့ခိုင်ရေးပါတီဝန်းရံသူ မသန္တာစိုးက တိုင်ကြားတာကြောင့်လို့ ယူဆပြီး ထောင်ကလွတ်လာချိန်မှာ ရိုးမဧရာအဖွဲ့က ဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ) သားပေါက်နဲ့ ဆက်သွယ်ချိတ်ဆက်ပြီး ဒလန်လို့ စွပ်စွဲလုပ်ကြံခိုင်းခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။

ကိုဝေဖြိုးပိုင်ရဲ့ ဇနီးဖြစ်သူ မစံပယ်အောင်အောင်ကတော့ မြန်အောင်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (ဗလန်းစိန်) မှာ တာဝန်ထမ်းဆောင်လျက်ရှိရာမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ CDM ပြုလုပ်ပြီး မြန်အောင်မြို့နယ်ထဲက ရွာတွေမှာ တိမ်းရှောင်နေရင်း ခင်ပွန်းနဲ့အတူ ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ သတင်းပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။

သူတို့ဟာ ရိုးမဧရာအဖွဲ့က ဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ) သားပေါက်ကို Wave Money ကတဆင့် ငွေကျပ် ၃ သိန်း လွှဲပြောင်းပေးပြီး လုပ်ကြံသတ်ဖြတ်တာတွေလုပ်ဖို့ စေခိုင်းခဲ့တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

ရိုးမဧရာအဖွဲ့က ဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ) သားပေါက်နဲ့ အဇ္ဇတို့ ၂ ယောက်ဟာ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၉ ရက်နေ့က မြန်အောင်မြို့နယ်၊ ကနောင်နယ်မြေ ရဲစခန်းရှေ့မှာ လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲခဲ့ပြီး ရဲတယောက်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့သလို ဩဂုတ် ၆ ရက်နေ့မှာ ကညင်ငူရွာက မသန္တာစိုးကို ဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ) သားပေါက်နဲ့ ငြိမ်းခန့်လင်း (ခ) တရုတ်ကြီးတို့ ၂ ယောက်က ပစ္စတိုနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မသန္တာစိုးဟာ စစ်ကောင်စီကို သတင်းပေးတာ၊ စစ်ကောင်စီအတွက် ဖဲဝိုင်းတွေထောင်ပြီး ငွေရှာပေးတာ၊ ရပ်ရွာထဲက စစ်အာဏာရှင်ဆန့်ကျင်သူတွေကို သတင်းပေး ဖမ်းဆီးစေတာတို့ကြောင့် သုတ်သင်ရှင်းလင်းခဲ့တာလို့ နဂါးနီတော်လှန်ရေးတပ်ဖွဲ့နဲ့ ရိုးမဧရာဝတီ PDF တို့က ထုတ်ပြန်ထားပါတယ်။ DVB

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူကို ထပ်တိုးပုဒ်မဖြင့် တရားစွဲရန် စီစဉ်နေကြောင်း စစ်ကောင်စီပြော

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း ထားသော ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တိုရုကုဘိုတာ(Toru Kubota)ကို အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် ထပ်တိုးအမှုဖွင့် တရားစွဲရန် စီစဉ်နေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းက ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် ရှင်းရှင်းလင်းလင်းပဲပြောမယ်။ ကျွန်တော်တို့အနေနဲ့ သူ့ကို အမှုသုံးခုနဲ့ စွဲဖို့လုပ်နေတယ်။ နံပါတ်တစ်အမှုသည် ဗီဇာဖောက်ဖျက်မှု၊ နံပါတ်နှစ်က ၅၀၅ ဆန္ဒပြတဲ့ အထဲမှာပါတယ်။ နံပါတ်သုံးဟာ အီလက်ထရောနစ်အမှု၊ ဒါတရားမစွဲရသေးဘူး” ဟု စစ်ကောင်စီပြောခွင့်ရသူက ပြောသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီက တိုရုကူဘိုတာအား ဗီဇာစည်းမျဉ်းချိုးဖောက်မှု ဥပဒေ ပုဒ်မ ၁၃(၁)၊ ပုဒ်မ ၅၀၅(က)တို့ဖြင့် တရားစွဲထားပြီး အီလက်ထရောနစ် ဥပဒေပုဒ်မဖြင့် ထပ်တိုးတရားစွဲဆိုနိုင်ရန် အမှုကို လေ့လာဆန်းစစ်နေဆဲဖြစ်ကြောင်း ပြောသည်။

အသက် ၂၆ နှစ်အရွယ် တိုရုကူဘိုတာသည် ဇွန်လ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်”ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆန္ဒပြပွဲက အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံလိုက်ရခြင်း ဖြစ် သည်။

“လွှတ်ခြင်း မလွှတ်ခြင်းသည် အဲဒီအမှုတွေပြီးမှ ဖြစ်မယ်” ဟု စစ်ကောင်စီပြောခွင့်ရက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး တရားဥပ ဒေအရ အစီရင်ခံရမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံသား တိုရုကူဘိုတာ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံ ပြန်လည်ထူထောင်ရေး၀န်ကြီးဌာန ၀န်ကြီးဟောင်းအပါအဝင် ဂျပန်အောက်လွှတ်တော်အမတ် မစ္စတာ ဟီရိုမီချီဝါတာနာဘေးတို့ သြဂုတ်လ ၁၁ ရက်တွင် နေပြည်တော် ၌ တွေ့ဆုံခဲ့သော်လည်း ထပ်တိုးတရားစွဲဆိုရန် စီစဉ်နေကြောင်း စစ်ကောင်စီဘက်က ပြောဆိုလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီး ရက်ပိုင်းအကြာ ဖေဖော်ဝါရီလထဲတွင် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေတွင် ပါဝင်သော ပုဒ်မတချို့ကို ကြီးလေးသော ပြစ်ဒဏ်များဖြင့် စစ်ကောင်စီက အစားထိုးပြင်ဆင်ခဲ့သည်။mizzima

ကော့ကရိတ်တွင် အကြမ်းဖက်စစ်တပ်နှင့် မ ဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက် ပွဲဖြစ်၊ စစ်တပ်က သံချပ်ကာကားများနှင့် စက် သေနတ် တင်ကားများကို အသုံးပြု

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA၊ PDF၊ DKBAခွဲထွက် ပူးပေါင်းထား သော မဟာမိတ် ပြည်သူ့ကာကွယ် ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က သံချပ်ကာကားများ၊ စက်သေနတ်တင် ကားများကိုပါ အသုံးပြုလာကြောင်း ဒေသခံများက ပြော သည်။

ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှစတင်ပြီး ပစ်ခတ်မှုများဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က လက်နက် ကြီး များဖြင့်လည်း တောက် လျှောက် ပစ် ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကော့ကရိတ်မြို့ တောင်ဘက် ကျေးရွာတွေဖြစ်တဲ့ ရွာသစ်၊ ကမိုင်ကုန်း အဲဒီဘက် အခြမ်းမှာ လက်နက်ကြီး လက်နက်ငယ် တွေ နဲ့ ပစ်ခတ်နေကြတယ်။ ခုချိန်ထိ အသံမတိတ် ဘဲ ဆော်နေကြတာ။ လက်နက်ငယ်တွေ တောက်လျောက် ပစ်နေတယ်။ အပြန်အလှန် ချနေတယ်။ စစ်ခွေးတွေဘက်ကတော့ ကားပေါ်တင်ပစ်တဲ့ စတင်းဂန်း လိုမျိုးဟာတွေပါတဲ့ကားတွေနဲ့ ပါ ပစ်နေတာ။ ခုချိန်ထိ မိနစ် ၂၀လောက် ထိကြာမယ်ထင်တယ်။ လက်နက်ကြီးက တော့ တစ်ချက် ချင်းပဲ ပစ်တာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကော့ကရိတ်ဒေသခံတစ်ဦးကမူ စစ်တပ်က သံချပ်ကာကားများနှင့် စစ်ကြောင်းများ ချီတက်သွားလာနေကြောင်း ပြောဆိုသည်။

“ကျမတို့ရှေ့ကတင် သံချပ်ကာကားတွေ တက်သွားတယ်။ ပစ်ခတ်သံကတော့ နည်းနည်းလျော့သွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။khit thit

ရေလယ်ကျွန်းဒေသ ငတရော်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ငတရော်(ငတမျှော်) ရွာကို သြဂုတ် ၁၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငတယော်ကျေးရွာ ဒေသခံတယောက်က “မင်းရွာမှာ တပ်စွဲထားတဲ့ စစ်(…)၊ ပျူ(…)တွေဟာ ဒီနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်လောက်မှာ ကျနော်တို့ရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို ၃ နေရာခွဲပြီး မီးရှို့ဖျက်ဆီးနေကြတယ်။ ကျနော်တို့လည်း ဘေးလွတ်ရာကို ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာခဲ့လို့ အဝေးကပဲ မီးခိုးလုံးတွေ လှမ်းမြင်ရတယ်။ အိမ်ခြေ ၄၉၀ ကျော် ရှိတဲ့ထဲက နေအိမ်ဘယ်နှလုံး မီးလောင်တယ် ဆိုတာကိုတော့ မသိရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်တွေဟာ နေရင်း၊ မင်းရွာနဲ့ ဆင်တဲရွာတွေမှာ တပ်စွဲပြီး စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူ ၇,၀၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့် ရှောက်မှုတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀ ၅၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ DVB

တမူးမြို့နယ်တွင် ပျူစောထီးဆိုသူများ ပြည်သူကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း ၊သနန်ကျေးရွာနေ အမျိုးသားတစ်ဦးအား ပျူစောထီးနှင့် အပေါင်းအပါဆိုသူများက ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ဗဟိုထောက်လှမ်းရေးအဖွဲ့ (တမူး) CIA – Tamu ထံမှ သိရသည်။

ဩဂုတ်လ ၁၅ရက် နေ့လယ် ၁၂နာရီ‌ခန့်အချိန်တွင် တမူးမြို့မှပြန်လာသော ကိုထန်ခန့်ဆွန် ဆိုသူအား ၎င်း၏နေရပ် သနန်ရွာသို့ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့မြေပြင်က သတင်းပေးပို့ချက်အရ ကသဲ(မဏိပူ UG) မြေအောက်လှုပ်ရှားသူ နှစ်ယောက်နဲ့ ပျူစောထီးများက သူ့ရဲ့ဖုန်းထဲမှာ မသင်္ကာစရာတွေ တွေ့ရတယ်ဆိုပြီး ဖမ်းခေါ်သွားတာ” ဟု CIA – Tamu ဒါရိုက်တာ သျှောင်ကြီးဗွေ က မဇ္စျိမကိုပြောသည်။

ကိုထန်ခန့်ဆွန်သည် တမူးမြို့မှ ၎င်း၏လုပ်ငန်းအတွက် ချိန်းဆောအပိုပစ္စည်းများ ဝယ်ယူပြီးအပြန်လမ်း၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီးခံထားရသူသည် ချိန်းဆောဖြင့် အသားခွဲအငှါးလိုက်ခြင်း ၊ လက်သမားအလုပ်ကို လုပ်ကိုင်ခြင်းများဖြင့် မိသားစုကို လုပ်ကိုင်ကျွေးနေသော သာမန်ပြည်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၁၇ရက်နေ့အထိ ကိုထန်ခန့်ဆွန်အား မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း သိရှိရခြင်းမရှိဘဲ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးကြောင်း ဆိုသည်။

သနန်ကျေးရွာသည် တမူး-အောင်ဇေယျလမ်းပိုင်းတွင် တည်ရှိပြီး ယင်းဒေသတွင် စစ်ကောင်စီတပ်အပြင် ပျူစောထီး ၊ ရှမ်းနီ ၊ ကသဲ အဖွဲ့အစည်း များ လှုပ်ရှားနေကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၂ရက် နေ့လည် ၁နာရီ ၃၀မိနစ်အချိန်ကလည်း တမူးမြို့ ၊ နန်းဖာလုံတွင် အသက် (၃၈)နှစ်အရွယ် ကိုမင်းလွန်း(ခ) ကိုပိန်ပိန်းအား ပျူစောထီးဆိုသူများမှ ရိုက်နှက်ပြီး ဆိုင်ကယ်လုယူခြင်းဖြစ်ပွါးခဲ့ရာ ၎င်းမှာအရိုက်ခံရသော ဒဏ်ရာများကြောင့် သေဆုံးသွားသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။mizzima

မြန်မာနိုင်ငံမှာ Facebook ကို ပိတ်ပင်ပြီး အစားထိုး လူမှုကွန်ရက်ပလက် ဖောင်းတစ်ခု ဌာနဆိုင်ရာနဲ့ ပညာရှင်တွေ ပူးပေါင်း လုပ်နေတယ်လို့ အကြမ်း ဖက် ဇော်မင်းထွန်းပြော

မြန်မာနိုင်ငံမှာ လူသုံးများတဲ့ လူမှုကွန်ယက် Facebook ကို ပိတ်ပင်ပြီး အစား ထိုးမယ့် လူမှုကွန်ရက် ပလက်ဖောင်းတစ်ခု ဌာနဆိုင်ရာနဲ့ ပညာ ရှင်တွေ ဖန်တီးနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုပါတယ်။

Facebook ပေါ်ကနေ နိုင်ငံမတည်မငြိမ်ဖြစ်အောင် လုပ်နေလို့ ဒီလိုစဉ်းစားလုပ်ဆောင်နေတာဖြစ်တယ်လို့ ဇော်မင်း ထွန်းက ဆိုပြန်ပါတယ်။ ဒါ့အပြင် ဖေ့ဘုတ်စ် ဝင်ငွေရစေတဲ့ ကြော်ငြာတာတွေကိုလည်း တားဆီးဖို့ရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ကို Facebook လူမှုကွန်ရက်ပေါ်မှာ နေရာမပေးဘဲ ဖြုတ်ချနေကြောင်း၊ အာဏာသိမ်းစစ်တပ် ရုရှားနိုင်ငံမှာ သွားရောက်ယှဉ် ပြိုင်တဲ့ စစ်ရေးလေ့ကျင့်ရေးအဖွဲ့က ဆုရတဲ့အခါ နိုင်ငံတော်သီချင်းဖွင့် ဂုဏ်ပြု့တဲ့ ဗီဒီယိုရုပ်သံကို Facebook လူမှုကွန်ယက်ပေါ် လွှင့်တင်ရာမှာ အကြိမ်ကြိမ် ဖြုတ်ချခံခဲ့ရလို့ အကြမ်းဖက် ဇော်မင်းထွန်းက ဆိုပါတယ်။

ဖေ့ဘွတ်စ်နေရာမှာ အစားထိုးဖို့ လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုကို အာဏာ သိမ်း စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတစ်ချို့နဲ့ ပညာ ရှင် ဆိုသူတွေ ပူးပေါင်းဖန်တီးနေတယ်လို့လည်း သူကပြောပေမယ့် ဘယ်လို ပလက် ဖောင်းမျိုးလည်းဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။

ပြည်သူကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ Facebook အပါအဝင်၊ Googleနဲ့ ရုပ်သံတိုက် ရိုက်လွှင့်တဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ တရားဝင် အသုံးပြုခွင့် မရလို့ အခုနောက် ဆုံး ဒီလို တုံ့ပြန်လာတာလည်းဖြစ်ပါတယ်။ khit thit

« Older Entries