ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်း နိုင်ငံကိုယ် စားပြုခွင့်ရရှိရေးအတွက် ကမ်ပိန်းပြုလုပ်မည်


ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တရားဝင်ခန့်အပ်ကာ နိုင်ငံကိုယ်စားပြုခွင့်ရရှိရေးကမ်ပိန်းကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဦးဆောင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လာမည့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စစ်ကောင်စီကိုယ်စားလှယ်ကို အနိုင်ရရေးကမ်ပိန်းတွင် အသုံးပြုမည့် ကြွေးကြော်သံ၊ ဆောင်ပုဒ်နှင့် ပရိုဖိုင်းဓာတ်ပုံ frame များ အဆိုပြုပေးပို့ကြရန် ပြည်သူများအား NUCC က ကနဦး ဖိတ်ခေါ်ထားသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီလှုပ်ရှားသူများဘက်မှ လက်သုံးချောင်းထောင်ကာ ရပ်တည်ခဲ့သူဖြစ်သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံကိုယ်စားပြုခွင့်တရားဝင်ရရှိရေးကမ်ပိန်းအတွက် ကြွေးကြော်သံ၊ ဆောင်ပုဒ်နှင့် ပရိုဖိုင်းဓာတ်ပုံ frame များ အဆိုပြုမှုကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့မှ ၂၁ ရက်နေ့တွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း NUCC က ပြောထားသည်။
အဆိုပြုတင်သွင်းပေးပို့ရမည့် ကြွေးကြော်သံ/ ဆောင်ပုဒ်များသည် ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်တွင်း/ပြည်ပတွင်နေထိုင်သော မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ ပြည်သူများအားလုံးကို ကိုယ်စားပြုသော ကြွေးကြော်သံဆောင်ပုဒ်ဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
ယင်းအပြင် Facebook profile picture frame campaign အဖြစ် တူညီစွာ အသုံးပြုနိုင်ရန် profile frame ဒီဇိုင်း များကို အဆိုပြုတင်သွင်းကြရန်လည်း NUCC က ဖိတ်ခေါ်ထားသည်။
ထိုသို့ ပေးပို့လာသည့် အဆိုပြုတင်သွင်းမှုများအနက် ရွေးချယ်ခံရသော ကြွေးကြော်သံ၊ ဆောင်ပုဒ်များနှင့် Facebook profile picture frame များကို ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်း နိုင်ငံကိုယ်စားပြုခွင့်ရရှိရေး ကမ်ပိန်းတွင် အသုံးပြုရန် NUCC က တရားဝင်သတ်မှတ်သွားမည်ဖြစ်သည်။
အဆိုပါ ဖိတ်ခေါ်ပွဲအတွက် အဆိုပြုတင်သွင်းပေးပို့လိုသူများအနေဖြင့် NUCC Facebook page messenger နှင့် contact@nucc-federal.org email လိပ်စာတို့မှ ဩဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် စစ်ကောင်စီဘက်ကတင်သွင်းလာသော ကိုယ်စားလှယ်ကိုအသိအမှတ်မပြုဘဲ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ယာယီဆက်လက်အသိအမှတ်ပြုရန် ကုလသမဂ္ဂကိုယ် စားလှယ် စီစစ်လက်ခံရေး ကော်မတီက ဆုံးဖြတ်ခဲ့သည်။
ယင်းကြောင့် ကုလသမဂ္ဂတွင် တရားဝင်နိုင်ငံကိုယ်စားပြုခွင့်ရရန်အတွက် စစ်ကောင်စီဘက်က တင်သွင်း လာသောကိုယ်စားလှယ်နှင့် ယာယီခန့်အပ်ခံထားရသောဦးကျော်မိုးထွန်းတို့အနက်မှ တစ်ဦးကို ကုလသမဂ္ဂ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် လာမည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ဆုံးဖြတ်ရွေးချယ်မည်ဖြစ်သည်။
ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် တရားဝင် နိုင်ငံကိုယ်စားပြုခွင့် ရရှိရေးသည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင် အ သိအမှတ်ပြုလိုက်ခြင်းဖြစ်သည့်အပြင် နွေဦးတော်လှန်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။ mizzima