ခေတ်တိုင်း၊ စနစ်တိုင်းတွင် ထိပ်ဆုံးတန်း၌ နေ ရာမြဲသူ ဦးတီခွန်မြတ်

လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင်က စစ်တပ်ကိုယ်စားလှယ်များကို ဟိန်းခဲ့၊ ဟောက်ခဲ့ပြီး တောင်းဆိုမှုများကို ပယ်ချဖူးသူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် စစ်ကောင်စီလက်အောက်တွင် ပုံမှန်ရုံးတက်နေသည်။

သက်ပြည့်အငြိမ်းစားယူမည့် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၏ ပြင်ဆင်ခွင့် ၄ လကို စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ငြင်းပယ်လိုက်ကြောင်း ဦးတီခွန်မြတ်က အမိန့်ထုတ်သည့် စာတစ်စောင် ဇန်နဝါရီ ၇ ရက်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ပါဝင်သည်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်လုံးကို ကိုင်စွဲလိုက်ပြီဟု ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် ကြေညာကာ စစ်တပ်က အာဏာသိမ်းပြီး​နောက် လွှတ်တော်၏အခန်းကဏ္ဍ မှေးမှိန်ပျောက်ကွယ်နေချိန်တွင် ထိုသို့ ထွက်ပေါ်လာခြင်းဖြစ်သည်။

“လက်ရှိ လွှတ်တော်ရုံးလုပ်ငန်းတွေက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ပဲ အကုန်စီမံနေတာ။ ဝန်ထမ်းအစည်းအဝေးလည်း ဥက္ကဋ္ဌပဲ ခေါ်လုပ်တယ်”ဟု ယုံကြည်ထိုက်သည့် လွှတ်တော်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သို့သော် လွှတ်တော်အာဏာပိုင်အဖြစ် တစ်ဦးတည်းကျန်သည့် ဦးတီခွန်မြတ်က နေပြည်တော်တွင်ရှိသည့် ပြည်ထောင်စု၊ ပြည်သူ့၊ အမျိုးသားလွှတ်တော် သုံးရပ်စလုံး၏ ရုံးလုပ်ငန်းများအားလုံးကို စီမံခန့်ခွဲနေခြင်း ရှိမရှိကိုမူ ရှင်းလင်းစွာမသိရပေ။

အာဏာသိမ်းသည့်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေအိမ်မှ ချက်ချင်းဖယ်ပေးခဲ့ရပြီး နေပြည်တော်၌ပင် အကျယ်ချုပ်သဘော စောင့်ကြည့်ခံခဲ့ရသည့် ဦးတီခွန်မြတ်ကို လွှတ်တော်အတွင်း ပြန်၍ မြင်တွေ့ရသည်မှာ ၇ လထက်မနည်းရှိပြီဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

လွှတ်တော်ဝန်ထမ်းများ၏ အရည်အချင်းမြှင့်တင်ရေး၊ ဧရိယာကျယ်ပြော၊ ထုထည်ကြီးမားသည့် လွှတ်တော်ပရိဝုဏ်အတွင်း ထိန်းသိမ်းပြုပြင်ရေးတို့ကို ဦးတီခွန်မြတ်က အာရုံစိုက်နေသည်ဟု ထိုသူက ဆိုသည်။

လွှတ်တော်ဆိုင်ရာ အကြီးတန်းအရာရှိအသိုင်းအဝိုင်းကမူ ဦးတီခွန်မြတ်၏ အခြေအနေကို မှတ်ချက်မပေးပါ။ သို့သော် ရုံးလုပ်ငန်း ပုံမှန်လုပ် ဆောင်နေသည်ဆိုသောအချက်ကို ငြင်းဆိုခြင်း မပြုပေ။ 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အလှည့်ကျ ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ယူခဲ့သူ ဦးတီခွန်မြတ်ကို စစ်ကောင်စီက ရုံးတက်ခိုင်းထားသည်မှာ ၂၀၂၁၊ ဧပြီကတည်းကဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်ကလည်း ပြောသည်။

အာဏာသိမ်းမှုကို အန်တုသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ဖွဲ့၊ တတိယအကြိမ်လွှတ်တော် ခေါ်ယူပြီး သုံးလဝန်းကျင်အကြာတွင် ဖြစ်သည်။

“မလွဲမသွေ မူလအိမ်တော် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေအိမ်)မှာ ပြန်နေရမယ်လို့ စစ်ကောင်စီက ဖိအားပေးတယ်။ သူလဲ နေပြည်တော်မှာပဲ ရှိနေတော့ စစ်ကောင်စီလက်က ရှောင်လို့မရတဲ့ သဘောတော့ရှိတယ်”ဟု CRPH ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်ကြည်ညွန့်က ပြောသည်။

သို့သော် အာဏာသိမ်းပြီး သုံးရက်အကြာ ၂၀၂၁၊ ဖေဖော်ဝါရီ ၄ ရက်ကတည်းက CRPH က တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၏ အရေးပေါ်အစည်းအဝေးကို ရွေးကောက်ခံကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းကျော်ဖြင့် ကျင်းပပြီးဖြစ်၍ ဦးတီခွန်မြတ်၏ ရာထူး၊ တာဝန် တည်ရှိမှုမှာ တရားမဝင်တော့ဟု ၎င်းက ဆက်ပြောသည်။

“ဒုတိယအကြိမ်လွှတ်တော်သက်တမ်းက ပြီးသွားပြီ။ အရင်လူတွေ တာဝန်ပြီးဆုံးသွားပြီလို့ ဖျက်ပစ်လိုက်တာ” ဟု ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲ လေးကြိမ်အနိုင်ရ ဝါရင့်လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောသည်။

ထို့ပြင် သမ္မတက လက်မှတ်ထိုး၍ပေးမှ အရေးပေါ်အခြေအနေကြေညာကာ အာဏာလွှဲယူရမည့် ၂၀၀၈ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကာ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ မည်သည့်လုပ်ဆောင်ချက်မျှ တရားဝင်မှုမရှိဟု ၎င်းက သုံးသပ်သည်။ 

သမ္မတကို ဖမ်း၍ စစ်တပ်က တင်မြှောက်ထားသည့် ဒုတိယသမ္မတထံမှ အာဏာလွှဲယူခဲ့သည့် စစ်တပ်၏ လုပ်ရပ်ကို ဦးအောင်ကြည်ညွန့်က ရည်ညွှန်းခြင်းဖြစ်သည်။

ထိုအခြေအနေတွင် ဦးတီခွန်မြတ်ကို ဗန်းပြ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရှိသယောင် စစ်ကောင်စီ၏ ဟန်ဆောင်နေမှုမှာ အချည်းနှီးသာဟု ၎င်းက ဆိုသည်။

စစ်ကောင်စီဘက်ကမူ အာဏာသိမ်းမှု တစ်နှစ်ပြည့်ချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ်ကာ သက်တမ်းတိုးမည်ဟု ပြော ထားသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၄)တွင် နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ဆိုခြင်းဖြစ်သည်။

သို့သော် ကာလုံအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းတို့ ရုံးတက်ခိုင်းထားသည့် ဦးတီခွန်မြတ်၏ အခန်းကဏ္ဍကိုမူ ထုတ်ဖော်မပြောပေ။

ဦးတီခွန်မြတ်ကို ၂၀၁၈−၂၀၂၀ ကာလအတွင်း NLD ကြီးစိုးသည့် လွှတ်တော်က နိုင်ငံတော်အင်္ဂါစဉ်တွင် နံပါတ် ၅ နေရာတွင်ရှိသည့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့မှုကိုမူ နောင်တမရဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

“အဆိုးကြီးတော့ မမြင်ပါဘူး။ တွဲပြီး အလုပ်လုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်(NLD ဥက္ကဋ္ဌ)နဲ့ ပါတီအပေါ်မှာ သစ္စာရှိရှိ အလုပ်လုပ်ပေးပါတယ်။ ရပ်တည်ချက်လဲ ကောင်းတယ်။ ပူးပေါင်းဆောင်ရွက်မှုလဲ ရှိတယ်”

၂၀၁၈၊ မတ် ၂၂ ရက်နောက်ပိုင်း ထိုတာဝန်ယူပြီးချိန်တွင် အလှည့်ကျ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်လာသည့် ဦးတီခွန်မြတ်က NLD နှင့် တစ်သားတည်း ရပ်တည်၊ ဆုံးဖြတ်မှုများလည်း ရှိခဲ့သည်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊ ဥပဒေပြုရေးနှင့် ကိစ္စရပ်အလိုက် ဆွေးနွေးမှုများအတွင်း ဦးတီခွန်မြတ်နှင့် တပ်ကိုယ်စားလှယ် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တို့အကြား ကတောက်ကဆတ် အများအပြားဖြစ်ခဲ့သည်။

NLD ၏ လွှတ်တော်တွင်း မည်သည့်ခြေလှမ်းကိုမဆို ထိုသူတို့က ပြင်းပြင်းထန်ထန် ဝေဖန်၊ ပြစ်တင်၊ ခြိမ်းခြောက်ရာတွင် အကြိမ်တိုင်းနီးပါး၌ ဦးတီခွန်မြတ်က ခပ်မာမာပင် တုံ့ပြန်သည်။

အကျိုးဆက်အားဖြင့် ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်မှ ရုပ်သိမ်းရန် ၂၀၂၀၊ မေ ၂၈ ရက်တွင် ကြံ့ခိုင်ရေးနှင့် တပ်ကိုယ်စားလှယ်တို့ပေါင်းကာ အဆိုတစ်ရပ်တင်သွင်းသည်အထိ ဖြစ်ခဲ့သည်။ သို့သော် NLD အများစုရှိနေသည့် လွှတ်တော်၌ ထိုကြိုးပမ်းမှုမှာ အရာမထင်ခဲ့။

၂၀၂၀ ရွေးကောက်ပွဲပြီး၍ NLD က လွှတ်တော်ကို စိုးမိုး၊ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်သည်အထိ ထပ်မံအနိုင်ရပြီးနောက် တပ်နှင့် ကြံ့ခိုင်ရေးတို့ ဖန်တီးသည့် အငြင်းပွားဖွယ်ကိစ္စရပ်များကိုလည်း ဦးတီခွန်မြတ်က ပြတ်ပြတ်သားသား တားဆီးသည်။

မဲစာရင်းမှားသည်၊ မဲမသမာမှုရှိ၍ ဖြေရှင်းရန်ဟုဆိုကာ ကြံ့ခိုင်ရေးနှင့် စစ်တပ်ပေါင်း၍ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ပေးရန် တောင်းဆိုရာတွင် ဦးတီခွန်မြတ်က ပယ်ချသည်။

အာဏာမသိမ်းမီ သုံးပတ်အလို (၂၀၂၁၊ ဇန်နဝါရီ ၁၁)တွင် ပေါ်ပေါက်ခဲ့သည့် ထိုတောင်းဆိုမှုကို ဦးတီခွန်မြတ်က နာယက၏ လုပ်ပိုင်ခွင့်ကို သုံးကာ ခွင့်မပြုခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ်လွှတ်တော်၏ လက်ကျန်သက်တမ်း ရက် ၂၀ အတွင်း ပေါ်ပေါက်လာသည့် ထိုပြဿနာများကို ဦးတီခွန်မြတ်က တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်သည်ကို တွေ့ရကြောင်း အထက်ပါ လွှတ်တော်သတင်းရင်းမြစ်က ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးအတွက်သာ အာရုံစိုက်၍ အလုပ်များနေသည်ကို မှတ်မိကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် ယခုလို ကာလတွင် တွေ့ရသည့် ဦးတီခွန်မြတ်၏ ပုံသဏ္ဌာန်မှာ သူ၏ ဥပဒေပြုရေးအာဏာကို NLD က အစားထိုးရွေးချယ်ပေးမည့် အခြားသူထံ အောင်မြင်စွာ လွှဲပြောင်းပေးရန်သာ ရည်သန်ထားပုံရသည်ဟု ၎င်းက ခန့်မှန်းသည်။

အသက် ၇၂ အရွယ် ဦးတီခွန်မြတ်က အသက်ကြီးပြီ၊ ကျန်းမာရေးမကောင်းတော့ဟု ထိုစဉ်က ပြောလေ့ရှိသလို ၂၀၂၀ ရွေးကောက်ပွဲလည်း ဝင်မပြိုင်တော့သဖြင့် အနားယူတော့မည်ဟု ယုံမှတ်ရကြောင်း ထိုသူကပင် ဆက်ပြောသည်။

သို့သော် အာဏာသိမ်းသွားခဲ့ပြီးနောက် အခြားသော NLD ခေါင်းဆောင်များနည်းတူ ဦးတီခွန်မြတ်လည်း အဖမ်းခံလိုက်ရပြီဟု ယူဆခဲ့ကြောင်း၊ သို့သော် များမကြာမီ တစ်ကျော့ပြန်ပေါ်လာ၍ အံ့သြရကြောင်း ၎င်းက ဆိုသည်။

ကိုယ်တိုင် ကော်မရှင်အဖွဲ့ဝင်အဖြစ် ပါဝင်ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေကို ဖောက်ဖျက်ကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီထံ မည်သည့်အတွက်ကြောင့် ဘက်ပြောင်းသွားသည်ကိုမူ ဦးတီခွန်မြတ်ထံ မေးမြန်းနိုင်ခြင်း မရှိပေ။

သို့သော် ကချင်တိုင်းရင်းသား တရားလွှတ်တော်ရှေ့နေ ဦးတီခွန်မြတ်နှင့် အာဏာရှင်တို့ အကျွမ်းတဝင်ဖြစ်သည်မှာ ယခုကာလမှ မြင်တွေ့ရသည့် ကိစ္စတော့ မဟုတ်ပါ။

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်ကို တပ်ချုပ်ရာထူးခန့်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရခေတ်မှာ ဦးတီခွန်မြတ်၏ ထိပ်ပိုင်းရာထူးအများအပြားအတွက် အစခရီးဖြစ်နှင့်ပြီး ဖြစ်သည်။

၁၉၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံအပြီး အုပ်ချုပ်သည့် ထို​ခေတ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ အတွင်းရေးမှူးအဖြစ် ဦးတီခွန်မြတ်က တာဝန်ထမ်းသည်။

၁၉၉၀ တွင် ရှေ့နေချုပ်ရုံး၏ ဥပဒေညွှန်ကြားရေးမှူး၊ စစ်တပ်လက်အောက်ခံ ကွတ်ခိုင်ပြည်သူ့စစ်(ဌာနေ) အဖွဲ့၏ ခေါင်းဆောင်အဖြစ် ပူးတွဲတာဝန်ယူခဲ့သည်မှာ ၂၀၁၀ အထိဖြစ်သည်။

မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုများနှင့် ပတ်သက်သည်ဟုလည်း သတင်းကြီးခဲ့သည့် ဦးတီခွန်မြတ်အပေါ် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယုံကြည်ကိုးစားမှုမှာ ထိုမျှမကခဲ့ပါ။

၂၀၀၈ အခြေခံဥပဒေရေးဆွဲရေးနှင့် ယင်းကို အငြင်းပွားဖွယ်အတည်ပြုခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတို့တွင် ကော်မရှင်အဖွဲ့ဝင်အဖြစ် ဦးတီခွန်မြတ် တာဝန်ယူခွင့်ရခဲ့သည်ကို ကြည့်လျှင် သိနိုင်သည်။

ထိုအခြေခံဥပဒေအရ ပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင်လည်း စစ်တပ်၏ ကိုယ်ခွဲနိုင်ငံရေးပါတီ ကြံ့ခိုင်ရေး၏ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌဖြစ်လာသည်။

NLD အပြတ်အသတ်အနိုင်ရသည့် ၂၀၁၅ ရွေးကောက်ပွဲ၌ပင် ထိုမဲဆန္ဒနယ်၌ ဦးတီခွန်မြတ်က ထပ်မံ ရွေးကောက်ခံရသည်။ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ်ပင် တာဝန်ပေးခံရသည်။

သို့သော် NLD ကြီးစိုးသည့် လွှတ်တော်၌ ထိုရာထူးကို လက်ခံရယူပြီးချိန်၊ ကြံ့ခိုင်ရေးခေါင်းဆောင်ပိုင်းအကွဲအပြဲများ အရှိန်မြင့်နေချိန် ၂၀၁၆ တွင် ၎င်းနှင့် ပို၍ နီးစပ်သည့် ထိုစဉ်က ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့်အတူ ပါတီမှ ထုတ်ပယ်ခံလိုက်ရသည်။

ထို့နောက်တွင် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်ခဲ့ရသော်လည်း ထိပ်သီးရာထူးများနှင့် အပ်စပ်သည့် ဦးတီခွန်မြတ်၏ ကံကြမ္မာမှာ ထိုမျှနှင့် မရပ်ခဲ့။

သူကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေကို ပြင်လိုသည့်၊ သူ၏ အပေါင်းပါဟောင်းများဖြစ်သည့် စစ်တပ်ကို နိုင်ငံရေးပါဝင်မှုမှ လျှော့ချလိုသည့် NLD ကပင် မျက်စိကျလာသည်အထိ ဦးတီခွန်မြတ်၏ စန်းက ရှိနေသည်။

အစိုးရအဖွဲ့အတွင်း အနားယူမည့် သမ္မတ ဦးထင်ကျော်နေရာကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အစားဝင်ရန် NLD က စီစဉ်ချိန် ၂၀၁၈ တွင် ဦးတီခွန်မြတ် လွှတ်တော်အကြီးအကဲဖြစ်လာသည်။

ဦးတီခွန်မြတ်ကလည်း NLD ခေါင်းဆောင်များ၏ စိတ်ကြိုက်စွမ်းဆောင်ပြနိုင်ခဲ့သည်။ တပ်၊ ကြံ့ခိုင်ရေး တို့နှင့် ဖြစ်ပွားခဲ့သည့် အထက်ပါပဋိပက္ခများက သက်သေပင်။

သို့သော် မဝေးသေးသည့် အတိတ်ကာလအတွင်း တခြိမ်းခြိမ်းပြဿနာတက်ခဲ့ဖူးသည့် အာဏာသိမ်းစစ်တပ်ထံမှ မူလရာထူး ပြန်ရခဲ့သည့် အကြောင်းတရားမှာမူ ပဟေဠိအဖြစ်သာ ရှိနေသည်။

ခေတ်တိုင်း၊ စနစ်တိုင်းတွင် အကဲဆတ်သည့် အခြေအနေများကြားမှ အရေးပါသည့် နေရာများကို အမြဲတစေရလေ့ရှိသည့် ဦးတီခွန်မြတ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အခြားသူတို့ထံမှ မှတ်ချက်ရရန်မှာလည်း ယခုအချိန်တွင် ခက်ခဲလွန်းနေသည်။

မူလလာရာလမ်းဖြစ်သည့် အာဏာရှင်ထံ တစ်ကျော့ပြန်သွားသည့် လုပ်ဖော်ကိုင်ဖက်ဟောင်းတွင် အကောင်းမြင်စရာအချက်များလည်း ရှိနေသည်ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။

“တစ်ခုခုကို သူရပ်တည်ထားပြီးပြီဆိုရင် ပေးတဲ့တာဝန်ကိုတော့ စိတ်ရောကိုယ်ပါ မှန်မှန်ဖြောင့်ဖြောင့် ဆောင်ရွက်တဲ့ သဘောရှိတယ်” ဟု ဦးအောင်ကြည်ညွန့်က မှတ်ချက်ပြုလိုက်သည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s