ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ်တွင် စစ်ကောင်စီသတင်းပေးဟုနာမည်ကြီးနေသူ ပစ်ခတ်ခံရ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသည့် ကျော်နိုင်ဆိုသူသည် ဇူလိုင်လ ၃၁ရက်နေ့ ညနေ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က လောင်းကစားဝိုင်းမှအပြန် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ကိုကျော်နိုင်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှားခဲတိုက်နယ်အတွင်းမှ စစ်ကောင်စီတပ်များနှင့် ပေါင်းကာ ဒေသခံများအားဖမ်းဆီးနေသူတစ်ဦးဖြစ်ပြီး ရှားခဲတိုက်နယ်ဆေးရုံနံဘေး၊ ကော့ကပ်လမ်းကြား တစ်နေရာတွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ ကျော်နိုင်ဆိုတဲ့လူက လူရှုပ်ဗျ။ သူက ရှားခဲသား အခုတော့ဓနုဖြူမှာနေပြီး ရှားခဲဘက်ကို ပြန်လာမွှေ နေတာ။ သူ့ကြောင့် ရှားခဲတိုက်နယ်ထဲမှာ အဖမ်းခံရတာတွေလည်း မနည်းဘူး။ မနေ့ညပိုင်းကတော့ လောင်းကစားဝိုင်းက ပြန်လာတဲ့အချိန်မှာ သေနတ်နဲ့လည်ပင်းကို နှစ်ချက်အပစ်ခံလိုက်ရတယ်။ ပစ်တဲ့ ကောင်လေးတွေကတော့ ပြေးတာလွတ်သွားကြတယ်” ဟု ဒေသခံက ဆိုသည်။
အဆိုပါ စစ်ကောင်စီသတင်းပေးဆိုသူပစ်ခတ်ခံရပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်သား အင်အား ၆၀ ခန့် ရှားခဲတိုက်နယ်သို့ရောက်ရှိလာကြပြီး ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ကာ သေနတ်ဒဏ်ရာရရှိသူ ကိုကျော်နိုင်အား ဟင်္သာတဆေးရုံသို့ခေါ်ဆောင်သွားကြောင်း ဒေသခံက ဆက်လက်ပြောသည်။
လက်ရှိတွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံခဲ့ရသူ ကိုကျော်နိုင်သည် သေနတ်ဒဏ်ရာ ပြင်းထန်သဖြင့် ဟင်္သာတမြို့နယ်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများ၏ ပြော ကြားချက်အရ သိရသည်။ mizzima