Monthly Archives: Aug 2022

တွံတေးမြို့နယ်တွင် အမျိုးသားတဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ဘီခိုကျေးရွာမှာ မနေ့ညပိုင်းက စစ်ကောင်စီသတင်းပေးလို့ နာမည် ထွက်နေသူတဦး သေနတ်နဲ့ပစ်ခတ်ခံရကာ သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘီခိုကျေးရွာမှာ မနေ့ည ကိုးနာရီက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ပြန်လာတဲ့ စစ်ကောင်စီ သတင်း ပေး ဦးသိန်းဝင်းကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။

“သူနာမည်ကသိန်းဝင်း  ရွာမှာခေါ်တာက ငပူး၊ သူ့ကြောင့် ဒုက္ခရောက်တဲ့သူမနည်းဘူး။ သူ သတင်းပေးလို့ အဖမ်းခံရတဲ့သူတွေလည်း ရှိတယ်။ ညက သူ အုပ်ချုပ်ရေးမှုးရုံးက ပြန်လာတဲ့ အချိန် ကရင်ချောင်းကနေ စက်လှေနဲ့လာပြီး သေနတ်နဲ့ပစ်သွားတာ သေနတ်သံကို ဆူညံနေတာပဲ” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူမှာ ဘီခိုကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသိန်းဝင်းဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာခြောက်ချက်နဲ့ သေဆုံးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ကရင်ချောင်းကနေ စက်လှေနဲ့လာပစ်တာ စက်လှေနဲ့ပဲ ထွက်ပြေးသွားတယ်၊ တပ်က ရောက်တော့ သူက သေနေပြီ”လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဘီခိုကျေးရွာမှာ စစ်ဆေးမှုတချို့ ပြုလုပ်ခဲ့သေးတယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။

တွံတေးမြို့နယ် ဘီခိုကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက် ရွာခံနှစ်ဦးကို PDF လို့ သတင်းပေး တိုင်တန်းခဲ့တာကြောင့် စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့တယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်၊ ကမ်းနားကူးတို့ဆိပ်မှာ စစ်ကောင်စီသတင်းပေး ဇော်ထွန်း(ခ) ပြောင် ကြီး ဆိုသူ သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။ DVB

စစ်ကိုင်းမြို့ ထွေအုပ်ရုံးနှင့် စည်ပင်ရုံးတို့ ဗုံးခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၅ ဦးခန့်သေဆုံးပြီး ကား၂စီးမီးလောင် ပျက်စီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက် မြို့နယ်ရဲစခန်းအနီးရှိ ထွေအုပ်ရုံးနှင့် စည်ပင်ရုံးတို့ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ငါး ဦးခန့်သေဆုံးကာ ကားနှစ်စီးမီးလောင် ပျက်စီးခဲ့ကြောင်း Daung Ni Defence Force(DNDF-Wetlet) ၏ တာဝန်ခံထံက သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁ ရက် နေ့လယ် ၂ နာရီ ၁၅မိနစ်အချိန်တွင် မြို့နယ်ထွေအုပ်ရုံးအတွင်း ချိန်ကိုက်ဗုံးတစ်လုံးနှင့် လက်ပစ်ဗုံးတစ်လုံး ပစ် ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စည်ပင်ရုံးအတွင်းသို့လည်း လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ထွေအုပ်ရုံးထဲမှာ ကျွန်တော်တို့ ဗုံးတစ်လုံးကိုတော့ ကြိုထောင်ထားတာ။ တစ်လုံးကတော့ ပစ်တာ။ အဲ့ဒီကားတွေ မီးလောင်နေတဲ့ နေရာမှာ စစ်ကောင်စီတပ်သား ခုနစ်ဦးလောက် ထိုင်နေကြတာ။ ငါးဦး သေတာကတော့ ကျိန်းသေပြန်သိရတယ်။ စည်ပင်ရုံးကတော့ သတိပေးတဲ့အနေလောက်နဲ့ပဲ ဗုံးပစ်တာပါ” ဟု DNDFအဖွဲ့၏ တာဝန်ခံ ဗိုလ်လက်ျာက မဇ္စျိမသို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် သေဒဏ်စီရင်ခံရသော သူရဲကောင်းများဖြစ်ကြသည့် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးအတွက် သွေးကြွေးဆပ်သည့်အနေဖြင့် “ဟာမူရာဘီစစ်ဆင်ရေး” အမည်ပေးကာ Daung Ni Defence Force(DNDF-Wetlet) အဖွဲ့နှင့် People’s Dictatorship Revolutionary Force( PDRF) အဖွဲ့တို့ ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဟာမူရာဘီစစ်ဆင်ရေး” အမည်ဖြင့် စစ်ကိုင်းမြို့ပေါ်တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကာ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့တွင် တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာမည်ဟု DNDFအဖွဲ့၏ တာဝန်ခံ ဗိုလ်လက်ျာကပြော သည်။ mizzima

ရေစကြိုတွင် စစ်တပ် တပ်စွဲထားသော စခန်း တိုက်ခိုက်ခံရ၊ ထီးလင်းမြို့ပေါ်တွင် Non-CDM ရုံးများ ဖောက်ခွဲ တိုက်ခိုက်ခံရ၊ အုတ်ဖိုတွင် စစ်တပ်ယာဥ်တန်း မိုင်းဆွဲခံရပြီး အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

မကွေးတိုင်း ရေစကြိုမြို့နယ် မင်းရွာ တွင်တပ်ဆွဲထားသော အင်အား ၈၀ ဝန်းကျင်ရှိ စစ်သားနှင့် ပျူစောထီးများကို သြဂုတ်လ ၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(People Defense Force Yesagyo) ၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ phoenix-အထူးပြောက်ကျားတပ်ဖွဲ့၊ YLK ပြောက်ကျားတပ်ဖွဲ့ ၊ ရဲဘော်ညီနှောင် PDF ၊ Young Fighter ပြောက်ကျား တပ်ဖွဲ့ စသည့် မဟာမိတ် အဖွဲ့များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

မကွေးတိုင်း ထီးလင်းမြို့ပေါ်ရှိ စိုက်ပျိုးရေးဘဏ်နှင့် ဆောက်လုပ်ရေးရုံး အနီးတို့တွင် ယနေ့ သြဂုတ်လ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲ ၂ ဦးနှင့် စိုက်ပျိုးရေးဘဏ် မန်နေဂျာတို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ထီးလင်းမြို့နယ် ယောဒေသ ကာကွယ်ရေးတပ်(YDF)ထံမှ သိရသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို YDF တပ်ဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်စေရန် ကြိုးစားနေသည့်မြို့ပေါ်နေ Non-CDM ဝန်ထမ်းအချို့ကို သတိပေးခြင်းဖြစ်ကြောင်း YDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း အုတ်ဖို့မြို့နယ် ဝိုင်းအုပ်စု ကန့်နီရွာအနီး ကား ၃ စီးဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ် ယာဥ်တန်းကို သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် အရာရှိ ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထံမှ သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၄) အမှတ်(၂)တပ်နှင့် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်​ပြီး သေဆုံးသွားသော အရာရှိနှင့် တပ်သား ၂ ဦးသည် တပ်မ (၆၆) လက်အောက်ခံ အုတ်ဖိုမြို့နယ် အခြေစိုက် အမှတ်(၆) တပ်ရင်းမှဖြစ်ကြောင်း သိရသည်။ khit thit

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၅၀ ကျော်သေ၊ ၄၇ ဦး ထိခိုက်ဒဏ်ရာရဟု NUG ထုတ်ပြန်

ဩဂုတ် ၁ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၅၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့ အရေအတွက်ကတော့ ၄၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁ လတာ ကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်က အယောက် ၈၉၀ ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့ကတရက်တည်း မကွေးတိုင်းမှာ ၁ ကြိမ်၊ တနင်္သာရီတိုင်းမှာ ၂ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၀ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အ ကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

ရေစကြိုမြို့နယ် မင်းရွာတွင် တပ်စွဲထားသည့်စစ်အုပ်စုကို PDF များ အနီးကပ်ဝင်ရောက်တိုက်ခိုက်

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ မင်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သား များနှင့် ပျူစောထီးများအား ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်းသိရသည်။

ဩဂုတ်လ ၁ ရက် ည ၁ဝ နာရီဝန်းကျင်အချိန်တွင် အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီတပ်စခန်းချ ရာ စာသင်ကျောင်းသို့ သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

“သူတို့က ရွာရဲ့စာသင်ကျောင်းထဲမှာ ကတုတ်ကျင်းတွေတူးပြီး တပ်စွဲထားတာဗျ။ ဒါကို ကျွန်တော်တို့က ရွာထဲကို ပြောက်ကျားစနစ်နဲ့ကပ်ပြီး အနီးကပ်ပစ်ကြတာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို မြို့နယ်မှ ရဲဘော်ဝေကြီးကပြောပြသည်။

တိုက်ပွဲသည် ၁၅ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်ကြပြီး စစ်ကောင်စီဘက်မှထိခိုက်မှုရှိနိုင်သော် လည်း သတင်းအတိအကျစုံစမ်းဆဲဖြစ်သောကြောင့် သေဆုံးမှုကို မထုတ်ပြန်နိုင်သေးပေ။

စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခြင်း၊ လက်နက်ကြီးများ ၁၅ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများ ထိခိုက်ကျဆုံးမှုမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ရဲဘော်ဝေကြီး ပြောသည်။

ရေလယ်ကျွန်းဒေသ အလယ်တည့်တည့်၌ရှိသည့် မင်းရွာသို့ စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၈ ရက်နေ့ တွင် တပ်စွဲရန်ရောက်ရှိလာခြင်းဖြစ်ပြီး ရွာခံ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မျိုးဝင်းခိုင်ဆိုသူနှင့် ပူးပေါင်း ကာ ပျူစောထီးတပ်ဖွဲ့များနှင့်အတူ တပ်စွဲထားခြင်းဖြစ်သည်။

ယမန်နေ့ညတိုက်ပွဲအား သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (People Defense Force Yesagyo) ၊ Phoenix-အထူးပြောက်ကျားတပ်ဖွဲ့YLK ပြောက်ကျားတပ်ဖွဲ့၊ ရဲဘော်ညီနှောင် PDF နှင့် Young Fighterပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်သည်။mizzima

မူဆယ်မြို့ ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီ လက် အောက်ခံ ပြည်သူ့စစ် ၁ ဦးသေဆုံး၊ မြို့လယ်ခေါင်တွင် စစ်တပ်ဘက်တော်သား ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံရ

ရှမ်းပြည်နယ်၊ မူဆယ်မြို့မရဲစခန်းအနီးတွင် ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီအချိန် ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်ပွားကာ ပြည်သူ့စစ် ၁ ဦးသေဆုံးကြောင်း မူဆယ်မြို့ခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီကျော်အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့ရဲစခန်းအနီးတွင် ပစ်ခတ်သံ ၅ ချက်ကြားရကြောင်း၊ဗုံးပေါက်ကွဲသံလည်းကြားရကြောင်း၊ ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ့စစ် ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့ပြင် ယနေ့ နေ့လယ်ပိုင်းတွင် မူဆယ်မြို့လယ်ခေါင် စျေးမီးပွိုင့်အနီးတွင် ယနေ့ နံနက် ၁၁ နာရီအချိန် ကားဖြင့် လာသော စစ်တပ်လက် အောက်ခံ ပြည်သူ့စစ် ၂ ဦးကို ဆိုင်ကယ်စီး သေနတ်သမားတချို့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ပြည်သူ့စစ် ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ကားက မီးပွိုင့်ရပ်နေတုန်း ဆိုင်ကယ်နဲ့ ပစ်သွားတာ။ ထိခိုက်တာက ပြည် သူ့စစ်တွေပဲ။ မနေ့ညကလည်း မူဆယ်ရဲစခန်းနား ဗုံးပေါက်တာက ပြည်သူ့စစ် ၁ ဦးသေပါတယ်။ မူဆယ်မှာ အခု ရှုပ်ထွေးနေတယ်။ လောင်းကစားရုံတွေ ဗုံးကွဲတယ်၊ လောင်းကစားကုမ္ပဏီတွေ ဝင်ဖမ်းတာတွေဖြစ်တယ်။ အတော်ရှုပ်ထွေးနေတယ်” ဟု မူဆယ်မြို့ခံတစ်ဦးက ပြောဆိုသည်။khit thit

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက် မြွေဆိပ်ဖြေဆေး ၇၅ လုံးစာ လှူဒါန်း

အရေးပေါ်မြွေဆိပ်ဖြေဆေး အလုံး ၃၀ အလှူခံခဲ့တဲ့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂ ရက်အတွင်း ဒေသအစုံက ပြည်သူတွေ က မြွေဆိပ်ဖြေဆေး ၇၅ လုံးစာ အလှူငွေ လှူဒါန်းပေးခဲ့ကြတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ် ၁ ရက် ညနေက ထုတ်ပြန်ကြေညာပါတယ်။

“အရေးပေါ်မြွေဆိပ်ပြေထိုးဆေး ၃၀ လုံးသာ အကူအညီတောင်းခံထားခဲ့‌ပေမဲ့ ‘တော်လှန်ပြည်သူ ထောက်ပို့ရဲဘော်’ တွေရဲ့ အားတက်သရော ပါဝင်ထောက်ပို့မှုကြောင့် အလုံးရေ ၇၅ လုံးစာ၊ ငွေအားဖြင့် ကျပ် ၂,၆၅၂,၅၀ဝိ တိတိ လက်ခံရရှိခဲ့ပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ရဲဘော်တွေအတွက် အသင့်ဆောင်ထားဖို့ အရေးပေါ် မြွေဆိပ်‌ပြေဆေး လှူဒါန်းပေးဖို့ ဇူလိုင် ၃၁ ရက်က အကူအညီ တောင်းခံခဲ့တာ ဖြစ်ပါတယ်။

မြွေဆိပ်ဖြေဆေး အလုံး ၃၀ စာ၊ တလုံးချင်းတန်ဖိုး ၃၅,၀၀၀ ကျပ်နဲ့ မျှော်မှန်းပမာဏ ၃၀ လုံးစာအတွက် တန်ဖိုးငွေကျပ် ၁,၀၅၀,၀၀၀ ကို လှူဒါန်းပေးဖို့ ပြည်သူတွေဆီ အကူအညီတောင်းခံခဲ့တာပါ။

မြွေကိုက်ခံရပါက မြွေဆိပ်ဖြေဆေး ၅ လုံးကနေ ၁၀ လုံးကြား ထိုးရတတ်ပြီး တခါတလေ ၂ လုံး၊ ၃ လုံးသာ ထိုးရတတ်တယ်လို့ သိရပါတယ်။

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက “နေရာဒေသအစုံက ထောက်ပို့ပြည်သူ ၂၆ ယောက်က အဓိက လှူဒါန်းပေးကြတာပါ။ ဒီအချိန်က ပြည်သူလည်း ပင်ပန်းတော့ ငါတို့ အနည်းဆုံးအရေအတွက်ပဲ အလှူခံမယ်ပေါ့နော်။ ကျနော်တို့ အလုံး ၃၀ စာ အလှူခံထားတာတောင် များသွားမလား ဆိုပြီးတော့ စိုးရိမ်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ပြည်သူတွေက ပါဝင်ထောက်ပို့ကြတယ်။ အလုံးရေပြည့်သွားပါပြီ ပြောတာတောင်မှ လှူမယ်ပေါ့နော်။ နောက်လိုတဲ့ဟာသုံး ဆိုပြီးတော့ လာလှူကြတာ ရှိပါတယ်။ အဲ့အတွက် အများကြီးဝမ်းသာပါတယ်” လို့ ပြောပါတယ်။

အရာတော်မြို့နယ်ဟာ စပါးစိုက်ပျိုးတဲ့မြို့နယ်ဖြစ်ပြီး အရာတော်မြို့နယ် မြောက်ခြမ်းဟာ မြစ်နဲ့ထိစပ်နေတာကြောင့် မြွေပိုမိုပေါများကာ သဲမြွေပွေး၊ မျက်လျှော၊ မြွေစိမ်းခေါင်းပြား၊ မြွေဟောက်၊ ငန်း စတဲ့မြွေတွေ ပေါများပါတယ်။

စစ်ကောင်စီတပ်ဟာ ညဘက်မှာ စစ်ကြောင်းထိုးလာပါက ပြည်သူတွေအနေနဲ့ ညဘက် တောထဲကို ထွက်ပြေးတိမ်းရှောင်ကြရပြီး ခြုံထူတဲ့ အညာတောတွေမှာ ပြောက်ကျားလှုပ်ရှားနေတဲ့ ရဲဘော်တွေအတွက် အရေးပေါ် မြွေဆိပ်ဖြေဆေးတွေ အသင့်ဆောင်ထားနိုင်ဖို့ မြွေဆိပ်ဖြေဆေး အလှူခံခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ မျှော်မှန်းတာထက် ပိုမိုရရှိတဲ့အ တွက် ကျနော်တို့ တကယ်လို့ ဝယ်ယူရရှိပြီးခဲ့လို့ရှိရင် ရဲဘော်တွေတင်မကဘဲ ပြည်သူတွေအတွက်ပါ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ထိစပ်မြို့နယ်တွေက အကူအညီလာတောင်းတဲ့ အခါမျိုးမှာလည်း ကျနော်တို့ ကူညီနိုင်အောင် ကြိုးစားသွားပါ့မယ်။ ပြီးလို့ရှိရင် ဒီလို ဝိုင်းဝန်းထောက်ပို့ကြတဲ့အတွက်လည်း အများကြီး ဝမ်းသာမိပါတယ်ခင်ဗျ။ နောက် လိုအပ်လာလို့ရှိရင်လည်း ကူညီထောက်ပို့ကြဖို့ အကူအညီတောင်းချင်ပါတယ်” လို့ ပြောပါတယ်။

ပါဝင်ထောက်ပို့လှူဒါန်းခဲ့ကြတဲ့ တော်လှန်ပြည်သူတယောက်ချင်းစီကို အရာတော်မြို့နယ် တော်လှန်ရေးရဲဘော်‌တွေအားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိအပ်ပါတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ် ၁ ရက် ညနေက ထုတ်ပြန်ကြေညာပါတယ်။ DVB

မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ တပ်သား ၁၀ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်းသွား မုံရွာခရိုင်တပ်ရင်း (၂)၊ (၃)၊ (၄)Chindwin Attack Force မှ ယမန်နေ့ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“ကျနော်တို့ မိုင်းဆွဲတဲ့နေရာက အရမ်းနီးတဲ့အတွက် ကျနော်တို့ရဲ့အသက်အတွက် ဆိုင်ကယ်ငါးစီးကို လက်လွှတ်ခဲ့ရပါတယ် မျက်မြင်သက်သေတွေပြောတာတော့ အလောင်းတွေကားပေါ်တင် မိုးကားအုပ်ပြီး မောင်းသွားကြတယ်လို့သိရတယ်” ဟု Chindwin Attack Force တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၃၀ မိနစ်တွင် သာစည်ကျေးရွာမှ မုံရွာမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့များလိုက်ပါလာသည့် ကားသုံးစီးအပါအဝင် ခြေလျင်ဖြင့်ဖြန့်ကျက်လာသော စစ်ကောင်စီအင်အား ၁၀၀ ခန့်အား ကံပြားရွာနှင့်တဲကြီးကုန်းရွာအကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။

မုံရွာခရိုင်တပ်ရင်း (၂)၊ (၃)၊ (၄) အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၏ သတင်းပေးချက်အရ တပ်ရင်း (၄) တပ်ခွဲ (၂) ခွေးသတ်မုဆိုး PDF က စောင့်ကြိုပြီး ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခဲ့ရာ အတုံးအရုံးလဲကျ ၍ ထိခိုက်မှုများပြားကြောင်း ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့ကလည်း မုံရွာခရိုင်တပ်ရင်း (၂)၊ (၃)၊ (၄)Chindwin Attack Force အထူးကွန်မန်ဒို တပ်ဖွဲ့ Monywa the Boys ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Aung San Force (ASF) တပ်ရင်း (၅)နှင့် နယ်မြေဒေသခံများပူးပေါင်းပြီး မုံရွာမြို့နယ် ဘောဂကျွန်းရွာနှင့် တောကျောင်းရွာသို့ တပ်ကူလာ သော စစ်ကောင်စီတပ်ဖွဲ့အားကြားဖြတ်၍ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အကျအဆုံးရှိနိုင်ပြီး တပ်ပေါင်းစုဘက်မှ အထိအခိုက်မရှိကြောင်း သိရသည်။ mizzima

« Older Entries