မြင်းမူမြို့ ဂုံညှင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက် ၅ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီး ငါးဦးသေဆုံးကြောင်း တိုက်နယ်စွန်(စွန်) ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၂၉ ရက်နေ့တွင် မြင်းမူမြို့နယ်၊ အင်းမကျေးရွာကို စစ်ကြောင်းထိုးကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်း ဂုံညှင်းဆိပ်ကျေးရွာကို ရောက်ရှိနေကြောင်း မဟာမိတ်တပ်ဖွဲ့များမှ အကြောင်းကြားလာခြင်းကြောင့် တိုက် ခိုက်ရန်အတွက် တိုက်နယ်စွန်(စွန်) ပြောက်ကျားတပ်ဖွဲ့မှ ကာကွယ်ရေးရဲဘော်များ သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။
” အင်းမရွာက ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ ဂုံညှင်းဆိပ်ကျေးရွာကို ရောက်နေတယ်ဆိုပြီး ရွာခံမဟာ မိတ်တွေက ပြောလို့ သွားရောက်စစ်ကူပေးခဲ့ပါတယ်၊ နေ့လယ် ၁၁ ခွဲဝန်းကျင်လောက်မှာ စတင်ပြီး ရွာထဲက စစ်ခွေးတွေ ရှိနေတဲ့နေရာကို ၆၀ မမ နဲ့ သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်” ဟု တိုက်နယ်စွန်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က ရွာခံပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ပြုလုပ်ထားခြင်းကြောင့် ပြည်သူများထိခိုက်မှုဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် ပစ်ခတ်မှုအား ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
ထို့အပြင် ကာကွယ်ရေးတပ်ဖွဲ့များ ရှိနေသည့်နေရာများကို တိုက်ခိုက်ရန်အတွက် ထောက်လှမ်းနေသည့် စစ်ကောင်စီတပ်၏ ဒရုန်းတစ်စင်းကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
“စစ်ခွေး( စစ်ကောင်စီတပ်သား) တွေက ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတဲ့ဘက်ကို ဂုံညှင်းဆိပ်ကျေးရွာက ဖမ်းဆီးထားတဲ့ ဓား စာခံ ရွာသားတွေကို လူသားဒိုင်းအဖြစ်သုံးပြီး ထိုးစစ်ဆင်လာတယ်။ အဲ့ဒီအချိန်မှာ စစ်ကောင်စီတပ်နဲ့ နာရီဝက်လောက် ထိတွေ့တိုက်ပွဲဖြစ်တယ်၊ ရွာခံ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အပြောအရ စစ်ခွေးဘက်က ငါးဦးသေတယ်၊ ကျွန်တော်တို့အဖွဲ့ကလည်း ရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ပြီး အသေးစားဒဏ်ရာရရှိခဲ့တယ်” ဟု တိုက်နယ်စွန်(စွန်) ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။
ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဂုံညှင်းဆိပ်ကျေးရွာအတွင်းရှိ နေအိမ်များ၊ ကားများကို မီးရှို့ဖျက်ဆီးခဲ့ကာ တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ဂုံညှင်းဆိပ်ကျေးရွာမှ ရွာသားများကို ဓားစာခံအဖြစ် ဖမ်းဆီးထားမှုများရှိနေပြီး ၎င်းတို့ထဲမှ အချို့ကို စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့က ပြောကြားထားသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က မြင်းမူမြို့နယ်၊ ညောင်မြစ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်းကြောင့် ဒေသခံပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေရသည်။
ယင်းသို့ စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို ဒေသအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များက အလျဉ်းသင့်သလို ခုခံတိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ mizzima