စစ်ကိုင်း ထွေအုပ်ရုံးနှင့် စည်ပင်ရုံး ဒရုန်းဖြင့်ဗုံးကြဲခံရ စကစတပ် ၄ ဦးသေ ကား ၂စီးပျက် စီး

စစ်ကိုင်းထွေအုပ်ရုံးနှင့် စည်ပင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မဟာမိတ်က ယနေ့ (ဩဂုတ်လ ၁ ရက်) နေ့လယ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး ကားနှစ်စီးပျက်စီးသွားကြောင်း ကာကွယ်ရေးတပ်များက ထုတ်ပြန်သည်။
People’s Dictatorship Revolutionary Force-PDRF နှင့် Doung Ni Defence Force(DNDF-Wetlet) တို့ပူးပေါင်းကာ စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် စည်ပင်သာယာရေးကော်မတီရုံးတို့ကို နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန် ခန့်က ဒရုန်းဖြင့်ဗုံးကြဲချခြင်းဖြစ်ကာ ဟာမူရာဘီစစ်ဆင်ရေး(Operation Hammurabi)အဖြစ် စစ်ကောင်စီက တိတ်တဆိတ်သေဒဏ်စီရင်ခဲ့သူ လေးဦးအတွက် သွေးကြွေးဆပ်ခြင်းဖြစ်ကြောင်း PDRF ထုတ်ပြန်ချက်တွင်ပါရှိသည်။
သေဒဏ်ချခံထားရသော ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီတပ်က ပြစ်ဒဏ်စီရင်ကြောင်း ကြေညာခဲ့သည်။ သို့သော် ကာယကံရှင်များနှင့် မိသားစုကို ကြိုတင်အသိပေးခြင်းမရှိသလို အဖြစ်အပျက်နှင့်ပတ်သက်၍လည်း တိတိကျကျမပြောဘဲ ထိန်ချန်ထားသည်။
စစ်ကိုင်းမြို့ခံတစ်ဦးကလည်း ရုံးနှစ်ရုံးတွင်ဗုံးပေါက်ကွဲမှုဖြစ်သည်ကို သိရှိရကြောင်းပြောသည်။
“ထွေ/အုပ်ရုံးထဲရပ်ထားတဲ့ ကားနှစ်စီးမီးလောင်ပြီး စစ်သားတွေလည်းသေတယ်ဗျ။ စည်ပင်ရုံးထဲတော့အထိအခိုက်သိပ်မရှိဘူးကြားတာပဲ၊ ဒရုန်းနဲ့ဗုံးချသွားတာလို့ ပြောနေကြတယ်” ဟု အမည်မဖော်လိုသူ မြို့ခံကပြောသည်။
ကာကွယ်ရေးတပ်များ၏ထုတ်ပြန်ချက်တွင် စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေသူများအား ကိုဓဥပဒေဖြင့်သာ ပိုမိုပြင်းထန်သောစစ်ဆင်ရေးများ ပြုလုပ်သွားမည်ဟုလည်း ပါရှိသည်။ mizzima