ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ကျပ် ၈၀,၀၀၀ ကျော်အထိ စံချိန်တင်ဈေးတက်လာ


လက်ရှိပြည်တွင်းတွင် လူအကြိုက်အများဆုံးဖြစ်သည့် ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ကျပ် ၈၀,၀၀၀ ကျော် အထိ စံချိန်တင်ဈေးတက်နေကြောင်း သိရသည်။
ဇွန်လအတွင်း အဆိုပါရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀ ဝန်းကျင်အထိရှိခဲ့ရာမှ ယခု ဇူလိုင်လ နောက်ဆုံးပါတ်တွင် ကျပ် ၈၀,၀၀၀ ကျော်အထိ စံချိန်တင် ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။
ဈေးနှုန်းမြင့်တက်လာသည့်အထဲတွင် ရောင်းအားအကောင်းဆုံးနှင့် လူကြိုက်အများဆုံးဖြစ်သည့် ရွှေဘို ပေါ်ဆန်းသာမက ဆန်ကြမ်းအပါအ ဝင်ဆန်အမျိုးအစားအားလုံးနီးပါး ဈေးမြင့်တက်နေသည်ဟု သိရ သည်။
“ ဇွန်လလောက်ကတည်းက ဆန်ကဈေးတက်နေတာ။ တဖြည်းဖြည်းချင်း ဈေးတက်လာတာ အခုဆိုရင် တခါမှမကြားဖူးတဲ့ဈေးတွေအထိ ဖြစ်လာတယ်။ ပျမ်းမျှပြောရရင် အစပိုင်းမှာ ဆန်တအိတ်ကို ၂,၀၀၀၊ ၃,၀၀၀ ဝန်းကျင်ဈေးတက်ရာကနေ အခု ၅,၀၀၀၊ ၁၀,၀၀၀ ဝန်းကျင်အထိ ဈေးတက်သွားတယ်။ ရွှေဘို ပေါ်ဆန်းမွှေးကတော့ ၂၀,၀၀၀ ကျော်အထိဈေးတက်နေတယ်” ဟု ဆန်ဆိုင်ဖွင့်လှစ်ထားသည့် မဇ္ဈိမ၏ သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
ပြည်တွင်းဆန်စျေးကွက်တွင် ပထမအကောင်းဆုံးဆန်ဟု သတ်မှတ်နိုင်သည့် ဆန်အမျိုးအစားများဖြစ် သည့် ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ကျပ် ၈၀,၀၀၀ ကျော်၊ ရိုးရိုးရွှေဘိုပေါ်ဆန်း တအိတ်လျှင် ကျပ် ၇၀,၀၀၀ ကျော်၊ ပုသိမ်ပေါ်ဆန်းမွှေး တအိတ်လျှင် ကျပ် ၆၀,၀၀၀ ကျော်အထိ ဈေးတက်နေကြောင်း ၎င်း က ဆိုသည်။
ထို့အပြင် အလတ်တန်းစားဟု ခေါ်ဆိုနိုင်သည့် တောင်ပျံမွှေး၊ ရွှေဘိုမဂျမ်းတော၊ ကြားပျံမွှေး အမျိုးအစား များတွင် တအိတ်လျှင် ကျပ် ၆၀,၀ ၀၀ ကျော်အထိ ဈေးတက်နေကြောင်းသိရသည်။
“ ဆန်အကောင်းမပြောနဲ့ ဆန်ကြမ်းတွေဖြစ်တဲ့ ဇီယာ၊ ဆင်းသွယ်၊ ဆန်ကွဲတွေတောင် ဈေးတက်တယ်။ ဆန်က အများကြီးလည်းသိုလှောင်လို့မရတော့ နေ့စဉ်တက်နေသမျှ ကုန်ဈေးနှုန်းနဲ့ လိုက်မမီနိုင်ဘူး။ အများကြီးဝယ်စုထားပြီးမှ ဆန်ပိုးထိုးတာနဲ့ကြုံမှာလည်းစိုးရိမ်နေရတယ်” ဟု စားသုံးသူတစ်ဦးက ပြော ကြားသည်။
အကြမ်းဖက်စစ်ကောင်စီလက်ထက်တွင် ဆန်ဈေးနှုန်းများနှိုင်းယှဉ်ကြည့်ပါက မေနှင့်ဇွန်လများအတွင်း ဆန်ဈေးနှုန်းများနှင့် ဇူလိုင်လနောက် ဆုံးအပါတ်အထိ ဈေးနှုန်းများမှာ ပျှမ်းမျှ ၂၀ ရာခိုင်နှုန်းအထိ မြင့် တက်နေကြောင်း ဆန်ရောင်းချသူများနှင့် စားသုံးသူများက ပြောကြားသည်။mizzima