ပြင်ဦးလွင်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိပြီး နေထိုင်စားသောက်ရေး အခက်အခဲများ ဖြစ်ပေါ်နေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ ဇူလိုင်လ ၃၁ ရက်နေ့က မိုးရွာသည်းထန်စွာသွန်းခဲ့ပြီးနောက် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများစွာရှိနေပြီး နေထိုင်စားသောက်ရေးအတွက် အခက်အခဲ များဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ နေရာအများစု၌ ရေကျသွားပြီဖြစ်သော်လည်း နေထိုင်စားသောက်ရေးအတွက် အခက်အခဲများဖြစ်နေပြီး အကူအညီများလိုအပ်နေသည်ဟု ဒေသခံများ က မဇ္ဈိမကိုပြောသည်။
“နေ့လယ်ပိုင်းကတည်းက ရေကတော့ကျသွားပြီ။ တချို့နေရာတွေလည်း ရေမကျသေးဘူးပေါ့။ နောက်ဆက်တွဲအနေနဲ့ ပျက်စီးဆုံးရှုံးခဲ့တဲ့ နေ အိမ်တွေက မိသားစုဝင်တွေနဲ့ ရေမကျတဲ့နေရာတွေမှာ သွားလာရခက်ခဲပြီး ဈေးဆိုင်နဲ့စားသောက်ဆိုင်တော်တော်များများလည်း ပြန်မဖွင့်သေးတာကြောင့် စားသောက်နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေပါတယ်” ဟု ပြင်ဦးလွင်မြို့ ရပ်ကွက်(၇)တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
ရေကြီးရေလျှံမှုကြောင့် နေအိမ်အချို့ ပြိုကျပျက်စီးခြင်း၊ အုတ်တံတိုင်းများပြိုကျပျက်စီးခြင်း၊ လမ်းများပျက်စီးခြင်းလည်း ဖြစ်ပေါ်ခဲ့သည့်အ ပြင် ပန်းစိုက်ခင်းများ၊ မက်မန်းခြံများလည်း ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။
“ခြံတော်တော်များများက ပျက်စီးကုန်တယ်။ မိုးသည်းရုံဆိုရင် ပန်းတွေ ၊မက်မန်းသီးတွေ ကြွေကျရုံလောက်ပဲရှိမယ်။ အခုတော့ ဘာမှရစ ရာမရှိအောင် ပျက်စီးကုန်တယ်” ဟု ပန်းစိုက်ပျိုးသူ တစ်ဦးက ပြောသည်။
ရေကျသွားသည့် နေရာများတွင် မြို့တွင်းသန့်ရှင်းရေးနှင့်ပြန်လည်ပြုပြင်ရေးများ လုပ်ဆောင်နေကြသကဲ့သို့ စေတနာရှင်အလှူရှင်များနှင့် လူမှုကူညီရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများမှလည်း တတ်နိုင်သလောက် ငွေအင်အား၊ လူအင်အားဖြင့် ကူညီပေးနေကြောင်း ၎င်းကပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ အနီးစခန်းရှိ ဓာတ်တော်ချိုင့်ရေတံခွန်မှ တောင်ကျ ချောင်းရေများမှာ ရပ်ကွက်ကြီး (၁) ၊ ရပ်ကွက်ကြီး (၇)၊ ရပ်ကွက်ကြီး (၈)နှင့် အနီးစခန်း ရပ်ကွက်ကြီး (၁၇)တို့ရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်နေသောကြောင့် မိသားစုများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရသည်ဟုလည်း သိရသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်တွင် တည်ရှိသည့် ပြင်ဦးလွင်တွင် နှစ်ပေါင်း ၃၀ အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ပထမဆုံးအကြိမ် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima