ရေဦးမြို့နယ် တင်းတိန်ရံရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များ ၄ ရက်တိတိ ဝင်ရောက် မီးရှို့ဖျက်ဆီး၊ ဆန်စက် လေးလုံး၊ ဈေးဆိုင် ၂၀၀ ကျော်နှင့် နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်း ပျက်စီး

စစ်ကိုင်းတိုင်း ရေဦးခရိုင် ရေဦးမြို့နယ် တင်းတိမ်ရံရွာကို ဇူလိုင် ၂၈ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်များ စတင်ဝင်ရောက်ပြီး ဇူလိုင် ၃၁ ရက်နေ့ အထိ ၄ ရက်တိုင် ပြည်သူများ နေအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဆန်စက် လေးလုံး၊ ဈေးဆိုင်ခန်း ၂၀၀ ကျော်နှင့် နေအိမ် ၁၀၀ ကျော် မီးလောင် ဆုံးရှုံးသွားကြောင်း၊ မီးမရှို့ခင် ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူသွားသေးကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။
“၂၈ ရက်နေ့ ည ၇ နာရီ စဝင်လာတာ ။ လေးရက် တိတိရှို့ခဲ့တာ။ ဆန်စက်လေးလုံး၊ ဈေးဆိုင်ခန်း ၂၀၀ ကျော်၊ လူနေအိမ် ၁၀၀ ကျော် ။ မရှို့ခင် ကားတွေနဲ့ သူတို့လိုချင်တာ အကုန်ယူပြီးမှ ရှို့တာ။ ဈေးကတော့ တစ်ဈေးလုံး ပြောင်ပြီ။ ပိုင်ဆိုင်သမျှကတော့ ကုန်ပြီပေါ့ဗျာ။ ဘာဆက်လုပ်ကြရမှန်း မသိကြတော့ဘူး တစ်ရွာလုံး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
တင်းတိမ်ရံရွာသ် အိမ်ခြေ ၃၀၀ နှင့် ၄၀၀ ကြားရှိ ကျေးရွာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွာထဲ ဝင်ရောက်ချိန်တွင် လက်နက် ကြီးငယ်များနှင့် ပစ်ခတ်၍ ဝင်ရောက်လာခြင်းဖြစ်ပြီး ရွာခံများမှာ ကြိုတင်ထွက်ပြေးကြသည့်အတွက် အထိအခိုက်တော့ မရှိကြောင်း၊ ဇူလိုင် ၃၁ တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ပြန်ထွက်သွားပြီး ဒီပဲယင်းမြို့တော်ခန်းမထဲတွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရှိရသည်။khit thit