မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ တပ်သား ၁၀ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်းသွား မုံရွာခရိုင်တပ်ရင်း (၂)၊ (၃)၊ (၄)Chindwin Attack Force မှ ယမန်နေ့ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“ကျနော်တို့ မိုင်းဆွဲတဲ့နေရာက အရမ်းနီးတဲ့အတွက် ကျနော်တို့ရဲ့အသက်အတွက် ဆိုင်ကယ်ငါးစီးကို လက်လွှတ်ခဲ့ရပါတယ် မျက်မြင်သက်သေတွေပြောတာတော့ အလောင်းတွေကားပေါ်တင် မိုးကားအုပ်ပြီး မောင်းသွားကြတယ်လို့သိရတယ်” ဟု Chindwin Attack Force တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၃၀ မိနစ်တွင် သာစည်ကျေးရွာမှ မုံရွာမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့များလိုက်ပါလာသည့် ကားသုံးစီးအပါအဝင် ခြေလျင်ဖြင့်ဖြန့်ကျက်လာသော စစ်ကောင်စီအင်အား ၁၀၀ ခန့်အား ကံပြားရွာနှင့်တဲကြီးကုန်းရွာအကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။
မုံရွာခရိုင်တပ်ရင်း (၂)၊ (၃)၊ (၄) အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၏ သတင်းပေးချက်အရ တပ်ရင်း (၄) တပ်ခွဲ (၂) ခွေးသတ်မုဆိုး PDF က စောင့်ကြိုပြီး ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခဲ့ရာ အတုံးအရုံးလဲကျ ၍ ထိခိုက်မှုများပြားကြောင်း ဖော်ပြထားသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၃၀ ရက်နေ့ကလည်း မုံရွာခရိုင်တပ်ရင်း (၂)၊ (၃)၊ (၄)Chindwin Attack Force အထူးကွန်မန်ဒို တပ်ဖွဲ့ Monywa the Boys ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Aung San Force (ASF) တပ်ရင်း (၅)နှင့် နယ်မြေဒေသခံများပူးပေါင်းပြီး မုံရွာမြို့နယ် ဘောဂကျွန်းရွာနှင့် တောကျောင်းရွာသို့ တပ်ကူလာ သော စစ်ကောင်စီတပ်ဖွဲ့အားကြားဖြတ်၍ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အကျအဆုံးရှိနိုင်ပြီး တပ်ပေါင်းစုဘက်မှ အထိအခိုက်မရှိကြောင်း သိရသည်။ mizzima