ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ စစ်သား ၅ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဆားထုံးရွာတွင် စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး စစ်သား ငါးဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) မှ ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်သည်။
ဇူလိုင် ၂၉ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာရှိ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲရန် အင်အား ၇၀ ကျော်ဖြင့် ချီတက်လာသည့်စစ်ကောင်စီတပ်အား လက်နက်၊ ကြီး၊ ငယ်များဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အတွင်းဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိအောင်မြင်စွာ ခုခံဆင်နွှဲနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းတိုက်ပွဲကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း (၄) ၏ အထူးကွန်မန်ဒိုအဖွဲ့ (Monywa The Boys) မှ ဦးဆောင်ပြီး တပ်ရင်း (၂)၊ တပ်ခွဲ (၂) Monywa Special ဒိတ်ဒိတ်ကြဲ PDF၊ တပ်ရင်း (၃) အနောက် မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (Northwest Plains Revolutionary Forces-NPRF ) နှင့် ဆားလင်းကြီးနယ်မြေခံအဖွဲ့များမှ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဇူလိုင် ၂၅ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ကလည်း အလုံမြို့၊ မင်းဒေါင့် ဆိပ်ကမ်းမှ ဆန်တက်လာသော စစ်ကောင်စီမော်တော်ယာဉ်တန်းအား ချင်းတွင်းမြစ်အတွင်း၊ ကင်းအုပ်စုရွာများမရောက်မီ ပွိုင့်လေးခုထားပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးနိုင်ကြောင်း (Chindwin Attack Force) တပ်ရင်း (၃)၊ တပ်ခွဲ (၂) Mahauurar Dragon PDF မှ ထုတ်ပြန်ထားသည်။ mizzima