Monthly Archives: Aug 2022

စစ်ကိုင်း ထွေအုပ်ရုံးနှင့် စည်ပင်ရုံး ဒရုန်းဖြင့်ဗုံးကြဲခံရ စကစတပ် ၄ ဦးသေ ကား ၂စီးပျက် စီး

စစ်ကိုင်းထွေအုပ်ရုံးနှင့် စည်ပင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မဟာမိတ်က ယနေ့ (ဩဂုတ်လ ၁ ရက်) နေ့လယ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး ကားနှစ်စီးပျက်စီးသွားကြောင်း ကာကွယ်ရေးတပ်များက ထုတ်ပြန်သည်။

People’s Dictatorship Revolutionary Force-PDRF နှင့် Doung Ni Defence Force(DNDF-Wetlet) တို့ပူးပေါင်းကာ စစ်ကိုင်းတိုင်း​ဒေသကြီး၏မြို့တော်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် စည်ပင်သာယာရေးကော်မတီရုံးတို့ကို နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန် ခန့်က ဒရုန်းဖြင့်ဗုံးကြဲချခြင်းဖြစ်ကာ ဟာမူရာဘီစစ်ဆင်ရေး(Operation Hammurabi)အဖြစ် စစ်ကောင်စီက တိတ်တဆိတ်သေဒဏ်စီရင်ခဲ့သူ လေးဦးအတွက် သွေးကြွေးဆပ်ခြင်းဖြစ်ကြောင်း PDRF ထုတ်ပြန်ချက်တွင်ပါရှိသည်။

သေဒဏ်ချခံထားရသော ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီတပ်က ပြစ်ဒဏ်စီရင်ကြောင်း ကြေညာခဲ့သည်။ သို့သော် ကာယကံရှင်များနှင့် မိသားစုကို ကြိုတင်အသိပေးခြင်းမရှိသလို အဖြစ်အပျက်နှင့်ပတ်သက်၍လည်း တိတိကျကျမပြောဘဲ ထိန်ချန်ထားသည်။

စစ်ကိုင်းမြို့ခံတစ်ဦးကလည်း ရုံးနှစ်ရုံးတွင်ဗုံးပေါက်ကွဲမှုဖြစ်သည်ကို သိရှိရကြောင်းပြောသည်။

“ထွေ/အုပ်ရုံးထဲရပ်ထားတဲ့ ကားနှစ်စီးမီးလောင်ပြီး စစ်သားတွေလည်းသေတယ်ဗျ။ စည်ပင်ရုံးထဲတော့အထိအခိုက်သိပ်မရှိဘူးကြားတာပဲ၊ ဒရုန်းနဲ့ဗုံးချသွားတာလို့ ပြောနေကြတယ်” ဟု အမည်မဖော်လိုသူ မြို့ခံကပြောသည်။

ကာကွယ်ရေးတပ်များ၏ထုတ်ပြန်ချက်တွင် စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေသူများအား ကိုဓဥပဒေဖြင့်သာ ပိုမိုပြင်းထန်သောစစ်ဆင်ရေးများ ပြုလုပ်သွားမည်ဟုလည်း ပါရှိသည်။ mizzima

သံပုံးတီးပြီး လူထုသစ္စာအဓိဋ္ဌာန်ပြုသည့် မကွေးမြို့မဈေး ပျံကျစျေးသည်များကို စစ်အုပ်စုက မောင်းထုတ်

မကွေးမြို့ မြို့မစျေးမှာ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းက သံပုံးတီးပြီး လူထုသစ္စာအဓိဌာန်ပြုလုပ်ခဲ့တဲ့ ပျံကျစျေးသည်တွေကို စစ်အုပ်စုက သြဂုတ်လ ၁ ရက်နေ့မှာ မောင်းထုတ်ခဲ့ကြတယ်လို့ မကွေးမြို့ ဒေသခံတွေက ပြောပါတယ်။

မကွေးမြို့မစျေးကို သြဂုတ် ၁ ရက်နေ့မနက်ပိုင်းမှာ စစ်ကား၊ ရဲကားတွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး နှင်ထုတ်ခဲ့တာလို့ မကွေးမြို့ ဒေသခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။

“အဲဒီစစ်သားတွေ၊ ရဲတွေက သံပုံးစတီးတာ ဘယ်သူလည်းမေးတော့ ဖြေမယ့်သူမရှိလို့ အကုန်အနှင်ခံရတာ။ မြို့မစျေးရုံကြီးက စျေးသည်တွေကတော့ မပါဘူး။ ကတ္တရာလမ်းဘေး မှချပြီးရောင်းနေတဲ့ ပျံကျစျေးသည်တွေကတော့ ဒီမောင်းထုတ်ခံရပြီး နောက်နေ့ကစလို့ တယောက်မှမထွက်ရတော့ဘူး။” 

မကွေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီး လူထုသပိတ်တွေ၊ သံပုံးတီးသပိတ်တွေ ၂ လလောက် ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာ အသံတိတ်သပိတ်တွေ ပြုလုပ်ခဲ့တယ်။ အသံတိတ်သပိတ်ပြုလုပ်တဲ့ ၂ ကြိမ်လုံးမှာလည်း လမ်းပေါ်မှာ လူမရှိတဲ့အပြင် ဆိုင်တွေအားလုံးပိတ်ပြီး ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို မကွေးမြို့မစျေးတခုတည်းပြုလုပ်ပြီး ကျန်တဲ့စျေးတွေ၊ ရပ်ရွာတွေမှာ မပြုလုပ်ဘဲ တနေရာတည်းပြုလုပ်တဲ့အခါကျတော့ ပိုပြီးအဖိခံလိုက်ရတာလို့ ဒေသခံက ပြောပါတယ်။

မကွေးမြို့ပေါ်မှာတော့ ဇူလိုင် ၃၁ ရက်နေ့က ရဲအင်အားအများအပြားချထားပြီး စစ်တပ်ကတော့ နေရာ ၅ ခုလောက်မှာ နေရာယူထားကြောင်း၊ မြို့ဝင်မြို့ထွက် ဂိတ်တွေမှာတော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လက်ကိုင်ဖုန်းတွေကို အစစ်ဆေးကြမ်းတာ ၃ ရက်လောက်ရှိပြီလို့ ဆိုပါတယ်။

မကွေးမြို့မစျေး ပျံကျစျေးသည်တွေကို အကန့်အသတ်မရှိ စျေးလာမရောင်းဖို့ နှင်ထုတ်လိုက်တဲ့ အပေါ် မကွေးလူထုတိုက်ပွဲကော်မတီရဲ့ ဦး ဆောင်သူ ကိုချစ်ဝင်းမောင်က  “ဒီကိစ္စကို ကြားသိရတဲ့ အချိန်မှာ ကျနော်တို့ ခံစားမိတာကတော့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ အကုန်လုံးဟာ အာဏာရှင်ကို ရရာနည်းလမ်း နဲ့ တော်လှန်နေကြတယ်။ ဒီလိုတော်လှန်နေကြတဲ့ အခင်းကျင်းမှာလည်း မကွေးလူထုအနေနဲ့ ရရာကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာ ကျနော်တို့ သိရလို့ အင်မတန်မှ အားရှိ ပီတိဖြစ်ပြီး ဂုဏ်ယူနေရတယ်။ အာဏာရှင်ရှိနေသရွေ့ကတော့ ကျနော်တို့ စျေးရောင်းချင်တဲ့နေရာတွေမှာ လွတ်လွတ်လပ်လပ်ရောင်းခွင့်၊ လုပ်လို့ရတဲ့ အလုပ်တွေကို လွတ်လွတ်လပ်လပ်လုပ်ကိုင်ဆောင်ရွက်ခွင့်တွေ လုံးဝရှိမှာမဟုတ်ပါဘူး။ အဲဒီတော့ ကျနော်တို့ရဲ့ လွတ်လပ်ခွင့်တွေ၊ လူ့ဂုဏ်သိက္ခာတွေ၊ ရပ်တည်ခွင့်တွေ အကုန်လုံးကို ပြန်ရဖို့ဆိုရင် ကျနော်တို့ရဲ့မြေပေါ်ကနေ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်မောင်းထုတ်မှရပါလိမ့်မယ်။ ဒါကြောင့်မို့လို့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေသာမက မကွေးဒေသမှာရှိတဲ့ လူထုတွေ အကုန်လုံးကလည်း ရှေ့ဆက်ပြီးတော့ စစ်အာဏာရှင်ကို စုစုစည်းစည်းနဲ့ တော်လှန်ကြပါလို့ တိုက်တွန်းလိုတယ်။”

ဇူလိုင် ၃၁ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာတော့ မကွေးတိုင်းဒေသကြီးအပါဝင် နိုင်အနှံအပြားက တော်လှန်ရေးအင်အားစုတွေအပါဝင် နိုင်ငံတကာကိုရောက်ရှိနေတဲ့ ပြည်သူတွေဟာ လူထုသစ္စာအဓိဋ္ဌာပြုပွဲကို တပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။DVB

ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်း နိုင်ငံကိုယ် စားပြုခွင့်ရရှိရေးအတွက် ကမ်ပိန်းပြုလုပ်မည်

ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တရားဝင်ခန့်အပ်ကာ နိုင်ငံကိုယ်စားပြုခွင့်ရရှိရေးကမ်ပိန်းကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဦးဆောင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လာမည့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စစ်ကောင်စီကိုယ်စားလှယ်ကို အနိုင်ရရေးကမ်ပိန်းတွင် အသုံးပြုမည့် ကြွေးကြော်သံ၊ ဆောင်ပုဒ်နှင့် ပရိုဖိုင်းဓာတ်ပုံ frame များ အဆိုပြုပေးပို့ကြရန် ပြည်သူများအား NUCC က ကနဦး ဖိတ်ခေါ်ထားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီလှုပ်ရှားသူများဘက်မှ လက်သုံးချောင်းထောင်ကာ ရပ်တည်ခဲ့သူဖြစ်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံကိုယ်စားပြုခွင့်တရားဝင်ရရှိရေးကမ်ပိန်းအတွက် ကြွေးကြော်သံ၊ ဆောင်ပုဒ်နှင့် ပရိုဖိုင်းဓာတ်ပုံ frame များ အဆိုပြုမှုကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့မှ ၂၁ ရက်နေ့တွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း NUCC က ပြောထားသည်။

အဆိုပြုတင်သွင်းပေးပို့ရမည့် ကြွေးကြော်သံ/ ဆောင်ပုဒ်များသည် ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်တွင်း/ပြည်ပတွင်နေထိုင်သော မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ ပြည်သူများအားလုံးကို ကိုယ်စားပြုသော ကြွေးကြော်သံဆောင်ပုဒ်ဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

ယင်းအပြင် Facebook profile picture frame campaign အဖြစ် တူညီစွာ အသုံးပြုနိုင်ရန် profile frame ဒီဇိုင်း များကို အဆိုပြုတင်သွင်းကြရန်လည်း NUCC က ဖိတ်ခေါ်ထားသည်။

ထိုသို့ ပေးပို့လာသည့် အဆိုပြုတင်သွင်းမှုများအနက် ရွေးချယ်ခံရသော ကြွေးကြော်သံ၊ ဆောင်ပုဒ်များနှင့် Facebook profile picture frame များကို ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်း နိုင်ငံကိုယ်စားပြုခွင့်ရရှိရေး ကမ်ပိန်းတွင် အသုံးပြုရန် NUCC က တရားဝင်သတ်မှတ်သွားမည်ဖြစ်သည်။

အဆိုပါ ဖိတ်ခေါ်ပွဲအတွက် အဆိုပြုတင်သွင်းပေးပို့လိုသူများအနေဖြင့် NUCC Facebook page messenger နှင့် contact@nucc-federal.org email လိပ်စာတို့မှ ဩဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် စစ်ကောင်စီဘက်ကတင်သွင်းလာသော ကိုယ်စားလှယ်ကိုအသိအမှတ်မပြုဘဲ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ယာယီဆက်လက်အသိအမှတ်ပြုရန် ကုလသမဂ္ဂကိုယ် စားလှယ် စီစစ်လက်ခံရေး ကော်မတီက ဆုံးဖြတ်ခဲ့သည်။

ယင်းကြောင့် ကုလသမဂ္ဂတွင် တရားဝင်နိုင်ငံကိုယ်စားပြုခွင့်ရရန်အတွက် စစ်ကောင်စီဘက်က တင်သွင်း လာသောကိုယ်စားလှယ်နှင့် ယာယီခန့်အပ်ခံထားရသောဦးကျော်မိုးထွန်းတို့အနက်မှ တစ်ဦးကို ကုလသမဂ္ဂ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် လာမည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ဆုံးဖြတ်ရွေးချယ်မည်ဖြစ်သည်။

ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် တရားဝင် နိုင်ငံကိုယ်စားပြုခွင့် ရရှိရေးသည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင် အ သိအမှတ်ပြုလိုက်ခြင်းဖြစ်သည့်အပြင် နွေဦးတော်လှန်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။ mizzima

ဒီးမော့ဆိုမြို့နယ် စစ်ရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦးထိခိုက်၊ ခင်ဦးတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည်ထိ၍ အသက် ၈၆ နှစ်အဘွားအို သေဆုံး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် စခန်း တစ်ခုကို အကြမ်းဖက် စစ်တပ် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်တွင် လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ပြီး ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ရှောင် စခန်းကို အကြမ်းဖက် စစ်တပ် ငွေတောင် (၁၀၂) တပ်ရင်းနှင့် ဖရူဆို အခြေစိုက် (၁၂၈) တပ်ရင်းတို့မှ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို လက်နက်ကြီး ထိမှန်ခဲ့ကြောင်း၊ ၁၃နှစ် အရွယ် ကလေးငယ် ၁ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကျန်တစ်ဦးမှာ ဦးခေါင်း ထိမှန်ဒဏ်ရာရရှိခဲ့ကာ အရေးပေါ်ဆေးကုသမူ ခံယူနေရ​ပြီး ကျန် ၃ ဦးမှာ မစိုးရိမ်ရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် စစ်ဘေးရှောင် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ အဆင့်မြင့် လက်နက်များဖြင့် ပစ်ခတ်မှု ၇ ကြိမ်ခန့် ကျူးလွန်ခဲ့ပြီး စ်စ်ရှောင် ပြည်သူ ၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ ၁၂ ဦးရှိကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် အိမ်ခြေ ၅၀၀ ခန့်ရှိသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊အင်ပတ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံ ပြည်သူ ၃ ဦး ကျည်ထိမှန်ကာ တစ်ဦးသေဆုံးသွားကြောင်း သိရှိရသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည် အသက် ၈၆နှစ် အရွယ်ဒေါ်ဝက်ဖြစ်ပြီး မျက်လုံး တစ်ဖက် အပါအဝင် နေရာအနှံ့ လက်နက် ကြီးကျည်ထိမှန်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျည်ဆံမှန်ပြီး ည၈နာရီကျော်လောက်ကဆုံးသွာတာ။ စစ်ကောင်စီက ရေဦးမြို့အဝင်က ကြာပန်းဝိုင်းဘက်ကနေ ကျေးရွာတွေဆီကို Drone တစ်စီး ဝဲပြီး အရင်ကင်းထောက်တယ်။ သိပ်မကြာဘူး ရေဦးအဝိုင်းပတ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အဘွားကို ထိပြီးဆုံးတာ။ လက် နက်ကြီးကျည် ၁၀လုံး ကျော် အင်ပတ်ရွာကို ကျတယ်။အခြားကျေးရွာတွေလည်း အပစ်ခံရတယ်။ အင်ပတ်ကျေးရွာမှာတော့ ဒုက္ခိတ အရွယ် အသက် ၈၀ ကျော် အဘွားအို ၂ ဦးနဲ့ ပြေးလွှားရင်း အမျိုးသားတစ်ဦး စုစုပေါင်း ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ အဘွားတစ်ဦးသေတယ်ပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit

လမိုင်းတွင် ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် လူ ငယ်တဦး သေဆုံး

မွန်ပြည်နယ် ရေးမြို့နယ်  လမိုင်းမြို့မှာ ဇူလိုင် ၃၁ ရက် ည ၁၀ နာရီလောက်က လူငယ်တဦးကို  ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့်  သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် ကိုလင်းအောင်ဆိုသူဟာ ပရဟိတရုံးကအပြန် အိမ်နား မရောက်ခင် လမိုင်းနောင်တော်ကြီးစေတီနားအရောက် လှည့်ကင်းအဖွဲ့နဲ့တွေ့ပြီး ပစ်ခတ်ခံရတာလို့ ဒေသခံ တဦးက ပြောပါတယ်။ 

“လမိုင်းနောင်တော်ကြီးစေတီနား သေသူရဲ့ အိမ်နားမှာဖြစ်တယ်။ သေနတ်သံကြားတော့ လူတွေ ထကြည့်ချိန်မှာ ရဲတွေ ကားပေါ်တင်သွားတယ်။”

ဩဂုတ် ၁ ရက်မှာတော့ လူငယ်တဦး ရဲစခန်းနား ချဉ်းကပ်လာတာကြောင့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောတယ်လို့  ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူရဲ့ သူငယ်ချင်းဖြစ်သူက “နောင်တော်ကြီးစေတီအရှေ့ဘက်မှာ သူငယ်ချင်းတွေက စိုးရိမ်ပြီးလိုက်ကြည့်တော့ သွေးစက်တွေ့တယ်။ ဖိနပ်ဆိုင်ကယ်ကျန်ခဲ့ပြီး လူကို မတွေ့ဘူး။ နောက်ဆုံးရဲစခန်းနားမှာ သွားတွေ့တော့ ဝမ်းဗိုက်ဒဏ်ရာ တချက်နဲ့ လည်ပင်းမှာ ထိုးသွင်း ဒဏ်ရာ တချက်နဲ့တွေ့တယ်။ မနက်မိုးလင်း ရဲစခန်းက အလောင်းထုတ်ပေးမှ သေဆုံးတာသိရတယ်” လို့ ပြောပါတယ်။

လမိုင်းရဲစခန်းက သူတို့ ဝင်းနားကပ်လာလို့ ပစ်တာ ပြောဆိုနေပေမဲ့ ရေးမြောက်ပိုင်းဒေသတွေမှာ  အခုလိုဖြစ်စဉ်မျိုး ငါးကြိမ်ထက်မနည်းဖြစ်ခဲ့ပါတယ်။

ကိုလင်းအောင်မှာ လမိုင်းမြို့ လမိုင်းပရဟိတလူငယ်များအဖွဲ့ဝင်တဦးဖြစ်ပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်လို့  ဝမ်းနည်းကြောင်းနဲ့ ဖြစ်ရပ်အပေါ် သံသယရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်လို့  ရဲတပ်ဖွဲ့ကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။  DVB

ကျောက်တော်မြို့၊ မဟာမုနိဘုရားရှေ့တွင် ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရား အရှေ့ဘက်မုခ်ဝရှိ ထမင်းဆိုင်၌ထိုင်နေသည့် ဒေသခံသုံးဦးကို စစ်ကောင်စီတပ်မှ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဝင်ရောက် ဖမ်းဆီး သွားကြောင်း သိရသည်။

၎င်းတို့ သုံးဦးကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုသံသယဖြင့် မဟာမုနိဘုရားတွင် တပ်စွဲနေသော စစ်ကောင်စီတပ်သားများမှ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဟုသိရသည်။

“ သူတို့သုံးယောက်ဆိုင်မှာထိုင်နေတုန်း စစ်သားတွေကဝင်လာပြီး စစ်ဆေးကြတယ်။ ဖုန်းတယ်ကိုရော စစ်ဆေးကြပါတယ်။ ခဏနေတော့ ဖမ်းသွားကြပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူမှာ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ ဦးမောင်စောသာ ( အသက် ၄၀ နှစ်) ဆိုသူတစ်ဦးနှင့် အခြားလူငယ်နှစ်ဦးတို့ဖြစ်ကြောင်း ဒေသခံများကပြောကြသည်။ သို့သော် အခြားလူငယ် နှစ်ဦးမှာ မည်သူဖြစ်မှန်း မသိရှိရသေးပေ။

မဟာမုနိဘုရားအတွင်း တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများသည် မကြာခဏဆိုသလို ဘုရားဖူးပြည်သူများကို စစ်ဆေးမှုများပြုလုပ်လျှက်ရှိသည်။

“ အခုက ဘုရားနားမှာဆိုင်တွေ အကုန်ပိတ်ထားကြရတယ်။ အပြင်လည်းမထွက်ရဲဘူး။ အခြေအနေက တင်းမှာမယ့်ပုံပါပဲ။ ကျမတို့လည်း ဘယ်မှမသွားရဲတော့ဘူး။ စစ်ဖြစ်မှာကို စိုးရိမ်နေရတယ်။ နောက်ပြီး စစ်သားတွေက ရွာကိုဝင်ပြီး စစ်ဆေးမှုတွေ ဖမ်းဆီးမှုတွေကို လုပ်မှာလည်း ကြောက်နေရတယ်” ဟု အခြားဒေသခံတစ်ဦးမှလည်းပြောသည်။

မဟာမုနိဘုရားသည် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင်တည်ရှိပြီး ဖမ်းဆီးမှုဖြစ်ပွားပြီး သည့်နောက်ပိုင်း ဘုရားအနီးရှိ စျေးဆိုင်များကိုပိတ်ထားကြကြောင်းလည်း သိရသည်။mizzima

မူဆယ်တွင် စစ်ကောင်စီအရာရှိများနှင့်ချိတ် ဆက်သည့် CBD အွန်လိုင်းငွေလိမ်ဂိုဏ်းမှ တ ရုတ်နိုင်ငံသားပိုင်ရှင်များ ထွက်ပြေးပြီး အလုပ်သ မားများလည်း ပြောင်းရွှေ့

ရှမ်းပြည်နယ်၊မူဆယ်မြို့ရှိ CBD ငွေလိမ်ကုမ္ပဏီဂိုဏ်းကို ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်း တရုတ်အာဏာပိုင်များနှင့် စစ်ကောင်စီတပ်များ ပူး ပေါင်း ဝင်ရောက် စီးနင်းခဲ့သည်ဆိုသော သတင်းများထွက်ပေါ်နေပြီး ကုမ္ပဏီပိုင်ရှင်များမှာ ချိတ်ဆက်ထားသော စစ်ကောင်စီအရာရှိများ၏ ကြိုတင် သတင်းပေးမှုကြောင့် ထွက်ပြေးသွားကာ ကုမ္ပဏီဝန်ထမ်းများလည်း ပြောင်းရွှေ့လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကုမ္ပဏီ ပိုင်ရှင်တွေက တရုတ်နိုင်ငံသားတွေပဲ။ အလုပ်သမားတွေက မြန်မာအလုပ်သမားတွေပဲ။ တောင်ပေါ်ဒေသတွေက ပါတယ်။ သူတို့ ဘာမှ သေချာ နားလည်ကြတာမဟုတ်ဘူး။ တကယ်က လောပန်းတွေက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လိမ်နေကြတာ။ အခု တရုတ်အာဏာပိုင်တွေဘက်က လာဖမ်းမယ်ဆိုတော့ စစ်တပ်ဘက်က သူဌေးတွေကို သတင်းပေးတော့ ပြေးနှင့်ပြီ။ အလုပ်သမားတွေက ဘာလုပ်ရမှန်း မသိကျန်ခဲ့တာ” ဟု မူဆယ်ဒေသခံ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

CBD ကုမ္ပဏီမှာ မူဆယ်မြို့တွင် အကြီးဆုံး အလိမ်ကုမ္ပဏီဖြစ်ပြီး၊ တရုတ်နိုင်ငံသားများကို အဓိက ပစ်မှတ်ထားလိမ်လည်ကြောင်း၊ ထိုအထဲ We chat၊ Tiktok ၊ QQ နှင့် အခြားလူမှုကွန်ရက်စာမျက်နှာများဖွင့်ကာ ငွေကြေးရင်းနှီးမြှုပ်နှံသူများကို တစ်ပတ်အတွင်း အမြတ်ပေးမည်ဟုဆိုကာ ငွေကြေးများကို ပုံစံအမျိုးမျိုးဖြင့် မက်လုံးပေး ဆွဲ‌‌ဆောင် လိမ်လည်ခြင်းနည်းလမ်းများလည်း ပါဝင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မူဆယ်ရှိ အွန်လိုင်းအလိမ်အညာဂိုဏ်အများစုကို တရုတ်နိုင်ငံသားများက ထူထောင်လုပ်ကိုင်ကြပြီး ကုမ္ပဏီဝန်ထမ်းများမှာ မြန်မာအလုပ် သမားများသာဖြစ်ကြောင်း၊ ဝန်ထမ်းများက လိုက်လံ ဆွဲဆောင်လူရှာရကြောင်း သိရှိရသည်။

အဆိုပါ CBD ကုမ္ပဏီသည် တရုတ်သူဌေးများနှင့် မြန်မာဘက်မှ စစ်တပ်အရာရှိ ဗိုလ်ချုပ်ဟောင်းများ အကျိုးတူ ဆက်စပ်လုပ်ကိုင်ကြကြောင်း၊ လက်ရှိ တိုင်းမှူးများနှင့်လည်း ဆက်စပ်လျက်ရှိကြောင်း၊ တရုတ်သူဌေးများက ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပြီး လုံခြုံရေး ယူခြင်း၊ လက်နက်များ တင်သွင်း၍ လက်ရုံးတပ်များ ထူထောင်ခြင်းများ လည်းလုပ်ကိုင်ကြကြောင်း၊ မြန်မာရဲ၊ စစ်တပ်တို့နှင့်ချိတ်ဆက်ထားသဖြင့် အလွယ်တကူ ဖမ်းဆီးရန် မလွယ်ဘဲ စစ်ကောင်စီဘက်ကလည်း သတင်းပြန်ပေးလေ့ရှိကြောင်း မူဆယ်စီးပွားရေးသမားကဆိုသည်။

“ပြည်သူ့စစ်အမည်ခံပြီး လောင်းကစားရုံတွေကို လုံခြုံရေးယူတယ်။ ဒီဘက် မြန်မာဘက်က ရဲနဲ့ စစ်တပ်ကို ကျွေးတယ်။ အဲဒီလို အွန်လိုင်း အလိမ်ခံဂိုဏ်းတွေ လောင်းကစားအွန်လိုင်း ဂိမ်းလုပ်တဲ့သူတွေကလည်း အများကြီးပဲ။ မြန်မာဘက်က ရဲနဲ့စစ်တပ်ကလည်း ငွေရရင် အကုန်လုပ်တော့ တရုတ်သူဌေးတွေက မြန်မာဘက်မှာ လက်နက်ကိုင်အဖွဲ့တွေထောင်၊ ရဲနဲ့တပ်ကို အိတ်ထဲထည့်ထားတာပဲ” ဟု မူဆယ်စီးပွား ရေးသမားက ရှင်းပြသည်။ khit thit

မြန်မာနိုင်ငံလာမည့်ခရီးသွားများ ကိုဗစ်ဆေး အကြိမ်ပြည့်ထိုးပြီးကြောင်း သက်သေခံလက် မှတ် တင်ပြရမည်

မြန်မာနိုင်ငံကို နိုင်ငံတကာလေကြောင်းလိုင်းတွေ၊ နယ်စပ်ဂိတ်တွေကတဆင့် ဝင်လာမယ့် ခရီးသွား တွေအနေနဲ့ မလာရောက်မီ ၁၄ ရက်ကျော်က ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီး ကြောင်း သက်သေခံလက်မှတ် တင်ပြရမယ့်အပြင် သတ်မှတ်နေရာတွေမှာ ရောဂါပိုး စစ် ဆေးတာ ခံယူရမယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံအတွင်း လာမယ့်ခရီးသွားတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ အကြိမ်ပြည့်ထိုးထားရမှာ ဖြစ်သလို မြန်မာနိုင်ငံအတွင်း မဆိုက်ရောက်မီ ၄၈ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးထားတဲ့ ကိုဗစ်ကင်းရှင်းကြောင်း ဓာတ်ခွဲအ‌ဖြေတို့ကို တင်ပြရမှာပါ။ ဒါ့အပြင် လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေက သတ်မှတ်ထားတဲ့နေရာတွေမှာလည်း ရောဂါပိုးစစ်ဆေးခြင်း ခံယူရမှာဖြစ်ပါတယ်။ 

ရောဂါပိုးစစ်ဆေးခြင်းအတွက် မြန်မာကျပ်ငွေ ၁၅၀၀၀ ကုန်ကျမှာဖြစ်ပြီး ခရီးသည်က ကျခံရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားသားခရီးသည်တွေအနေနဲ့ကတော့ အထက်ပါအချက်တွေ ပြည့်စုံရမယ့်အပြင် မြန်မာ့ခရီးသွား အာမခံလုပ်ငန်းကနေ ဝယ်ယူထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အာမခံဝယ်ယူထားကြောင်း အထောက်အထားကိုလည်း တင်ပြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူတွေ ပြန်လည်စစ်ဆေးတွေ့ရှိနေရပြီး ဇူလိုင် ၃၁ ရက်နေ့က ဓ◌ာတ်ခွဲနမူနာ စုစုပေါင်း ၄၂၀၇ ခုကို စစ် ဆေးခဲ့ရာမှာ အတည်ပြုလူနာ ၉ ဦးတွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အများစုမှာ ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။  DVB

« Older Entries